မြန်မာနိုင်ငံသည် တိုင်းပြည်၏ ထိပ်တန်းလုပ်ငန်းရှင် သူဌေးကြီးများနှင့် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေး ကျောထောက် နောက်ခံ ရှိနေသည့် အတွက် အလွန်တရာ လိုအပ်နေသော အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးကို လိုချင်ပါက ရရှိနိုင်မည် ဟု သတ်မှတ်ရပါမည်။
ယနေ့ မြန်မာနိုင်ငံတွင် ခရိုနီများသည် ဝေဖန်မှုများ၏ ရေပန်းစားသော ပစ်မှတ်ဖြစ်နေပြီး တရုတ်နိုင်ငံသည် အမျိုးသားရေး ဝါဒီများ အတွက် အဓိက စိတ်ပျက်စရာ ဖြစ်နေသည်။ ထိုအချက်များက နိုင်ငံရေး အကျပ်အတည်းမှ လွတ်မြောက် နိုင်မည့် ဖြေဆေးတခုဟု ထင်ရသည်။ စင်ကာပူနိုင်ငံရှိ အရှေ့တောင်အာရှ လေ့လာရေး ဌာန (Institute of Southeast Asia Studies – ISEAS) မှ သုတေသီ ဒေါက်တာ စတူးအတ် ပေါလ်လာကင် (Dr Stuart Paul Larkin) က အဆိုပါအချက်ကို တင်ပြခဲ့သည်။
ဇူလိုင်လက ထုတ်ပြန်ခဲ့သည့် “Myanmar: Between Economic Miracle and Myth” အမည်ရှိ စာတမ်းတွင် ISEAS ၏ ဧည့်သည် အဖွဲ့ဝင် ဒေါက်တာ စတူးအတ်လာကင်က “အလှူရှင်တို့၏ ကြီးမားသော စေတနာနှင့် စီးပွားရေး ဇာတ်လမ်း အသစ်” ဟု သူက ခေါ်သည့် တခြားအမြင်တခုကို ထုတ်ပြခဲ့သည်။ နိုင်ငံခြားအလှူရှင်များက အစိုးရကို ငွေကြေး အထောက် အပံ့များနှင့် လေးနက်သည့် အကြံဉာဏ် အနည်း ငယ်မျှသာ ပေးနေခဲ့သည့် အချိန်တွင် ကြီးမားသည့် ကုန်သွယ်ရေး လိုငွေပြမှု (တရားဝင် စာရင်းဇယားများအရ ၂၀၁၃-၁၄ အတွင်းတွင် အမေရိကန်ဒေါ် လာ ၂ ဒသမ ၆ ဘီလီယံ) မြင့်တက်လာခဲ့ပြီး အများစုမှာ စားသုံးသူများ၏ တင်သွင်းမှု မြင့်မားလာခြင်း၏ အကျိုးဆက် ဖြစ်သည် ဟု သူက ဆိုသည်။
“အခုချိန်အထိ အလှူရှင် အဖွဲ့အစည်းတွေဟာ သူတို့ကို ငွေထုတ်ပေးနေသူတွေရဲ့ စီးပွားရေး အကျိုးအမြတ်က ကင်းကွာ အောင် မခုခံနိုင်ကြသေးဘူး။ သူတို့က ကစားပွဲကို ကောင်းကောင်း ကစားနေကြတယ်” ဟု ၎င်းက ရေးသားဖော်ပြသည်။
စီးပွားရေးကို လျင်မြန်စွာ ဖြေလျှော့ ပေးခြင်းသည် ချမ်းသာသည့် တိုင်းပြည်များမှ နိုင်ငံတကာ ကုမ္ပဏီ ကြီးများက သဘာဝ အရင်းအမြစ်များကို ထုတ်ယူခွင့် နှင့် မြန်မာ စားသုံးသူများကို ကုန်ပစ္စည်းများ ရောင်းချခွင့် ပေးလိုက်ခြင်း ဖြစ်ပြီး၊ ဒေသခံ များ အတွက် အကျိုးအမြတ် နည်းပါလိမ့်မည်ဟု သူက ဆိုသည်။
တချိန်တည်းမှာပင် နိုင်ငံခြားတင်ပို့ရေး လုပ်ငန်းများက ဖွံ့ဖြိုးမှုကို ဦးတည်လာမည်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင် ပေးနိုင်မည် ဖြစ်သော်လည်း အနောက်နိုင်ငံများက ကောင်းမွန်သော အုပ်ချုပ်မှုနှင့် အကောင်အထည်ပေါ် လာရန် မလွယ်ကူသည့် အခြေခံအဆောက်အဦ စီမံကိန်းများတွင် ယှဉ်ပြိုင်မှုရှိသည့် တင်ဒါစနစ်ရှိရေးကို အလေးထားခြင်း ကြောင့် အကောင်အထည်ပေါ်ရန် နှေးကွေးနေခဲ့သည်ဟု သူက ဝေဖန်လိုက်သည်။
မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦဆိုင်ရာ အခက်အခဲက ကြီးမားသည်။ နှစ်စဉ် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၈ ရာခိုင်နှုန်းကို ထိန်းထားနိုင်ရန် အတွက် ၂၀၁၀ ခုနှစ်နှင့် ၂၀၃၀ ခုနှစ် အတွင်း အခြေခံ အဆောက်အဦ ဆိုင်ရာတွင် ရင်းနှီး မြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃၂၀ ဘီလီယံ လိုအပ်လိမ့်မည်ဟု McKinsey Global Institute က ယမန်နှစ်က ခန့်မှန်းခဲ့သည်။ ထို့အပြင် မည်သူက ထိုလိုအပ်ငွေကို ထုတ်ပေးမည် ဆိုသည့် အချက်ကလည်း ရှင်းလင်းမှု မရှိဘဲ ရန်ကုန်မြို့ အတွက် အလွန် တရာ လိုအပ်နေသည့် လေဆိပ်သစ် အတွက် ငွေကြေး အခက်အခဲ တွေ့နေရသည့် လတ်တလော အခက်အခဲက ထိုအချက်ကို ဖော်ပြနေသည်မှာ အမှန်ဖြစ်သည်။
ညံ့ဖျင်းသော ဦးစားပေးမှုများ
ဒေါက်တာ စတူးအတ်ပေါလ်လာကင်က စီးပွားရေး လုပ်ငန်းရှင်ကြီး ဆာ့ချ်ပမ်း (Serge Pun) ခေါ် ဦးသိမ်းဝေကို အဆင့်မြင့် ဟိုတယ် ဆောက်လုပ်ရန် ငွေထုတ်ချေးခြင်းကဲ့သို့ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်းမျိုး အပါအဝင် ကမ္ဘာ့ဘဏ်၏ International Finance Corporation (IFC) က မြန်မာနိုင်ငံသို့ ချဉ်းကပ်ပုံကိုလည်း ဝေဖန်ခဲ့သည်။
“အိမ်ခြံမြေ ပိုင်ဆိုင်မှု လုပ်ငန်း၊ အထူးသဖြင့် အဆင့်မြင့် ဟိုတယ်လုပ်ငန်း တွေဟာ အခြေခံအဆောက်အဦနဲ့ နှိုင်းစာရင် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးအမြတ်ရရှိမှု အလွန်ကို အကန့်အသတ် ရှိပါတယ်” ဟု ဒေါက်တာ စတူးအတ်ပေါ လ်လာကင်က ရေးသား ခဲ့သည်။ တရုတ်နိုင်ငံမှ အရင်းအနှီး တောင့်တင်းသောဘဏ်များ ဘဏ္ဍာရေး ယှဉ်ပြိုင်မှု အတွင်းသို့ ဝင်ရောက် လာခြင်းက IFC ကို ယှဉ်ပြိုင်မှု ဖြစ်လာအောင် လှုံဆော်ပေးနိုင်ခဲ့သည်ဟု သူက ယူဆသည်။
သို့သော်လည်း သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို ပြည်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် ရွှေ့ဆိုင်း လိုက်သည့် အချိန်မှစ၍ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ နည်းပါးသွားခဲ့သည်။ အိမ်နီးချင်း နိုင်ငံကြီး၏ တခြားသော စီမံကိန်းများ သည်လည်း ပြည်သူများ၏ ဆန့်ကျင်မှုများကို ခံခဲ့ရသည်။
အခြားတဖက်တွင်လည်း ဂျပန်နိုင်ငံ၏ ပါဝင်မှုတိုးလာခြင်းက တရုတ်၏ အနေအထားကို ထိန်းညှိခြင်း ဖြစ်လာသည်။ ဂျပန်နိုင်ငံက သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း အပါအဝင် အခြေခံအဆောက်အဦ ဆိုင်ရာ နိုင်ငံခြား အထောက်အပံ့ ပေးသူ အဖြစ်နှင့် ဝင်ရောက်လာသည်။ ၎င်း၏ အထည်ချုပ် လုပ်ငန်းရှင်များကလည်း စက်ရုံများ တည်ထောင်ရန် အသင့်စောင့်ဆိုင်း နေကြသည်။
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ကဏ္ဍတွင် ပါဝင်လာပြီး တရုတ်-မြန်မာ ဆက်ဆံရေး ပြန်လည် ရှင်သန်လာ အောင် ပြုလုပ်ရန်၊ ယခင်က တရုတ် ကျောထောက် နောက်ခံပေးသည့် စီမံကိန်းများတွင် ပြုလုပ်ခဲ့သကဲ့သို့ အစိုးရ အာဏာပိုင် များနှင့် အငြင်းပွားဖွယ်ရာ သဘောတူညီချက်များ ရယူသည့် နည်းလမ်းမျိုး မဟုတ်ဘဲ တရုတ်ဘဏ်များက ငွေထုတ် ချေးခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်နိုင်သည်ဟု ဒေါက်တာ စတူးအတ် ပေါလ်လာကင်က တိုက်တွန်း အကြံ ပြုသည်။
တချိန်တည်းတွင်ပင် ဒေါက်တာ စတူးအတ် ပေါလ်လာကင်က ပြည်တွင်းမှ မိသားစုပိုင်ကုမ္ပဏီ လုပ်ငန်းစုကြီးများကို လည်း မည်သည့် အခြေခံအဆောက်အဦ စီမံကိန်းသည် ဖြစ်နိုင်ခြေရှိသည်ကို ဖော်ထုတ်ပြီး ဦးဆောင်လုပ်ကိုင်ရန် ဖိတ်ခေါ် သင့်ကြောင်းနှင့် အထူး အခွင့်အရေးများ ပေးခြင်းဖြင့် အားပေးသင့်သည်ဟု ပြောသည်။
“နောက်ဆုံးမှာ သူတို့ကို နိုင်ငံရဲ့ ပါရမီအရှိဆုံး စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေက ဦးဆောင်နိုင်သွားပါမယ်” ဟု သူက ရေးသားသည်။ ဆက်လက်ပြီး ခရိုနီဝါဒသည် နိုင်ငံရေးအရ ကျရှုံးမှုသာ ဖြစ်ပြီး စွန့်ဦးတည်ထွင်နိုင်မှု ဆုံးရှုံးခြင်း မဟုတ်ဟု ဆိုသည်။ စစ်အစိုးရ လက်ထက်တွင် အောင်မြင် ကြီးပွားလာသူတိုင်းက စီးပွားရေး ပွင့်လင်း လွတ်လပ်လာ ချိန်တွင် ယခင် က နည်းလမ်းအတိုင်း လုပ်ကြမည် မဟုတ်ဟု ဒေါက်တာ စတူးအတ်ပေါလ်လာကင်က ဆိုသည်။
“ခရိုနီဆိုတဲ့ ဝေါဟာရထက် စာရင် စီးပွားရေး လုပ်ငန်းရှင် ဆိုတာကို ကျနော် ပိုသဘောကျတယ်” ဟု သူက ဧရာဝတီသို့ အီးမေးလ်မှ တဆင့် ပြောကြားခဲ့သည်။ “အခြေခံအဆောက်အဦ ကဏ္ဍ တိုးတက်ရေး အတွက် ပြင်ပကပဲ ဘဏ္ဍာရေး ထောက်ပံ့နေရတဲ့ မြန်မာနိုင်ငံမှာ လုပ်ပိုင်ခွင့် အာဏာ ရှိနေသူတွေ အနေနဲ့ သူတို့ရဲ့ လုပ်ငန်းရှင်ကြီးတွေ ဆီကနေ ကွဲပြား ခြားနားတဲ့ စွမ်းဆောင်ရည်တွေကို ယခင်က ထက်ပိုပြီး လိုအပ်လာပါလိမ့်မယ်။ လုပ်ငန်းရှင် အားလုံး ကတော့ ကိုယ့် ဘာသာ အဆင့်မြှင့်တင်ဖို့ လုပ်ကြမှာ မဟုတ်ပါဘူး” ဟု သူကပြောသည်။
“မြန်မာ လုပ်ငန်းရှင်ကြီးတွေနဲ့ တရုတ်အစိုးရရဲ့ ဆက်စပ်မှုဟာ နိုင်ငံရေးအရ အဆိပ်အတောက် ဖြစ်စေမယ်လို့ ကျနော် မထင်ပါဘူး။ ကျယ်ပြန့်တဲ့ အကျိုးအမြတ် ပေးနိုင်လိမ့်မယ် ဆိုတာ သာမန်လူထုကို ကြိုတင်ပြီး ရှင်းပြထားရ ပါမယ်” ဟု ဒေါက်တာ စတူးအတ်ပေါလ်လာကင်က ပြောသည်။
ငွေကျပ်တန်ဖိုး လျော့ကျခြင်း
သို့သော်လည်း ဒေါက်တာစတူး အတ်ပေါလ်လာကင်၏ ချဉ်းကပ်မှု အတိုင်း လိုက်နာမည့် မည်သည့် မြန်မာအစိုးရ အတွက် ဖြစ်စေ နိုင်ငံရေး နည်းလမ်းများက ဤမျှနှင့် မဆုံးသေးပါ။ အထည်ချုပ်လုပ်ငန်း ကဲ့သို့သော လုပ်ငန်းများကို မက်လုံးပေး နိုင်ရန်အတွက် ကျပ်ငွေတန်ဖိုးကို လျှော့ချရန် ဒေါက်တာ စတူးအတ်ပေါလ်လာကင်က အကြံ ပြုသည်။ လက်ရှိအချိန်တွင် တခြားသော အာရှနိုင်ငံများကို ဆင်းရဲမွဲတေမှုမှ ဆွဲတင်နိုင်ခဲ့သော နိုင်ငံခြား တင်ပို့မှု ဖွံ့ဖြိုးရေး ဖန်တီးနိုင်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုအဆင့် အလွန်နိမ့်ကျနေသည်ဟု ၎င်းက မြင်သည်။
အဆိုပါ ဆောင်ရွက်မှုသည် ရေတိုကာလ အတွင်းတွင် လူကြိုက် နည်းနိုင်သည့်တိုင်အောင် ငွေတန်ဖိုးကို လျှော့ချရန် သူက တိုက်တွန်း အကြံပြုသည်။ နောက်ဆက်တွဲအနေဖြင့် လောင်စာနှင့် လျှပ်စစ်ဓာတ်အားခများ ငွေကြေးဖောင်းပွမှု သိသိသာသာ မြင့်တက်လာနိုင်သည့် ငွေကြေးဖောင်းပွမှုလှိုင်းကို သူက ထည့် မတွက်ခဲ့ပါ။
လန်ဒန်အခြေစိုက် International Growth Center (IGC) ၏ မြန်မာနိုင်ငံ အစီအစဉ်မှ စီးပွားရေးပညာရှင် တဦးဖြစ်သည့် Andrea Smurra က ငွေတန်ဖိုး လျှော့ချလိုက်ခြင်းအားဖြင့် အခြေခံအဆောက်အဦများ အဆင့် မြှင့်တင်ရေးအတွက် လိုအပ်သည့် ပစ္စည်းများနှင့် ဆန်တင်ပို့မှု တိုးမြှင့်ရေးအတွက် လိုအပ်သည့် နည်းပညာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးသည့် ပစ္စည်းများတင်သွင်း လာသည့်အခါ ပိုမိုပြီး ဈေးနှုန်း မြင့်မားသွား စေလိမ့်မည်၊ အထည်ချုပ် လုပ်ငန်းကဏ္ဍကိုလည်း သိသိသာသာ ထိခိုက်စေနိုင်သည်ဟု တုံ့ပြန်ခဲ့သည်။
“လက်ရှိအချိန်မှာ ဒီလုပ်ငန်းက အပ်ချည်ကနေ အပ်ချုပ်စက်အထိ နိုင်ငံခြားကနေ တင်သွင်းနေရပါတယ်” ဟု Andrea Smurra က ပြောသည်။
“ငွေတန်ဖိုး လျှော့ချခြင်းက ဒီသွင်းကုန်အားလုံးကို ပိုပြီး ဈေးကြီးသွားစေနိုင်ပြီး ငွေဖောင်းပွမှု ဖြစ်စေတာကြောင့် ငွေတန်ဖိုး လျှော့ချခြင်းရဲ့သက်ရောက်မှုကို ပယ်ဖျက်နိုင်ဖို့ အတွက် နောက်ဆုံးမှာ အစိုးရက အနည်းဆုံး လုပ်ခ လစာကို တို့မြှင့်ရတဲ့ အထိ ဖြစ်လာပါ လိမ့်မယ်” ဟု သူက ဆိုသည်။
Andrea Smurra က ငွေဖောင်းပွမှုသည် လူမှုရေး မတည်ငြိမ်မှုကို ဖြစ်စေနိုင်ပြီး အစိုးရက ထည့်ဝင် ကျခံပေးနေသည့် လျှပ်စစ်ဓာတ်အားခ ဈေးနှုန်းများ တစိတ်တပိုင်း မြှင့်တင်ရန် အဆိုပြု လိုက်သည့် အခါတိုင်း ကြီးမားသည့် လမ်းပေါ် ထွက် ဆန္ဒပြပွဲများ ဖြစ်လာသည်ကို ထောက်ပြသည်။
“ငွေတန်ဖိုး လျှော့ချလိုက်ခြင်းရဲ့ သက်ရောက်မှုတွေကို ဖြေရှင်းပေးနိုင်ဖို့ အစိုးရမှာ ဘဏ္ဍာရေး အရင်းအမြစ်လည်း မရှိဘူး။ လူလက်တဆုပ်စာ အကျိုးအမြတ် ရရှိဖို့အတွက် သူတို့ရဲ့ လူမှုဘဝကို စတေးပေးရတယ် လို့ ပြည်သူတွေက မြင်သွားကြ လိမ့်မယ်” ဟု Andrea Smurra က ဆိုသည်။
“ပြည်သူတွေက အသွင်ကူးပြောင်းရေးရဲ့ အကျိုးအမြတ်တွေကို မျှော်လင့်နေကြတာ။ ငွေကြေးဖောင်းပွမှုက ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာ ရရှိခဲ့တဲ့ တိုးပွားလာမှုတွေကို တိုက်စား ဖျက်ဆီးသွားလိမ့်မယ်။ ဘယ်လို နိုင်ငံရေး ခေါင်းဆောင်ကမှ ဒီလို မူဝါဒမျိုးကို ထောက်ခံမှာ မဟုတ်ဘူး။ ဘယ်ခေါင်းဆောင်မှလည်း ဒီလို မလုပ်သင့်ဘူး” ဟု သူက ပြောသည်။
စီးပွားရေး အရ လိုအပ်သော အဆိုပါ လုပ်ရပ်မျိုးကို မပြုလုပ်ရန် အထက်ပါ အချက်များက ဒေါက်တာ စတူးအတ်ပေါလ်လာကင် အတွက် အကြောင်းပြချက်ကောင်းများ မဟုတ်ကြပါ။
နိုင်ငံရေးအရ ကျရှုံးမှု ဖြစ်လာနိုင်သည့် သူအဆိုပြုခဲ့သော မူဝါဒများသည် ခေါင်းဆောင်မှု အပိုင်းအတွက် မေးခွန်းတခု ဖြစ်သည်ဟု သူက ဖော်ပြခဲ့သည်။ ခက်ခဲပြီး လူကြိုက်နည်းမည့် ဆုံးဖြတ်ချက်များသည် လုပ်ကို လုပ်ရမည့် အရာများ ဖြစ်သည်ဟု သူက စောဒကတက်ခဲ့သည်။
“တိုင်းပြည်ရဲ့ နိုင်ငံရေးသမားတွေဟာ အခုအချိန်မှာ မဲဆန္ဒပေးပြီး ဆုံးဖြတ်ခွင့် ရှိနေပြီ ဖြစ်တဲ့ ပညာ မတတ်တဲ့ ပြည်သူတွေကို ဆွဲဆောင် စည်းရုံး နိုင်ဖို့ အတွက် သူတို့ စိတ်ကြိုက် လုပ်ပေးတာထက် ပိုပြီး အဆင့်အတန်း မြင့်မားရပါမယ်” ဟု ဒေါက်တာ စတူးအတ် ပေါလ်လာကင်က ဧရာဝတီသို့ ပြောသည်။
“အများကြိုက် ဝါဒဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်း အတွက် တက်ယ့် ခြိမ်းခြောက်မှုပါ။ တတိယတန်းစား ဒီမိုကရေစီတွေ ဆိုတာ စစ်အာဏာရှင် အစိုးရတွေထက် ပိုဆိုးလေ့ ရှိပါတယ်” ဟု သူက ဆိုသည်။ ။
(၂၀၁၄ ခုနှစ် စက်တင်ဘာလထုတ် The Irrawaddy မဂ္ဂဇင်းပါ Simon Lweis ၏ Debating the Economy ကို နိုင်မင်းသွင် ဘာသာပြန်သည်။ ဆိုမွန်လူးဝစ်သည် ဧရာဝတီ သတင်းဌာန၏ သတင်းထောက်တဦး ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး သတင်းများ ရေသားလျက်ရှိသည်။)