နိုင်ငံခြားဖြစ် ဝိုင်များ ပြည်တွင်းသို့ တင်သွင်းမှုနှင့် ပတ်သက်ပြီး စနစ်သစ်ဖြင့် ကြပ်မတ် စိစစ်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန(စီးပွား/ကူးသန်း)က ပြောသည်။
ယခင်က တရားမဝင်လမ်းကြောင်းများမှ ဝင်ရောက်နေမှုကြောင့် အခွန်ရရှိမှု နည်းခြင်း၊ အတုအပများလာခြင်း စသည်တို့ပပျောက် ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စီးပွား/ကူးသန်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ဝိုင်ပုလင်းများတွင် ကပ်မည့် အခွန်စီးတံဆိပ်များအတွက်လည်း လုံခြုံရေးစနစ် အဆင့်မြင့် နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခင်ရှိရင်းစွဲ စီးတံဆိပ်များမှာ အလွယ်တကူခွာယူနိုင်ခြင်း၊ တုပလုပ်ဆောင်နိုင်ခြင်း တို့ကြောင့်ဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။
“အခွန်နှုန်း အပြောင်းအလဲကတော့ ပြည်တွင်းအခွန်ကပဲ လုပ်ဆောင်မှာပါ။ စီးတံဆိပ်က ခွာလို့မလွယ်အောင် နောက် ခွာရင်လည်း သိသာတဲ့ပုံစံမျိုး ဖြစ်အောင် လုပ်ဆောင်နေတယ်။ ဒါတွေပြီးမှ တရားမဝင်တွေကိုရှင်းပြီး တရားဝင်စခွင့်ပြုမယ်”ဟု ဦးမင်းမင်းက ပြော ဆိုသည်။
တရားမဝင်ရောက်ရှိနေသည့် နိုင်ငံခြားဖြစ် ဝိုင်များကိုလည်း တရားဝင်ဖြစ်စေရန် စီစဉ်ထားကြောင်း သိရသည်။
“ဝိုင်တင်သွင်းမှုကနေစပြီး ပြောင်းလဲတင်သွင်းနိုင်အောင် လုပ်နေတယ်။ ဝိုင်တင်သွင်းမှုမှာ တင်သွင်းခွင့်ပြုမယ့် နှုန်းတွေကို လေ့ လာ နေတယ်။ ဌာနဆိုင်ရာတွေနဲ့ ညှိနေတယ်။ ဘယ်လိုခွင့်ပြုမလဲဆိုတော့ တရားမဝင်ရောက်နေတာတွေ ရှိတယ်။ အဲဒါတွေကို စပြီး လုပ်မယ်။ စီးတံဆိပ်ကောင်းကပ်ပြီး တရားဝင်အရင်လုပ်မယ်။ အဲဒါကိုကာလတခု သတ်မှတ်ပြီးလုပ်မယ်”ဟုလည်း ဦးမင်းမင်းက ပြောပြသည်။
လက်ရှိ တရားမဝင်ဝိုင်များကို လုံခြုံရေးအဆင့်မြှင့်ထားသည့် အခွန်စီးတံဆိပ်များကပ်ပေးခြင်း၊ အခွန်ကောက်ခြင်း စသည်တို့ကို သတ်မှတ်ကာလ အတွင်း ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ သတ်မှတ်ကာလ ကျော်လွန်ပါက အရေးယူသွားမည် ဖြစ်ကြောင်း သိရ သည်။
“သတ်မှတ်ကာလအတွင်းမှာ တင်သွင်းသူက ဘယ်ဝိုင်တင်လာသလဲ၊ ရှိသလဲဆိုတာ ကြေညာရမယ်။ အဲဒါတွေကို အခွန် ကောက် မယ်။ လက်ကျန်ရှင်း ထုတ်မယ်။ အဲဒီလိုလုပ်တာကို ကာလတခုအနေနဲ့ သတ်မှတ်မယ်။ အဲဒီကာလပြီး နောက်နေ့မှာ တရားဝင်ခွင့်ပြုတာတွေ စလုပ်မယ်။ သတ်မှတ်ကာလ တရားဝင်လုပ်ပေးတာမှာ မလုပ်ဘူးဆိုရင်တော့ ကျနော်တို့တွေက သတ်မှတ်ကာလကျော်ရင် တည်ဆဲဥပဒေအရ အရေးယူမယ်”ဟု ဦးမင်းမင်းက ပြောသည်။
ပြည်တွင်းတွင် ဝင်ရောက်နေသည့် တရားမဝင် ဝိုင်အမျိုးအစားများမှာ တံဆိပ် ၁၀ ခုခန့် ရှိနေကြောင်း သိရသည်။
“ဝင်တာက ပြင်သစ်ကဝင်တာများတယ်။ နောက်ဒီမှာ တံဆိပ်ကပ်ပြီး အရောတွေလည်း ရှိနေတယ်။ ဒါတွေက တရားဝင်လုပ်ပေး ရင် တဖြည်းဖြည်း ပျောက်သွားမှာပါ။ ဘာကြောင့်ဆို တကယ့် လုံခြုံရေး အဆင့်မြှင့်မထားရင် တုဖို့လွယ်တယ်။ နောက် တကယ့် တရားဝင် တင်သွင်းသူကိုယ်တိုင်ကလည်း သူတို့ပစ္စည်းအတွက် အတုအပလုပ်လာရင် သူတို့က စစ်ဆေးတဲ့သူကို ကူညီပေးနိုင် လာမယ်”ဟု ဦးမင်းမင်းက ပြောသည်။
လုံခြုံရေးစနစ် အဆင့်မြှင့်နိုင်ရန်အတွက် ပြည်ပမှကုမ္ပဏီ ၂ခုကို တင်ဒါစနစ်ဖြင့် ရွေးချယ်လုပ်ဆောင်နေကြောင်း၊ အဆိုပါ ကုမ္ပဏီ များမှ လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များကို တင်ပြနေသည့် အဆင့်ရောက်ရှိနေပြီး ရွေးချယ်ရမည့် အပိုင်းကို လုပ်ဆောင်ရန် စီစဉ်နေကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
“ဒီကြားထဲ သွင်းလို့ရအောင်လည်း အခုကျနော်တို့ဆီမှာရှိတဲ့ အခွန်စီးတံဆိပ်ကို သုံးနိုင်အောင် စီစဉ်ထားပါတယ်။ ဒီဟာကို လည်း နဂိုက ထပ်လုံခြုံရေးတိုးမြှင့် ထားပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ဧရာဝတီသို့ ပြောသည်။
ရွေးချယ်မည့် နေ့ရက်နှင့် စတင်လုပ်ဆောင်မည့် ကဏ္ဍများ၊ ကုမ္ပဏီအမည်များကိုမူ လုပ်ငန်းလုပ်ဆောင်နေစဉ် ဖြစ်သောကြောင့် တရားဝင် ထုတ်ဖော်ပြောရန် ၎င်းက ငြင်းဆိုသည်။
စီစဉ်ဆောင်ရွက်နေသည့် စနစ်သစ်ဖြင့် တရားဝင် ဝိုင်တင်သွင်းမှုတွင် အခွန်ကောက်ခံမှုကို ပြောင်းလဲကောက်ခံရန် အစီစဉ်မရှိဘဲ မူလ ထုတ်ပြန်ထားသည့် အခွန် အတိုင်းသာကောက်ခံသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
“၂၀၁၄ ဧပြီ ၁ ရက်နေ့က သက်ရောက်တဲ့ အခွန်ဥပဒေဆိုတော့ ဒါကအခုထိ အကျုံးဝင်ပါတယ်။ ၅၀ ရာခိုင်နှုန်း ကောက်ပါတယ်။ ရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ကောက်ပါတယ်။ အဲဒီအတိုင်း မပြောင်းလဲဘဲ ကောက်မှာပါ”ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန တာဝန် ရှိသူက ပြောသည်။
တရားဝင် တင်သွင်းခွင့်ပြုမည် ဆိုပါက တင်သွင်းမည့်ဝိုင်ကို နိုင်ငံတကာအသိမှတ်ပြု လက်မှတ်များဖြင့် အသိအမှတ်ပြု ထောက်ခံ ချက်များ ရယူပေးရမည် ဖြစ်ကြောင်း၊ သို့မှသာ တရားဝင် စစ်မှန်သောဝိုင်များကို တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကန့်သတ်တာတော့ မရှိဘူး။ ကုမ္ပဏီတခုက တင်သွင်းမယ့်ဝိုင်က ထုတ်တဲ့နိုင်ငံကနေ အသိမှတ်ပြုလက်မှတ် ရရမယ်။ FDAကို စစ်ဆေးဖို့ ပို့ရမယ်။ အဲဒီကနေ စစ်ချက်တွေထွက်လာမှ ရမယ်”ဟု ဦးမင်းမင်းက ပြောသည်။
တရားဝင်လျှောက်ခွင့် လိုင်စင်ကိုလည်း လူတိုင်းကိုပေးသွားမည် မဟုတ်ဘဲ တည်ဆဲ ယစ်မျိုးလိုင်စင်များတွင် သိုလှောင်နှင့်ဖြန့်ဖြူး လိုင်စင် ရှိသူကိုသာပေးမည် ဖြစ်ကြောင်း သိရသည်။
“တရားဝင်ကျတော့ လူတိုင်းတော့ လျှောက်လို့မရဘူး။ သက်ဆိုင်ရာ ယစ်မျိုးလိုင်စင် ရှိရမယ်။ ဒါကို စီးပွားကူးသန်းမှာ လာပြရမယ်။ ဒါကို အသိမှတ်ပြုလက်မှတ်တခု ထုတ်ပေးမယ်။ အဲဒါ ထုတ်ပေးတာနဲ့ တရားဝင်တင်သွင်းနိုင်မယ်။ ၁နှစ်ပြီး ၁နှစ် သက်တမ်းတိုး ပေး မယ်။ အသေးစိတ်ကတော့ ဆွေးနွေးနေတုန်းပါ”ဟု ဦးမင်းမင်းက ပြောသည်။
ရန်ကုန်မြို့မှ အရက်၊ ဝိုင်၊ ဘီယာ တင်သွင်းရောင်းချသူ ကိုဇော်နိုင်က“ဒါက တကယ်လုပ်နိုင်သူလောက် ငွေကြေးတတ်နိုင်သူ လောက် ပဲ လုပ်နိုင်တော့မယ်။ ဒီဟာက တရားဝင်မဖြစ်သေးတော့ ပြောရခက်တယ်။ နိုင်ငံတကာမှာလည်း တင်သွင်းခွင့်ရသူတွေက တော်တော်လေး စည်းကမ်း လိုက်နာရတာ မှန်တယ်။ ဒါပေမယ့်သူတို့မှာက စည်းမျဉ်းက တမျိုးတည်း အခုဒီမှာက ဌာနတခုတမျိုး၊ ဘယ်လိုတွေ ဖြစ်လာမလဲတော့ မသိဘူး”ဟု ပြောဆိုသည်။
စီးပွားရေး/ကူးသန်း ၏ Mobile Team မိုဘိုင်းစစ်ဆေးရေးအဖွဲ့က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ အတွင်း ထောင်နှင့်ချီသည့် ဝိုင်ပုလင်း များကို ရှာဖွေ သိမ်းဆည်းမှုများ လုပ်ဆောင်ခဲ့သေးသည်။