ပြီးခဲ့တဲ့ လထဲမှာ ရန်ကုန်မြို့သစ် စီမံကိန်းသတင်းနဲ့အတူ စီမံကိန်းဧရိယာက လယ်မြေတွေ ၁ ဧက ငွေကျပ်သိန်းထောင်ချီနဲ့ ဧကပေါင်းမြောက်များစွာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ အခုတော့ ဒီစီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီလို့ စက်တင်ဘာလ ၂၆ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ မြို့တော်ဝန်က ကြေညာလိုက်ပါပြီ။
အခုလို မကြေညာခင် ရက်ပိုင်းတွေ အတွင်းမှာတော့ ပြည်တွင်းငွေလဲနှုန်းတွေမြင့်တက်ပြီး ဒေါ်လာတန်ဖိုးတွေတက်ခဲ့မှု၊ ရွှေအဝယ်လိုက်လာ ပြီး ရွှေဈေးတက်ခဲ့တာတွေ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက ဒေါ်လာဈေးတွေတက်လာခဲ့လိုက်တာဟာ ၁ ဒေါ်လာကိုကျပ် ၉၉၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ ရွှေကလည်း ဝယ်အားတက်နေခဲ့တာ ၁ ပတ်ကျော် ၁၀ ရက်ဝန်းကျင်ရှိနေပြီလို့ ရန်ကုန်၊ မန္တလေးက ရွှေလုပ်ငန်းရှင်တွေ ဆီကနေ သိရပါတယ်။ သေချာတာကတော့ ဒီရက်တွေအတွင်းမှာ ဒေါ်လာရော ရွှေရော အဝယ်လိုက်နေခဲ့တယ် ဆိုတာပါပဲ။
ဒီလို ရွှေနဲ့ ဒေါ်လာဈေးတွေ ရုတ်တရက် အဝယ်လိုက် မြင့်တက်ခဲ့မှုအပေါ်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ ပညာရှင်တွေက အဖြေရှာကြပါတယ်။
ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ရွှေဈေးကျနေပြီး အမေရိကန်ဒေါ်လာဈေးက တက်နေပါတယ်။ ဒီအချက်နဲ့ ချိတ်ဆက် တွက်ချက်ရင် မြန်မာလည်း ဒေါ်လာဈေးလိုက်တက်သလို ရွှေဈေးကျရမှာပါ။ ဒါကြောင့် မြန်မာ့ဈေးကွက်အတွင်း ရွှေရော ဒေါ်လာရောပါ တက်ရခြင်းဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ရိုက်ခတ်မှုကို အခြေခံတဲ့ပုံ မပေါက်ပါ။
တချို့ကတော့ ပြည်တွင်းစီးပွားရေး နဲ့ ကမ္ဘာ့ဈေးကွက်အခြေအနေကို ပေါင်းပြီး သွင်းကုန်တန်ဖိုး များပြားမှုအပေါ် ပေးသွင်းဖို့ ဒေါ်လာလိုအပ်ချက်ဖြစ်လာတာက တကြောင်း၊ ကမ္ဘာ့ဈေးကွက်မှာ ဒေါ်လာတန်ဖိုး မြင့်လာခြင်းက တကြောင်း၊ ဒါတွေကြောင့် ဒေါ်လာနဲ့ ကျပ်ငွေ လဲလှယ်နှုန်း မြင့်လာတယ်လို့ ဆိုကြပါတယ်။
ဒီယူဆချက်က ဒေါ်လာဈေး မြင့်တက်မှုအကြောင်းသာ ရှင်းပြနိုင်ပြီး ရွှေဈေးအကြောင်း မရှင်းပြနိုင်သလို သွင်းကုန် ပို့ကုန်ကွာဟချက်ကလည်း ဖြစ်နေခဲ့တာ ကြာပြီမို့ အခုလို ဈေးတွေ ရုတ်တရက် ခုန်တက်သွားခြင်းနဲ့ပတ်သက်ပြီး လုံလောက်ပြီး စိတ်ကျေနပ်ဖွယ်ရာ အကြောင်းပြချက် မဖြစ်ခဲ့ပါဘူး။
ဒါ့ကြောင့် ပြည်တွင်းစီးပွားရေးကို စောင့်ကြည့်လေ့လာသူ တချို့က မြေဈေးနှုန်း ကစားမှုတွေနဲ့ ဆက်စပ် ပေါ်လာတဲ့ ငွေတွေ ဒေါ်လာနဲ့ ရွှေကို ဝင် ဝယ်တာ ဖြစ်နိုင်တယ်လို့ သံသယရှိကြပါတယ်။
စီးပွားရေး အသိုင်းအဝိုင်းရဲ့အဆိုအရ ရန်ကုန်မြို့သစ်စီမံကိန်း ကန့်ကွက်သံတွေနဲ့အတူ မြေတွေကို ပြန်လည်ရောင်းထုတ်ကြတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။ စီမံကိန်း စမယ်လို့ တရားဝင် မကြေညာမီ ဝယ်ယူထားတဲ့ မြေတွေကို စီမံကိန်းကို ရပ်ဆိုင်းပြီလို့ တရားဝင် မကြေညာခင် ရက်တွေမှာ ပြန်ရောင်းထုတ်ခဲ့ကြတယ်။ ဒီလို မြေအရောင်းအဝယ်တွေက ရလာတဲ့ ငွေတွေဟာ ဒေါ်လာနဲ့ ရွှေဆီကို ဦ်းတည်ဖို့ိုပဲ ရှိလာတယ်လို့ ဆိုကြပါတယ်။
စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက “ဈေးကွက်စီးပွားရေးရဲ့ သဘောက ဈေးကွက်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ တပြေးညီဖြစ်ရမှာလေ။ အခုဟာ သိတဲ့သူက ကြိုသိ၊ ဦးအောင် ကြိုဝယ် ထားလိုက်တာမျိုး၊ မလုပ်တော့ဘူးဆိုတော့လည်း ဦးအောင်သိပြီး ကြိုတင်ထုတ်ရောင်းလိုက်တာမျိုး ပုံစံပေါ့။ ဈေးကွက်သတင်း အချက်အလက်က တပြေးညီ မရဘူးဆိုတဲ့ အပိုင်းတွေ ဖြစ်တာပေါ့” လို့ ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ Farmer Auto Car Showroom ပိုင်ရှင် ဒေါက်တာစိုးထွန်းကလည်း “မြေကို ကစားတဲ့အခါ ဒီငွေပြန်ထွက်လာတော့ ဘဏ်မှာ ငွေထားတာထက် ရွှေနဲ့ငွေကို ကစားတာ ဖြစ်နိုင်ပါတယ်” လို့ ဆိုပါတယ်။
ဒီနေရာမှာ ဘဏ်တွေဆီ ဘာကြောင့်မအပ်တော့တာလဲ ဆိုတဲ့ မေးခွန်းပေါ်ထွက်လာပါတယ်။ လတ်တလော ဘဏ်တွေက အပ်နှံငွေ အတိုးနှုန်း အပြိုင်ပေးပြီး ဆွယ်နေကြတယ် မဟုတ်လား။ ဒါပေမယ့် ဘဏ်တွေမှာ ပမာဏများတဲ့ သံသယဖြစ်ဖွယ် ငွေအပ်နှံမှု၊ ငွေလွှဲပြောင်းမှုတွေကို စောင့်ကြည့်စစ်ဆေးနေပြီလို့ မကြာသေးတဲ့ကာလကပဲ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ကနေ ပြောဆိုခဲ့တာ ရှိထားပါတယ်။ ဒီလို ငွေကြေးခဝါချမှုနဲ့ အချိန်တိုအတွင်း အမြတ်ရယူလိုမှုကို ထိန်းချုပ်လာတဲ့ ဘဏ်တွေကို လက်ကြီးသမားတွေက ရှောင်လာကြပုံပါပဲ။
မြန်မာနိုင်ငံမှာ ငွေကို ကိုင်မထား၊ ဘဏ်မှာမအပ်ပဲ အမြတ်များပြီး ငွေအပေါ်မြန်တဲ့ ရင်းနှ်ီ်းမြှုပ်နှံမှုက အရင်ကဆိုရင် ကား၊ ရွှေ၊ ဒေါ်လာနဲ့ အိမ်ခြံမြေပါ။ ခုချိန်မှာ ကားက ခေတ်ကုန်သွားတဲ့အနေအထား၊ ဒေါ်လာနဲ့ ငွေကြေးဈေးကွက်ကလည်း အရင်လို အတက်အကျ မကြမ်းတော့တာမို့ အိမ်ခြံမြေမှာ ပိုပြီး ဝင်ကစားနေကြပါတယ်။
Parami Energy Groupရဲ့ အကြံပေး ဦးတင်ချိုက “မြေထုတ်ရောင်းကြတဲ့ ဟာတွေကလည်း ဒေါ်လာဈေးတက်မှုအပေါ် ရိုက်ခက်မှုရှိပါတယ်။ ဒီမှာ မြေကို အကြောင်းပြုပြီး ဈေးကွက်ကို ကစားတာက ကောင်းတဲ့အလားအလာ မဟုတ်ဘူး။ ဒါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို သိသိသာသာ အဟန့်အတား ဖြစ်စေတာပဲ။ နယူးယောက်ထက်တောင် ရုံးခန်းငှားရန်းခက ဈေးကြီးနေတယ်”လို့ ဆိုပါတယ်။
အစိုးရက အိမ်ခြံမြေး ဈေးတွေကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အနေနဲ့ အိမ်ခြံမြေ ရောင်းသူ ဝယ်သူ နှစ်ဖက်စလုံးအပေါ်မှာ အခွန်စည်းကြပ်မှုတွေ တင်းကြပ်စွာလုပ်တော့မယ့်အကြောင်း၊ ဝင်ငွေရလမ်းကို စိစစ်မှု ခံယူရမယ့် အကြောင်းနဲ့ ကာလတန်ဖိုး စိစစ်သတ်မှတ်မှု ခံယူရမယ်ဆိုတဲ့ ကြေညာချက်ကို အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးအဖွဲ့က မကြာသေးခင်က နိုင်ငံပိုင် သတင်းစာတွေကနေ ထုတ်ပြန်ထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဒေါ်လာဈေးက အပြင်ပေါက်ဈေး ၁ ဒေါ်လာ ကျပ် ၁ ထောင်နီးပါးအထိ ပေါက်ခဲ့တဲ့အခြေအနေပါ။ ဗဟိုဘဏ်ရဲ့ ငွေလှဲနှုန်းသတ်မှတ်ချက် ၁ ဒေါ်လာ ကျပ် ၉၉၀ ကျော်အထိ ဖြစ်ခဲ့ပါတယ်။ ငွေလဲနှုန်းတွေ အရမ်းမြင့်လာရင် ထိန်းလေ့ရှိတဲ့ ဗဟိုဘဏ်က အခုလို ၁ ဒေါ်လာ ကျပ် ၉၉၀ ကျော် ရောက်လာတဲ့ အခြေအနေထိ ပြန်လည် ထိန်းချုပ်ခြင်း မရှိသေးတာကလည်း မေးခွန်းမေးစရာပါလို့ ပြောဆိုလာနေကြပါတယ်။