စီးပွားရေး

ရေနံနှင့် သဘာဝဓာတ်ငွေ့ ကမ်းလွန်ရေနက်ပိုင်း လုပ်ကွက်များတွင် မြန်မာကုမ္ပဏီများလည်း လုပ်ကိုင်လို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်များမှ ရေနက်ပိုင်း လုပ်ကွက်များတွင် မြန်မာ ကုမ္ပဏီများက ဖက်စပ်စနစ်ဖြင့် ဝင်ရောက် လုပ်ကိုင်လိုကြောင်း သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် ယခုနှစ် မတ်လများတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက် စုစုပေါင်း ၃၆ ခုကို ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း ကမ်းလွန် ရေနက်ပိုင်းလုပ်ကွက် ၁၀ ခုတွင် ပြည်တွင်း ကုမ္ပဏီများ ပါဝင်ခွင့်မရှိကြောင်း ကုမ္ပဏီများက ပြောသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ရေနံ၊ သဘာ၀ ဓာတ်ငွေ့နှင့် ဆက်စပ်သည့် လုပ်ငန်းများလုပ်ကိုင်နေသော Parami Energy Development Co.Ltd အကြံပေး ဦးတင်ချိုက“ဘာကြောင့်လဲ ဆိုတာ အတိအကျမသိပေမယ့် ကိုယ့်မြန်မာလုပ်ငန်းတွေ ဆုံးရှုံးမှုနည်းအောင်ဆိုပြီး အစိုးရက လုပ်ပုံရတယ်။ ဒါပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း ခေါ်ပါ။ ပြည်တွင်းလုပ်ငန်းရှင်တွေကို ဖက်စပ် သဘောမျိုး တွဲလုပ်ခွင့်ပေးပါ။ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ကမ်းလွန်ရေနံတူးတဲ့ အတွေ့အကြုံကို အဲ့ဒီနိုင်ငံခြား လုပ်ငန်းရှင် တွေ နဲ့တွဲလုပ်မှ ရမှာပေါ့။ လုပ်ငန်းရှင်တွေ တော်တော်များများကတော့ လုပ်ချင်ကြပါတယ်။ လုပ်ခွင့်ရအောင်လည်း ကြိုးစားနေကြ တယ်”ဟု ပြောသည်။

ကမ်းလွန် ရေနက်ပိုင်း လုပ်ကွက်များအတွက် အရင်းအနှီးပမာဏမှာ လွန်စွာများပြားသည်မှာ မှန်သော်လည်း ပြည်တွင်းလုပ်ငန်းရှင် များအနေဖြင့် တွဲလုပ်ခွင့်မရှိပါက အတွေ့အကြုံပိုင်း၊ နည်းပညာပိုင်း ရရှိတော့မည် မဟုတ်သည့် အပြင် အကျိုးအမြတ်နှင့် ပတ်သက် ၍လည်း ပြည်ပကုမ္ပဏီများသာ အစဉ်ရရှိနေမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

“တချိန်ချိန်မှာ သူတို့ မလုပ်တော့ဘူး။ ပြန်သွားပြီးဆိုရင် ဒီကဘယ်သူ လုပ်မှာလဲ။ နည်းပညာမရှိဘူး။ အတွေ့အကြုံမရှိဘူး။ ဒီလုပ် ငန်းတွေမှာ နည်းပညာ ရဖို့တို့၊ အတွေ့အကြုံရှိဖို့တို့က အရမ်း အရေးကြီးပါတယ်။ ဒါမှလည်း ကိုယ့်ရင်းနှီးမှုကို ထိရောက် အောင် ဘယ်လိုလုပ်ရမလဲ သိမှာပေါ့။ ဒါကြောင့်မို့ အနည်းဆုံးတော့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ တွဲပြီး လုပ်ခွင့်ပေးသင့်တယ်ဆိုပြီး တင်ပြထား တာ ရှိပါတယ်”ဟု ဦးတင်ချိုက ပြောသည်။

ပြည်တွင်းပြည်ပ ကုမ္ပဏီများသို့ ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်အတွင်း လုပ်ပိုင်ခွင့် ချထားပေးခဲ့ရာတွင် အမေရိကန် ကုမ္ပဏီ တခု ဖြစ် သော Chevron ကုမ္ပဏီ လည်း ပါဝင်ခဲ့ပြီး အခြားကုမ္ပဏီများမှာ ကနေဒါ၊ ဘရူနိုင်း၊ အိန္ဒိယ၊ မလေးရှား၊ ပါကစ္စတန်၊ အီတလီ၊ လူဇင်ဘတ်၊ ထိုင်း၊ သြစတြေးလျ၊ ဗြိတိန်၊ ဟော်လန်၊ နော်ဝေ၊ ပြင်သစ် နိုင်ငံများမှ ဖြစ်သည်။

နိုင်ငံတကာမှ ကုမ္ပဏီကြီးများ ထိုသို့ ဝင်ရောက်နေသော်လည်း တချို့သော ကော်ပိုရေးရှင်းကြီးများအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စောင့်ဆိုင်းနေသည်များလည်း ရှိကြောင်း ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ကွက်များနှင့် ပတ်သက်သည့် အချက်အလက် ရရှိမှုတွင်လည်း ပြည်ပ ကုမ္ပဏီများအနေဖြင့် အကန့်အသတ် ရှိကြောင်း သိရသည်။

ရေနံ၊ သဘာဝဓာတ်ငွေ့ လုပ်ငန်းများနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နေသော Smart Technical Service Coltd ဥက္ကဌ ဦးကျော်ကျော်လှိုင်က“တကယ်ကြီးတဲ့ ကုမ္ပဏီကြီးတွေလာဖို့က ဒေတာ(အချက်အလက်) မရှိတာလည်း ပါတယ်။ အကွက်တော်တော်မျာများက ဒေတာ မရှိဘူး။ ဒေတာမရှိတဲ့ အပြင်ကို ဒီလူတွေကို ပေးကြည့်တာကလည်း အချိန်ပိုင်းပဲ ပေးကြည့် တာလေ။ Big coporation တွေကို ဝင်စေချင်ရင်တော့ သူတို့က ဒေတာပေါ်မှာ ကြည့်ပြီး စကားပြောတာပဲလေ”ဟု ပြောသည်။

လက်ရှိ ပြည်တွင်းရေနံ သဘာဝဓာတ်ငွေ့ လုပ်ကွက်များတွင် လုပ်ပိုင်ခွင့်ရထားကြသော ပြည်တွင်းပြည်ပ ကုမ္ပဏီ စုစုပေါင်း ၄၇ ခု အနေဖြင့် ၎င်းတို့ ကုမ္ပဏီ၏ အကျိုးအမြတ်ခံစားသည့် ပိုင်ရှင်များကို ထုတ်ဖော်ပြောကြားသည်မှာ ကုမ္ပဏီ အနည်းငယ်သာ ရှိခဲ့ပြီး  အခြားကုမ္ပဏီများမှာ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြောင်း နိုင်ငံတကာ အဖွဲ့အစည်း တခု ဖြစ်သော Global Witness က အစီရင် ခံစာ ထုတ်ပြန်ထားသည်။

ထိုအစီရင်ခံစာမှာ မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ကွက်များ နောက်ဆုံးရောင်းချမှုတွင် အမှန်တကယ် အကျိုးအမြတ်ရသူများ ကို ပြည်သူများ သိရှိရန်မေးမြန်း စုံစမ်းထားသည့် အစီရင်ခံစာလည်း ဖြစ်သည်။

Global Witness မှာ နိုင်ငံတကာနှင့် ဆိုင်သည့် ပဋိပက္ခများ၊ အဂတိလိုက်စားမှုများနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာများကို စောင့်ကြည့် စုံစမ်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading