သီလဝါ အထူးစီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန်အတွက် နိုင်ငံတကာမှ ကုမ္ပဏီ ၂၁ ခု လက်မှတ်ထိုးထားပြီး ဖြစ်ကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန် အကောင်အထည် စတင်ဖော်ချိန်မှ စ၍ လုပ်ငန်းလာရောက် လုပ်ကိုင်လိုကြောင်း တင်ပြ သဘော တူ ညီမှု ယူခဲ့သည့် ကုမ္ပဏီပေါင်းမှာ ၅၁ ခုရှိခဲ့ပြီး ယနေ့အထိ ကုမ္ပဏီ ၂၁ ခုက လုပ်ကိုင်ရန် အတည်ပြု လက်မှတ်ထိုးခဲ့ခြင်းဖြစ်ကြောင်း သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုတွင် ပါဝင်သည့် MTSH အများပိုင်ကုမ္ပဏီ ဥက္ကဌ ဦးဝင်းအောင်က ပြော သည်။
MTSH အများပိုင်ကုမ္ပဏီက ယခုနှစ် ဖေဖော်ဝါရီလအတွင်း မီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပြီး လာရောက်လုပ်ကိုင်လိုသည့် ကုမ္ပဏီ များကလည်း ထိုအချိန်မှစ၍ ဝင်ရောက်ရန် ခြေလှမ်းပြင်ခဲ့ကြခြင်းဖြစ်သည်။
MTSH နှင့် လက်မှတ်ထိုးခဲ့သော အဆိုပါ ကုမ္ပဏီ ၂၁ ခုတွင် ဂျပန်နိုင်ငံမှ ၉ ခုပါဝင်၍ အများဆုံးဖြစ်ကြောင်း ထိုင်ဝမ်၊ ထိုင်း၊ တရုတ်၊ ဆွီဒင်၊ ဟောင်ကောင်၊ သြစတြေးလျ နိုင်ငံများ ပါဝင်ကြောင်း၊ ထိုစာရင်းတွင် အမေရိကန် ကုမ္ပဏီ တခုနှင့် မြန်မာကုမ္ပဏီ တခု လည်း ပါဝင်ကြောင်း သိရသည်။
ကုမ္ပဏီများစတင် တည်ဆောက်နေမှု အခြေအနေနှင့်ပတ်သက်၍ ဦးဝင်းအောင်က“အချို့စက်ရုံတွေက ၂၀၁၅ ခု နှစ်လယ် လောက် မှာ ထုတ်လုပ်နိုင်တဲ့ အဆင့်ရောက်လိမ့်မယ်”ဟု ပြောသည်။
လက်မှတ်ထိုးပြီး ကုမ္ပဏီ ၂၁ခုတွင် ကုမ္ပဏီ ၁၉ခုမှာ သီလဝါ စီမံကိန်းအတွင်းရှိ မြေဧရိယာ ၅၄ ဟက်တာကျော် အတွက် ဖြစ်ကြောင်း သိရပြီး ထပ်တိုးသည့် ကုမ္ပဏီ ၂ခုအတွက် ဧရိယာကို မသိရှိရသေးပေ။
လာရောက် ရင်းနှီးမြှုပ်နှံသည့် စက်ရုံများတွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့်ပတ်သက်သည့် ပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံများ၊ စတီးပိုက်စက်ရုံများ၊ သစ်နှင့်ပတ်သက်သည့် စက်ရုံများ၊ အလူမီနီယံစက်ရုံများ ပါဝင်ကြောင်း၊ ဆွီဒင်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံသည်မှာ အထည်ချုပ်စက်ရုံဖြစ်ပြီး အမေရိကန်က အချိုရည်ဘူးထုတ်သည့် စက်ရုံဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီများအနေဖြင့် သီလဝါ စီးပွားရေးဇုန် မြေများကို လက်ရှိအချိန်တွင် အထူးစီးပွားရေးဇုန် ဥပဒေပါအတိုင်း နှစ် ၅၀ ငှားရမ်း လုပ်ကိုင်ခွင့်နှင့် ထပ်တိုးအဖြစ် ၁၀ နှစ်စီ နှစ်ကြိမ်တိုး၍ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှုကို မြန်မာ-ဂျပန် ၂နိုင်ငံပူးပေါင်း၍ ဖက်စပ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြန်မာ ဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်းကို အများပိုင် ကုမ္မဏီ ၉ ခု စုပေါင်း ဖွဲ့စည်းထားသော MTSH (Myanmar Thilawa SEZ Holdings Public Limited)မှ ၄၁ ရာခိုင်နှုန်းနှင့် သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီက ၁၀ ရာခိုင်နှုန်း ထည့်ဝင်မည် ဖြစ် သည်။
ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းကို ဆူမီတိုမို ကုမ္ပဏီ၊ မစ်ဆူဘီရှီ ကုမ္ပဏီနှင့် မာရူဘီနီ ကုမ္ပဏီတို့ ပူးပေါင်း ဖွဲ့စည်းထားသော MMS Thilawa Development Co.lt မှ ၃၉ ရာခိုင်နှုန်းနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ၁၀ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။