အာဆီယံ အဖွဲ့ဝင်နိုင်ငံများနဲ့ တရုတ်နိုင်ငံအကြား ဆက်ဆံရေးအေးခဲနေပေမယ့်လည်း ထိုင်ဝမ်ကျွန်းနိုင်ငံ ငယ်လေးမှာ ၎င်းရဲ့ အိမ်နီးချင်းနိုင်ငံကို ကျော်လွန်ပြီး မြန်မာနိုင်ငံကို အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။
ထိုင်ဝမ်နိုင်ငံဟာ အသေးစား ရင်းနှီးမြှုပ်နှံမှု တွေ လုပ်နေခဲ့ရာမှ ထိုင်ဝမ်အခြေစိုက် Taiwan Electrical and Electronic Manufacturers’ Association (TEEMA) က ဧရာဝတီ မြစ်ဝကျွန်း ပေါ် ဒေသတလျှောက် စက်မှုဇုန် တည်ဆောက်ရေး အတွက် ဒေါ်လာ ဘီလီယံဝက်ခန့် ရင်းနှီးမြှုပ်နှံ သွားဖို့ ရှိတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
TEEMA က ထိုင်ဝမ်နိုင်ငံ လျှပ်စစ်ပစ္စည်းနဲ့ ဆက်စပ် အစိတ်အပိုင်းများ ပြုလုပ်ထုတ်လုပ်တဲ့ ကုမ္ပဏီများအတွက် ဒေါ်လာ ၄၆၈ သန်းခန့် အကုန် အကျခံ ရင်းနှီးမြှုပ်ပြီး နေရာတစုတစည်းတည်း ပြုလုပ်နိုင်မယ့် နေရာတခု တည် ဆောက်သွားဖို့ လိုလား နေကြပါတယ်။ ဒီ စီမံကိန်း အမှန်တကယ် အကောင်အထည် ဖော်နိုင်ခဲ့မယ်ဆိုရင်တော့ အလယ် အလတ် ကျွမ်းကျင်မှု ရှိရုံနဲ့ လုပ်ကိုင်နိုင်တဲ့ အလုပ် အကိုင် အခွင့်အလမ်းတွေ ရာနဲ့ချီပြီး ရှိလာမှာ လည်း ဖြစ်ပါတယ်။
“စက်မှုလုပ်ငန်းရှင်တွေ ပြောစကားအရ ဆိုရင်တော့ TEEMA က မြန်မာဘက်က လူတွေနဲ့ ဟက်တာ ၁၄၀ဝ (၃၄၅၈ ဧက) ရှိတဲ့မြေကို အဲဒီက အစိုးရဆီက နေဝယ်ယူ နိုင်ဖို့အတွက် ပန်ကြားစာ ပို့ဖို့ သဘောတူထားပြီးပြီ လို့ပြောပါ” ကြောင်း China Economic News Service (CENS) က ဆိုပါတယ်။
အဲဒီ အဖွဲ့အစည်းက အခုဆိုရင် ထိုင်ဝမ်အခြေစိုက် Sinotech စက်မှုအင်ဂျင်နီယာ အကြံပေး ကုမ္ပဏီကို ဒီအခုလုပ်မယ့် စီမံကိန်းမှာ ပါဝင်ကူညီ နိုင်ဖို့ အလုပ်အပ်ထားပြီးပြီလို့လည်း သိရပါတယ်။ ဧရာဝတီ မြစ်ဝကျွန်း ပေါ်ဒေသ စက်မှုဇုန်စီမံကိန်းဟာ တရုတ်ပြည်ကနေခွဲထွက်ထားတဲ့ ထိုင်ဝမ်ကျွန်း နိုင်ငံကသူတို့ရဲ့ တရုတ်ပြည်မ ကြီးနဲ့ ဗီယက်နမ်နိုင်ငံ တို့မှာ ဖွင့်ထားတဲ့ ရှိရင်းစွဲ စက်ရုံ၊ အလုပ်ရုံတွေကနေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီး မြှုပ်နှံနိုင်ဖို့ နေရာ သစ်ရှာတဲ့ သဘောနဲ့ ပြုလုပ်တဲ့ စီမံကိန်းဖြစ်ပါတယ်။
“တရုတ်ပြည်မကြီးနဲ့ ဗီယက်နမ်မှာ ပြုလုပ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဗီယက်နမ်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေက အဲဒီနိုင်ငံတွေမှာ အလုပ်လုပ်နေကြတဲ့ ထိုင်ဝမ်လုပ်ငန်းအများစု အတွက် စိုးရိမ်စရာတွေ ဖြစ်ပေါ်လာစေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်” ဆိုပြီး TEEMA ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Guo Tai-chiang က CENS ရဲ့ မေးမြန်းမှု မှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ထိုင်ဝမ်ရဲ့ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားခဲ့တာက မနှစ်က စတင်ခဲ့တာလို့ ပြောနိုင်ပါတယ်။ ထိုင်ဝမ် ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးရေးကောင်စီ (Taiwan External Trade Development Council) က မနှစ်က နိုဝင်ဘာလထဲမှာ ထိုင်ဝမ် ကုမ္ပဏီတွေ အလုပ်အကိုင် အခွင့်အလမ်း လွယ် လွယ်ကူကူ ရှာဖွေနိုင်ဖို့အတွက် ဆိုပြီး ရန်ကုန်မြို့မှာ ရုံးခန်းတခု ဖွင့်လှစ်ခဲ့ပါတယ်။
အစိုးရ သတင်းအေဂျင်စီ တခုဖြစ်တဲ့ Central News Agency (CNA) က ထိုင်ဝမ်ရဲ့ Taiwan’s Financial Supervisory Commission ဟာ ထိုင်ဝမ် အခြေစိုက် ဘဏ် ၃ ခုကို ရန်ကုန်မြို့မှာ ရုံးခွဲများ ဖွင့်လှစ်နိုင်ဖို့ ဇွန်လထဲမှာပဲ မီးစိမ်းပြခဲ့ပြီး ဖြစ်တယ်လို့ တိုင်ပေမြို့မှာ ပြောခဲ့ပါတယ်။
“ဗီယက်နမ်မှာ ပြန်ဖြစ်နေတဲ့ တရုတ်ဆန့်ကျင် ရေး အဓိကရုဏ်းတွေကြောင့် ထိုင်ဝမ်လုပ်ငန်းတွေ ရာနဲ့ချီ ထိခိုက်ခဲ့ရ တာကြောင့် ထိုင်ဝမ်က ဘဏ်တွေက သူတို့လုပ်ငန်းတွေကို တခြား အရှေ့တောင်အာရှ နိုင်ငံတွေ ဘက်ပြောင်းဖို့ စီစဉ်လာကြပါတယ်။ ဖွံ့ဖြိုးမှု နောက်ကျနေသေးတဲ့ မြန်မာနဲ့ လာအို နိုင်ငံတွေက မျက်စိကျ စရာ ဖြစ်နေပါတယ်” လို့ CENS က ထပ်ပြောခဲ့ပါတယ်။
ဇူလိုင်လကလည်း Taiwan External Trade Development Council က ကားအပိုပစ္စည်း အရောင်းပြပွဲကို ရန်ကုန်မြို့မှာ ၄ ရက်တာ ပြသ ကျင်းပခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏက တရုတ်ပြည်မကြီးနဲ့ တခြား ထိုင်းနိုင်ငံ၊ စင်ကာပူနဲ့ ဗီယက်နမ် နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နည်း နေပါသေးတယ်။ ဒါပေမယ့် အခု ရင်းနှီးမြှုပ်နှံတာ တွေက တဖြည်း ဖြည်း ကြီးလာပါပြီ။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးက ၂၀၁၃ ခုနှစ်မှာ ရှေ့နှစ်ထက် ၁၅ ရာခိုင်နှုန်း တက်လာ တာကိုလည်း တွေ့ရှိရပါတယ်။
“မြန်မာနိုင်ငံမှာ သဘာဝသယံဇာတတွေ သိပ် ကို ပေါများပါတယ်။ ပြီးတော့ ဝန်ထမ်း လစာကလည်း ဈေး အတော် နည်းတာကို တွေ့ရပါတယ်။ ပြဿနာကတော့ ဖွဲ့စည်းမှုပိုင်းဆိုင်ရာမှာ အားနည်း နေတာပါ” လို့ အမည်မဖော်လိုတဲ့ ထိုင်ဝမ်ကောင်စီ တခု မှ အရာရှိတဦးက CNA ကို ပြောသွားခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ ကမ္ဘာ့အကြီးဆုံး ဖိနပ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးများထဲက တခုဖြစ်တဲ့ Pou Chen Group က ရန်ကုန်မြို့တွင်း ကုန်ထုတ် စက်ရုံတခုမှာ ဒေါ်လာ သန်း ၁၀ဝ ရင်းနှီးမြှုပ်နှံမယ်ဆိုပြီး ဇွန်လ က ကြေညာခဲ့ပါ တယ်။
Pou Chen Group ရဲ့ အမှုဆောင် အရာရှိ ချုပ် တဦးဖြစ်တဲ့ Patty Tsai က စက်ရုံကို ၂၀၁၅ ခုနှစ် နှစ်ကုန် ပိုင်းမှာ စတင်လည်ပတ်ဖို့ မျှော်မှန်း ထားပြီး အစပိုင်းကာလတွေမှာ တလကို ဖိနပ် အရန် ပေါင်း ၃ သိန်း ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပြီး နောက်ပိုင်းကာလတွေမှာ တလကို အရန်ပေါင်း ၈ သိန်းအထိ ထုတ်လုပ်သွားဖို့ ရှိတယ်လို့ CENS ကို ပြောခဲ့ပါသေးတယ်။
CENS က မြင့်တက်လာတဲ့ တရုတ်နိုင်ငံရဲ့ ဝန်ထမ်းလစာနဲ့ ဗီယက်နမ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တရုတ်ဆန့်ကျင် ရေး ဂယက်တွေအပြင် Pou Chen က သူတို့ရဲ့ ထုတ်လုပ်ရေးကို တရုတ်၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့အပြင် တခြား နိုင်ငံများကိုပါ ချဲ့ထွင် လိုတဲ့ စိတ်ကူးတွေကြောင့် သူတို့ရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို တခြား နိုင်ငံတွေမှာ ပြောင်းရွေ့ လုပ်ကိုင်ဖို့ စိတ်အားထက်သန်နေကြပါတယ်။
TEEMA ဥက္ကဋ္ဌက ထိုင်ဝမ်ဟာ အာဆီယံ နိုင်ငံ ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံဟာ ၂၀၁၅ နှစ် ကုန် ပိုင်းမှာ Traffic-free ကုန်သွယ်မှုကို စတင် လုပ်ကိုင်တော့မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် အထူး စိတ်ဝင်စား လျက်ရှိတယ်လို့လည်း ပြောခဲ့ပါ တယ်။
“အခု လျာထားတဲ့ စက်မှုဇုန် စီမံကိန်း စပြီဆို တာနဲ့ Supply Chain တွေ စေ့စေ့စပ်စပ် ထွက်ပေါ်လာပြီး တော့ ထိုင်ဝမ် လုပ်ငန်းရှင်တွေအတွက် မြန်မာ့ ဈေးကွက်ကို လွယ်လွယ်ကူကူ လေ့လာသွား နိုင်မှာပါ” လို့ CENS မှာ ဖော်ပြထားပါတယ်။
“ဒီနေရာမှာ ထိုင်ဝမ်ရဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆက်ဆံရေး ကျဲပါးတာတွေ၊ တရုတ်နဲ့ ၂ နိုင်ငံကြား ချုပ်ဆိုထားတဲ့ ကုန်သွယ်ရေး စာချုပ် တွေနဲ့ ချောင်ပိတ်မိ နေတာတွေကို ပေါ်လွင်စေပါ တယ်” လို့ Guo က ဆိုပါတယ်။
ယခု စီစဉ်လျက်ရှိတဲ့ စက်မှုဇုန်ဟာ ဧရာဝတီ တိုင်းအတွင်း ပြုလုပ်မယ်ဆိုပြီး ပြောဆိုမှုတွေ ရှိနေ ပေမယ့်လည်း နေရာအတိအကျကို ဆုံးဖြတ်ချက် မချရသေးဘူးလို့ Guo က ပြောပါတယ်။ သူက ဆက်ပြီးတော့ စက်မှုဇုန် တည်ဆောက်တဲ့နေရာမှာ ကိုယ်ပိုင် ဓာတ်အားပေးစက်ရုံကိုပါ ထည့်ပြီး တည် ဆောက်သွားမယ်လို့ ပြောခဲ့ပါ တယ်။
ထိုင်ဝမ် စီးပွားရေး ဝန်ကြီးဌာနကလည်း TEEMA ကို ထောက်ခံ အားပေးနေပြီး ကုမ္ပဏီနဲ့ နေပြည်တော်ရှိ အစိုးရကြားမှာ ဆက်သွယ်ပေးနေ တယ်လို့လည်း CAN က ဖော်ပြပါတယ်။