ထိုင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ (Prayuth Chan-ocha) နှင့် မြန်မာ သမ္မတ ဦးသိန်းစိန်တို့ အောက်တိုဘာလ ၉ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြရာတွင် စစ်ခေါင်းဆောင် အဖြစ်မှ နိုင်ငံ့ခေါင်းဆောင် အဖြစ်သို့ ပြောင်းလဲ တာဝန် ထမ်းဆောင်လျက်ရှိသူ အဆိုပါ ခေါင်းဆောင် နှစ်ဦးက ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို နောက်တကြိမ် ပြန်လည် စတင်ရန် သဘောတူညီမှု ရရှိခဲ့သည်ဟု သိရသည်။
စီမံကိန်း စတင်လုပ်ကိုင်မည့် အချိန်ကို တိတိကျကျ မသတ်မှတ်ရသေးသော်လည်း သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်က တတ်နိုင်သမျှ မြန်မြန် စတင်သွားမည်ဟု ဧရာဝတီသို့ ပြောကြားခဲ့သည်။
“ဝန်ကြီး အဆင့် ဆွေးနွေးပွဲတွေမှာ စီမံကိန်း စလုပ်မယ့် အချိန်ကို မဆွေးနွေးဖြစ်ပါဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။ သမ္မတ ဦးသိန်းစိန် အနေဖြင့် စီမံကိန်း ပြန်လည်စတင်နိုင်ရန် မလိုအပ်သော အဆင့်များကို လျှော့ချပစ်ရန် ဆန္ဒရှိနေသည်ဟု သူက ထပ်ပြောသည်။
တနင်္သာရီတိုင်းရှိ ဖွံ့ဖြိုးမှု နောက်ကျလျက်ရှိသော ပင်လယ်ကမ်းခြေ ဒေသအတွက် စီစဉ်ထားသော ဒေါ်လာ ဘီလျံ ပေါင်းများစွာ ကုန်ကျမည့် စီမံကိန်းတွင် ဆိပ်ကမ်းတခု၊ စက်မှုဇုန်တို့ ပါဝင်ပြီး မြန်မာနိုင်ငံ အရှေ့တောင်ကမ်းခြေဒေသကို ထိုင်းနိုင်ငံ အရှေ့ ပင်လယ်ကမ်းခြေဒေသနှင့် မြို့တော် ဘန်ကောက်တို့ ကို ဖြတ်သန်းသွားလာ ဆက်သွယ်ပေးနိုင်သည့် နေရာအဖြစ် ပြုလုပ်သွားရန် ရည်ရွယ်ထားသည်။
ကနဦး စီမံခန့်ခွဲသူ ကန်ထရိုက်က ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းကြောင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းသည် အခက်အခဲ အတားအဆီး များစွာနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုင်းနိုင်ငံ၏ အကြီးဆုံး ဆောက်လုပ်ရေးလုပ်ငန်း ဖြစ်သည့် အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီက ထိုစီမံကိန်းအား ၂၀၁၃ နှစ်ကုန်ပိုင်းတွင် စွန့်လွှတ်ခဲ့သည့် အချိန်၌ စီမံကိန်း၏ ပထမ အဆင့်အတွက်ကိုပင် ဒေါ်လာ ၁၈၉ သန်းအထိ အကုန်အကျခံ သုံးစွဲခဲ့ပြီးဖြစ်သည်ဟု သိရသည်။
မြန်မာနှင့် ထိုင်း၂ နိုင်ငံလုံးက ဂျပန်နိုင်ငံအား ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်လာရန် မျှော်လင့်ထားခဲ့ကြသည်။ ဂျပန်နိုင်ငံသည် ရန်ကုန်တိုင်းရှိ ရန်ကုန်မြို့ သီလဝါ၌ အဓိက ဆိပ်ကမ်းနှင့် စက်မှုဇုန် စီမံကိန်းကို အကောင်အထည် ဖော်လျှက်ရှိသည်။
အောက်တိုဘာ ၂ ရက်နေ့က ဘန်ကောက်မြို့၌ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မီနိုရို ကိအူချိ (Minoro Kiuchi) နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်တို့ တွေ့ဆုံခဲ့ကြရာတွင်လည်း ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်းကို အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောကြားကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။
ရင်းနှီးမြှုပ်နှံမှု လုံလောက်စွာ မရရှိခဲ့ခြင်းကဲ့သို့သော အခက်အခဲများအပြင် အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်ဟု ဆို နိုင်သည့် တခြား အဟန့်အတားဖြစ်သော မြေယာပိုင်ဆိုင်မှု အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ပြည်သူလူထုနှင့် ဆွေးနွေးညှိုနှိုင်းမှု မရှိခြင်းစသည် အတွက် လူထုက ပြင်းပြင်းထန်ထန် ကန့်ကွက်ခြင်းများ ကြုံတွေ့ခဲ့ရသည်။
သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ကြသည့် အောက်တိုဘာလ ၉ ရက်နေ့တွင် လူထုအခြေပြု အဖွဲ့အစည်းများနှင့် ဒေသခံ တက်ကြွလှုပ်ရှားသူများ ပူးပေါင်းကာ စီမံကိန်းကို ဝေဖန်သော ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်တွင် ထိုင်းနှင့် မြန်မာ အစိုးရများက စီမံကိန်း ဆက်လက် မလုပ်ဆောင်မီ ထိခိုက် နစ်နာခဲ့ရသည့် တောင်သူ လယ်သမားများနှင့် တိုက်ရိုက်တွေ့ဆုံပြီး ၎င်းတို့၏ တိုင်ကြားမှုများကို ဖြေရှင်း ဆောင်ရွက် ပေးရန်နှင့် နစ်နာမှုများကို ဖြေရှင်းပေးပြီး နိုင်ငံတကာ ထုံးစံ အစဉ်အလာများနှင့်အညီ ဆောင်ရွက်ရန် ကတိပြုထားသည့် အတိုင်း လုပ်ဆောင်ပြပြီး သွားမှသာလျှင် စီမံကိန်းကို ပြန်လည်စတင်ရန် တောင်းဆိုထားသည်။
ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (DDA)၊ ကရင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုကွန်ရက် (KESAN) နှင့် NGO များ ပူပေါင်းထားသော ပေါင်းကူးအဖွဲ့၏ ဒါရိုက်တာ ဖြစ်သူ ဦးကျော်သူတို့က ထိုကြေညာချက်တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ DDA ၏ ဒါရိုက်တာ ဦးသန့်ဇင်က၂ ဖက် အစိုးရများအား လက်ရှိဖြစ်ပေါ်နေသော ပြဿနာများကို ဦးစွာ ဖြေရှင်းပြီး ၎င်းတို့ကို သင်ခန်းစာရယူကာ ရှေ့ဆက် လုပ်ဆောင်ရေး အကောင်းဆုံးလမ်းကို ရွေးချယ်ရန် တိုက်တွန်း လိုက်သည်။
“အစိုးရက မြေယာပြဿနာတွေကို ဖြေရှင်းဖို့အတွက် ကော်မရှင်တခု ဖွဲ့စည်းထားပြီးပါပြီ။ တချို့လူတွေက မြေတွေကို မပိုင်ဘူး။ ဒါပေမယ့် အဲဒီမြေပေါ်မှာ ဈေးတက်လာအောင်ဆိုပြီး အပင်တွေ စိုက်ကြတယ် ပြီးတော့ သူတို့ မပိုင်တဲ့ မြေအတွက် ပိုက်ဆံပို တောင်းကြတယ်၊ ကျနော်တို့က တကယ်လျော်ကြေးပေးရမယ့် သူတွေကို လျော်ကြေးပေးသွားမှာပါ။ အခွင့်အရေး ယူချင်တဲ့သူတွေကိုတော့ ဥပဒေအတိုင်း ကိုင်တွယ်ဆောင်ရွက်သွားပါမယ်” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဧရာဝတီသို့ ပြောကြားခဲ့သည်။
ထားဝယ် အထူးစီးပွားရေးဇုန်အား ဆန့်ကျင်နေသည့် မြန်မာ NGO အဖွဲ့အစည်းများက ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ ကန့်ကွက်စာ တစောင် ယမန်နှစ်က တရားဝင်ပေးပို့ခဲ့ပြီး ယခုလ နှောင်းပိုင်း၌ ပြုလုပ်မည့် ကော်မရှင်၏ အများပြည်သူရှေ့မှောက်တွင် ပြုလုပ်မည့် စစ်ဆေးကြားနာမှုတခုတွင် သက်သေခံ ထွက်ဆိုကြရမည် ဖြစ်သည်။