အိန္ဒိယနိုင်ငံက မြန်မာ့ဆန်များကို လစဉ် တင်ဒါ စနစ်ဖြင့် ဝယ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။
“တလကို တန်ချိန် ၂သောင်းပေါ့။ သူတို့ ၁၀ လ ဝယ်ဖို့ ရှိတယ်။ တင်ဒါ စနစ်နဲ့ပါ”ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောသည်။
သို့သော် ပြီးခဲ့သည့်လ အတွင်းက အိန္ဒိယနိုင်ငံမှ ဆန်တင်သွင်းရန် တင်ဒါ ခေါ်ယူသော်လည်း မြန်မာဘက်မှ တင်ဒါ တင်သွင်းမည့် သူ မရှိသဖြင့် တင်ဒါ ပျက်သွားခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ တင်ဒါမှာ ဒီဘက်က ပြိုင်တဲ့သူ မရှိဘူး။ အိန္ဒိယ ကုမ္ပဏီ နှစ်ခုကပဲ ဝင်ပြိုင်တယ်။ တင်ဒါမှာ ဈေးတွေက အရမ်းကြီး မြင့်နေ တယ်လို့ ကြားရတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒု ဥက္ကဌ ဦးအောင်သန်းဦးက ပြောသည်။
အိန္ဒိယက တင်ဒါ ခေါ်ယူမှုတွင် ပြည်တွင်း ကုမ္ပဏီများ ဝင်ရောက် ယှဉ်ပြိုင်မှု နည်းပါးခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးမှ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အရာရှိ Dr.S.Janakiraman က မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဌ ဦးချစ် ခိုင်နှင့် အဖွဲ့ဝင်များကို တွေ့ဆုံညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်ဟုလည်း သိရသည်။
ထိုညှိနှိုင်းမှုအရ Dr.S.Janakiraman က အိန္ဒိယနယ်စပ် ဒေသရှိ ပြည်သူများ၏ စားနပ်ရိက္ခာ အတွက် မြန်မာ့ဆန်ဝယ်ယူရန် ကမ်း လှမ်းခဲ့ခြင်း ဖြစ်သည်ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံဘက်မှ ယင်းသို့တွေ့ဆုံမှုတွင် ဆန်တင်ပို့ ရောင်းချရေးနှင့် ပတ်သက်ပြီး မြန်မာကုန်သည်များ အိန္ဒိယ ပြည်နယ်ထဲ အထိ ဆန်ပို့ဆောင် ပေးရာတွင် သယ်ယူပို့ဆောင် စရိတ်နှင့် ဆုံးရှုံးနိုင်မှု များပြားနေသည့် အခက်အခဲများနှင့် ငွေပေးချေရာတွင် T.T (Telegraphic Transfer) စနစ်ဖြင့် ဆောင်ရွက်နိုင်မည့် အခြေအနေတို့ကို ညှိနှိုင်းခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။
Telegraphic Transfer စနစ်မှာ ဝယ်သူမှ ငွေကို အရင်ပေးသွင်းပြီးမှ ရောင်းသူက ပစ္စည်းကို တင်ပို့ရသော စနစ် ဖြစ်သည်။
မြန်မာနိုင်ငံသည် ဆန်တင်ပို့မှုကို ပုံမှန်အားဖြင့် ပင်လယ် ရေလမ်းကြောင်းမှ လည်းကောင်း၊ နယ်စပ်လမ်းကြောင်းမှ လည်းကောင်း တင်ပို့နေပြီး နယ်စပ်လမ်းကြောင်း တင်ပို့မှုမှာ ယခုနှစ်များ အတွင်း ပိုမို များပြားလာကြောင်း သိရသည်။
မြန်မာ့ဆန် ပြည်ပတင်ပို့မှုသည် နှစ်စဉ် ဆန်တန်ချိန် ပျမ်းမျှ ၁ သန်းနှင့် ၁ သန်းခွဲ ကြားတွင်ရှိပြီး တရုတ်နိုင်ငံကလည်း တန်ချိန် ၇ သိန်းနှင့် ၈ သိန်း နီးပါး ဝယ်ယူနေသည်ဟု ဆိုသည်။
မြန်မာဘက်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် တရားဝင် တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်ဘက်မှ တရားမဝင်ဟု သတ်မှတ်ပြီး ပြီးခဲ့သည့် လများ အတွင်း အဖမ်းအဆီးများရှိခဲ့သည်။
မြန်မာ့ဆန်များ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရေး အဓိက လိုအပ်ချက်ဖြစ်သည့် တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းများ အရည် အသွေး စစ်ဆေးရေးနှင့် ပိုးမွှားကင်းစင်ရေး ထိန်းချုပ်မှုဌာန AQSIQ ၏ ခွင့်ပြု သဘောတူမှု ရရှိရေး အတွက် မြန်မာအစိုးရ တာဝန် ရှိ သူများနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူများက တရုတ်နိုင်ငံနှင့် ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ဆွေးနွေးပြီး လက်မှတ် ရေးထိုးခဲ့သည်။
ယခု ဘဏ္ဍာနှစ် ၂၀၁၄- ၂၀၁၅ အတွက် လက်ရှိအချိန်အထိ ပြည်ပ တင်ပို့ထားသည့် ဆန်တန်ချိန် စုစုပေါင်းမှာ တန်ချိန် ၇ သိန်း နီးပါး ရှိကြောင်း သိရသည်။