စီးပွားရေး

ထားဝယ် အထူးစီးပွားရေးဇုန်ကို ဘယ်လို အကောင်အထည် ဖော်နိုင်မလဲ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် လာရောက်မည့် ကိစ္စနှင့်ပတ်သက်၍ တဆက်တည်း မီဒီယာများတွင် ဖော်ပြလာကြသည့် သတင်းမှာ ထားဝယ် အထူးစီးပွားရေးဇုန်ကို ဘယ်လိုအကောင်အထည် ဖော်မလဲ၊ ဘယ်သူတာဝန်ယူမလဲ၊ ဘယ်တော့ အကောင်အထည်ဖော်မလဲ ဆိုတာတွေပဲ ဖြစ်ပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် (SEZ) စီမံ ကိန်းရဲ့ အဓိက စီမံကိန်းပိုင်ရှင်မှာ မြန်မာအစိုးရ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံရဲ့ မြေပေါ်မှာ စီမံကိန်းရဲ့ အဓိက အစိတ်အပိုင်းများကို ဆောက်လုပ် အကောင်အထည်ဖော်ရမှာ ဖြစ်လို့ပါ။ ထားဝယ် SEZ ကို အဓိက ရင်းနှီးမြှုပ်နှံမှု လုပ်ပေး နိုင်တာကတော့ ဂျပန်နဲ့ တရုတ်ပဲ ရှိပါတယ်။ အနောက်နိုင်ငံများက ဒီလောက်ကြီးမားတဲ့ ရင်းနှီး မြှုပ်နှံမှုကို ပြုလုပ်ဦးမှာ မဟုတ်ပါ။ ထိုင်းနိုင်ငံကတော့ စီမံကိန်းရဲ့ အစိတ်အပိုင်းတခုမှာ ပါဝင်ဆောင်ရွက် ရမယ့် တတိယနိုင်ငံသာ ဖြစ်ပါတယ်။

ဒါကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံ ကိန်းကို တကယ်ဖြစ်မြောက်စေချင်ရင် မြန်မာအစိုးရ က အဓိက စီမံကိန်းပိုင်ရှင်နေရာကိုယူပြီး တက်တက်ကြွကြွ ဆောင်ရွက်ရပါမယ်။ ပြီးရင် စီမံကိန်းမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံနိုင်မယ့် အဓိက မိတ် ဖက်နိုင်ငံကို ကိုယ်တိုင် ရှာဖွေစေ့စပ် ညှိနှိုင်းရပါမယ်။ ထိုင်းကို အားကိုးပြီး တပူးတွဲတွဲလုပ်ကာ အဓိက ရင်းနှီးမြှုပ်နှံမှုကို ရှာဖွေနေမည်ဆိုပါက အဓိက ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ပွဲစားကသာ လုပ်ချင် နေတာ၊ ပိုင်ရှင်က စိတ်ပါဝင်စားမှု မရှိဘူး၊ လုပ်ချင် ကိုင်ချင်စိတ် မရှိဘူးဟု ထင်မြင်ကာ အောင်မြင်နိုင်မည် မဟုတ်ပါ။

ယခု အချိန်အထိတော့ တပူးတွဲတွဲ လုပ်ကိုင်နေ ဆဲ ဖြစ်ပြီး ဒီလိုလုပ်နေတာ ၄ နှစ်ကျော်ပါပြီ။ မြန်မာအစိုးရ ကိုယ်တိုင် တက်တက်ကြွကြွ တာဝန် ယူရှာဖွေ ဆောင်ရွက်မှသာ ဒီစီမံကိန်း အောင်မြင် နိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ အသေးအမွှား အချက် ဖြစ်ပေမယ့် ကမ္ဘာနဲ့ချီ၍ ရင်းနှီးမြှုပ်နှံနေသည့် သူများ အကြားမှာတော့ အရေးပါတဲ့ အချက်ဖြစ်ပါ တယ်။ အဓိကပိုင်ရှင်ကိုသာ တိုက်ရိုက်ပြောဆို ဆက်ဆံ၍ စိတ်ပါဝင်စားမှု ဘယ် လောက်ရှိသလဲ၊ ဘယ်လောက် တက်ကြွသလဲ၊ ဘယ်လောက် ရိုးရိုး သားသား ပူးပေါင်းဆောင်ရွက်လို့ရမလဲ ဆိုတာတွေ ဟာ ပထမအရေးကြီးဆုံး ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ် ပါတယ်။ ဒီပထမအဆင့်အတွက် ဆုံးဖြတ် ပြီးမှသာ ဒုတိယ အဆင့်အတွက် ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားကြည့် မှာ ဖြစ်ပါတယ်။

အဓိက ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံက အနောက် အုပ်စုဝင်၊ အမေရိကန်နဲ့ EU ဥရောပနိုင်ငံများ လုံးဝ မဖြစ်နိုင်ပါ။ အရှေ့ဘက်မှ ဂျပန် သို့မဟုတ် တရုတ်နိုင်ငံသာ ဖြစ်ပါလိမ့်မယ်။ ဂျပန်နှင့် တရုတ် ဘယ်သူ့ကို အဓိက ရင်းနှီး မြှုပ်နှံခွင့် ပေးမှာလဲဆို တာကိုတော့ မြန်မာပြည်သူတွေရဲ့ အဆုံးအဖြတ်ပေါ် မူတည်ပါတယ်။

စီမံကိန်းတွေကို အောင်မြင်အောင် အကောင်အထည် ဖော်နိုင်မှုမှာတော့ ဂျပန်နိုင်ငံက အများကြီး သာလွန် ပါတယ်။ အတွေ့အကြုံလည်းများပြီး၊ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်နိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံလည်းဖြစ်၊ တက်သစ်စ စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်တဲ့ အိန္ဒိယ အစိုးရဟာ ထားဝယ် အထူးစီးပွားရေးဇုန် စီးမံကိန်းနဲ့ အလားတူပြီး ရင်းနှီးမြှုပ်နှံမှု ပိုများတဲ့ သူတို့ရဲ့ ဒေလီ-မွန်ဘိုင်း စက်မှု လမ်းမကြီး (Delhi Mumbai Industrial Corridor) ဖွံ့ဖြိုးရေး စီမံ ကိန်းကို တည်ဆောက်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ Japan Bank fo International Cooperation  (JBIC) နဲ့ အဓိက ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဂျပန်နိုင်ငံ ကို အဓိက ရင်းနှီးမြှုပ်နှံသူအဖြစ် ပူးပေါင်းဆောင် ရွက်လျက် ရှိပါတယ်။

အိန္ဒိယကို ကမ္ဘာက  BRIC (Brazil,Russia, India,China) အဖွဲ့ဝင် နိုင်ငံအဖြစ်သတ်မှတ် ပြီး နောင်ကို ကမ္ဘာပေါ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုး တက်လာမည့် နိုင်ငံအဖြစ် လက်ခံထားကာငွေကြေး ချမ်းသာမှုအရလည်း အတော်အသင့် ရှိနေပြီလို့လက် ခံထားပါတယ်။ ဒီလို စီးပွားရေး တိုးတက် ဖွံဖြိုးနေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ ဂျပန်နိုင်ငံရဲ့  JBIC ကို အဓိက မိတ်ဖက်အဖြစ် ရွေးချယ်ခဲ့ခြင်းဟာ မှန်ကန်တဲ့ ရွေး ချယ်မှု ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဂျပန်နိုင်ငံ၊  JBIC ဟာ ဂျပန်နိုင်ငံရဲ့ တခုတည်းသော နိုင်ငံတကာ ငွေရေး ကြေးရေး အဖွဲ့အစည်း (IFI) ဖြစ်ပြီး၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB စသော ဖွံ့ဖြိုးရေးဘဏ် များဖြင့် ပူးတွဲ ရင်းနှီးမြှုပ်နှံ၍ ကမ္ဘာတဝန်း စီးပွားရေး ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်း ဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ JBIC ထံမှ အိန္ဒိယသာမက  BRIC အဖွဲ့ဝင် အခြားနိုင်ငံများဖြစ်သော တရုတ်၊ ရုရှား၊ ဘရာဇီး နိုင်ငံများက လည်းကောင်း၊ အာဆီယံနိုင်ငံ အားလုံးကလည်းကောင်း၊ တခြား ဖွံ့ဖြိုးစနိုင်ငံများ အားလုံးက လည်းကောင်း စီးပွားရေး မိတ်ဖက်အဖြစ် ပူးတွဲလုပ်ကိုင် ဆောင်ရွက်လျက် ရှိပါတယ်။ ဥပမာ အားဖြင့် စင်ကာပူ-ကွာလာလမ်ပူ အမြန်ရထား စီမံကိန်းကို  JBIC က မိတ်ဖက်အဖြစ် ပါဝင်ဆောင်ရွက် မှာ ဖြစ်ပါတယ်။

ထားဝယ် SEZ စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည်လို့ လွန်ခဲ့တဲ့နှစ်များက ေြွကးကြော်ခဲ့တဲ့ ထိုင်းအစိုးရနဲ့ ကုမ္ပဏီများက ဂျပန်နိုင်ငံ  JBIC  ရဲ့ အကူအညီကို ရရှိရန် နည်းမျိုးစုံနဲ့ အသည်းအသန် ကြိုးစား ခဲ့ဖူးပါတယ်။

ယခုအခါ ဂျပန်နိုင်ငံ  JBIC က မြန်မာနိုင်ငံ အစိုးရ၏ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာနဖြင့် ဆွေးနွေး ညှိနှိုင်းကာ စီးပွားရေး စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှု စာချွန်လွှာ (MOU) ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းက ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဆက်လက် အကောင်အထည် ဖော်လျက် ရှိရာ ထားဝယ် စီမံကိန်းကို အမှန်တကယ် အကောင်အထည်ဖော်နိုင်သည့် ရင်းနှီးမြှုပ်နှံသူမှာ ကိုယ့်မြန်မာနိုင်ငံ၏ အိမ်ရှေ့တံခါးဝတွင် ရောက်ရှိ နေပြီလို့ ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံ၏ ဧည့်ခန်းတွင် ဝင်ရောက် နေရာ ယူ၍ အမှန်တကယ် ရင်းနှီးမြှုပ်နှံစေနိုင်ရေးအတွက် နေရာ ထိုင်ခင်း စီစဉ်ပေးရမည့်သူမှာ မြန်မာအစိုးရ အဖွဲ့သာ ဖြစ်၍ မည်ကဲ့သို့ စီစဉ်ရမည်၊ နေရာပေးရ မည်ကို သိရှိရန်မှာ အနုပညာမြောက်သည့် စီးပွားရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရမည့် အတတ်ပညာပင် ဖြစ်ပါတယ်။

(ဒေါက်တာဖုန်းဝင်းသည် Mingalar Myanmar နှင့် Shambhala Groupတို့ကို တည်ထောင်သူဖြစ်သည်)

Loading