ရခိုင်ပြည်နယ် ပဋိပက္ခ ဖြစ်ပွားမှု ၂ နှစ်ကျော် အကြာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်ကမှ ညမထွက်ရ အမိန့်ကို ပြန်လည် ရုပ်သိမ်း ပေးခဲ့ ပေမယ့်လည်း စစ်တွေမြို့ရဲ့ တပိုင်တနိုင် စီးပွားရေး လုပ်ကိုင်ကြတဲ့ ဒေသခံ လုပ်ငန်းရှင်တွေဟာ ညမထွက်ရ အမိန့်ရှိစဉ်က အတိုင်း သူတို့ရဲ့ အရောင်းဆိုင်တွေကို ည ၇ နာရီကျော်တာနဲ့ ပိတ်သိမ်းကြတာကို တွေ့ရပါတယ်။
“ကာဖျူး(ညမထွက်ရ) မရှိတော့ပေမယ့် အရင်လိုပဲ ဆိုင်ကို ၇ နာရီကျော်ပြီဆို ပိတ်တယ်၊ လူတွေလည်း ၈ နာရီ နောက်ပိုင်းဆို သိပ် မထွက်ကြတော့ဘူးလေ၊ အဲဒါမို့ ဆိုင်သိမ်းချိန်က အရင်အတိုင်းပဲ”လို့ စစ်တွေမြို့ လမ်းမကြီးပေါ်မှာ ရောင်းချနေတဲ့ ကုန်စုံဆိုင် ပိုင်ရှင် တဦးက ပြောပါတယ်။
စစ်တွေမြို့ရဲ့ စည်ကားလှတဲ့ လမ်းမကြီးပေါ်က ဈေးအရောင်းဆိုင်တွေမှာ ရန်ကုန်မြို့ပေါ်မှာ ဝယ်လို့ရနိုင်တဲ့ ကုန်ပစ္စည်းမျိုးတွေကို လွယ်ကူစွာ ဝယ်ယူရရှိ နိုင်ပါတယ်။ ရောင်းချတဲ့ ဈေးနှုန်းကတော့ ရန်ကုန်ဈေးနှုန်းထက် အနည်းငယ် ဈေးမြင့်တာကို တွေ့ရပါတယ်။
“ဆိုင်တွေလည်း များတယ်၊ ပစ္စည်းစုံလည်း ရှိတယ်၊ ဝယ်တဲ့သူသာ ရှားတာ”လို့ အမျိုးသမီး အဝတ်အထည် အရောင်းဆိုင် ပိုင်ရှင် မနုမ က ပြောပါတယ်။
လူမှုဆက်သွယ်ရေးသုံး ပစ္စည်းတခုဖြစ်တဲ့ လက်ကိုင်ဖုန်း အရောင်းဆိုင်တွေကို စစ်တွေမြို့ရဲ့ နေရာအနှံ့အပြားမှာ ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်ရပြီး ဖုန်းဆိုင်တိုင်းမှာ MPT ဆင်းကတ်များကို လွယ်ကူစွာ ဝယ်ယူနိုင်ကြောင်း ကြေညာထားပါတယ်။ အလားတူ လက် ကိုင်ဖုန်း တံဆိပ် အမျိုးအစား အစုံအလင်ကို ရောင်းချနေတာကိုလည်း တွေ့ရပါတယ်။
Samsung, Nokia, Huawei, HTC အစရှိတဲ့ လက်ကိုင်ဖုန်း အမျိုးအစားတွေအပြင် တရုတ်နိုင်ငံထုတ် ဟမ်းဆက်တွေနဲ့ နိုင်ငံ တကာ ဟမ်းဆက်တွေ၊ မကြာသေးခင်ကမှ စတင် ရောင်းချလိုက်တဲ့ i-Phone 6 အထိပါ ဝယ်ယူ ရရှိနိုင်ပါတယ်။
စစ်တွေမြို့လယ်မှာ စည်ကားမှု ရှိနေပေမယ့် ဖြစ်ပွားခဲတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အကျိူးဆက်တွေက စစ်တွေ မြို့မဈေးကြီး အတွင်းကို ထိခိုက်မှု ရှိနေတယ်လို့ ဈေးအတွင်း ရောင်းချနေကြတဲ့ အရောင်းဆိုင် ပိုင်ရှင်များက ပြောပါတယ်။
အရောင်းပါးခြင်း၊ အလုပ်သမား ရှားပါးခြင်း၊ လုပ်အားခ ဈေးမြင့် ပေးရခြင်းတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုင်ရှင်တွေက ဆိုပါတယ်။
ဈေးကြီးအတွင်း ဝယ်ယူသူကို စောင့်မျှော်နေကြတဲ့ အရောင်းဆိုင် ပိုင်ရှင်တွေကိုတွေ့ရသလို ပိတ်ထားတဲ့ အရောင်းဆိုင် တချိူ့ရှိနေ တာကိုလည်း တွေ့မြင်ရပါတယ်။
စစ်တွေ မြို့မဈေးကြီး အတွင်း စားသောက်ကုန်နဲ့ကုန်ခြောက်ပစ္စည်းတွေ ရောင်းချနေတဲ့ ဒေါ်စောမြက“မငြိမ်းချမ်းတော့ စီပွားရေး လုပ် ရတာ မလွယ်ဘူး။ သားသမီးတွေ ပညာရေးကြောင့်သာ ရောင်းနေရတာ၊ အရောင်းတအား ကျသွားတာ၊ အလုပ်သမားလည်း ရှားတယ်။ ခေါ်ရတာ မလွယ်ဘူး၊ နေ့ကြေးလည်း ပိုပေးရတယ်”လို့ ပြောပါတယ်။
ဘင်္ဂါလီလူမျိုးတွေ စားသုံးကြတဲ့ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန် စတဲ့ စားသုံးကုန်ပစ္စည်းတွေဟာ ပဋိပက္ခ မဖြစ်ခင်က ရောင်းအား ကောင်းခဲ့သော်လည်း ပဋိပက္ခ ဖြစ်ပွားပြီးနောက် အရောင်းထိုင်းလာလို့ အခုအချိန်မှာ ကြက်သွန်ကလွဲရင် ကျန်ကုန်ပစ္စည်းတွေကို ဖြုတ် ထားရတယ်လို့လည်း ဒေါ်စောမြက ဆက်ပြောပါတယ်။
“သူတို့တွေက ငရုတ်သီးအစပ် တအားစားကြတယ်၊ တခါဝယ်ရင် ၅ အိတ် ၁၀ အိတ် ဝယ်တာ၊ ပဲဆိုလည်း ကုလားပဲလုံးတွေ တအား စားတာ၊ အာလူးရောပဲ၊ အဲဒီပစ္စည်းတွေ အကုန်ဖြုတ်ထားလိုက်ပြီ၊ ကျန်ကုန်ခြောက် ပစ္စည်းလောက်ပဲ ရောင်းတော့တယ်” လို့ ဒေါ်စောမြက ဆိုပါတယ်။
သူရဲ့ ဆိုင်ဘေးက ပိတ်ထားတာ ကြာပြီဖြစ်တဲ့ ဈေးဆိုင်ခန်းတွေကို မေးငေါ့ပြရင်း“သူတို့ရဲ့ ဆိုင်တွေပေါ့၊ ပဋိပက္ခ ဖြစ်ပြီးကတည်းက ပိတ်သွားကြတာ”လို့လည်း သူက ပြောပြပါသေးတယ်။ အရင်ကတော့ အဲဒီဆိုင်တွေကို ဘင်္ဂါလီလူမျိုးတွေ ပိုင်ဆိုင် ရောင်းချကြ တယ် လို့ သိရပါတယ်။
ပဋိပက္ခမတိုင်ခင်က ဈေးကြီးအတွင်း အောက်ခြေသိမ်း အလုပ်ကြမ်း မှန်သမျှ ဘင်္ဂါလီလူမျိုးတွေကပဲ လုပ်ကိုင်ကြပြီး လုပ်အားခ ဈေးနှုန်းကလည်း သက်သာတယ်လို့ အရောင်းဆိုင်ရှင်တချိူ့က ပြောပါတယ်။ ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်း လုပ်သား လိုအပ်ချက်ကြောင့် ရခိုင်လူငယ် တချိူ့က ဝင်ရောက် လုပ်ကိုင်လာကြတယ်လို့လည်း သိရပါတယ်။
“သူတို့တွေ လုပ်ကြတုန်းက အလုပ်ကြမ်းတွေ လုပ်နိုင်တယ်။ လုပ်အားခလည်း သက်သာတယ်။ အရင် လုပ်အားခ ၁၀၀ ပေးရရင် အခု ဆို ၂၀၀ ပေးရတယ်။ လုပ်နိုင်တဲ့လူက နည်းတော့ လုပ်သားရဖို့ အတော်ရှာရ စောင့်ရတယ်”လို့ စစ်တွေဈေးကြီးရှေ့ ရေသန့်နဲ့ အချိူရည်မျိုးစုံ ရောင်းချနေတဲ့ ဒေါ်ခင်စောတင့်(အမည်လွှဲ)က ပြောပါတယ်။
အလုပ်ကြမ်းတွေ လုပ်ကိုင်ကြတဲ့ ဘင်္ဂါလီလူမျိုးတွေ မရှိတော့ချိန်မှာ စစ်တွေဈေးကြီးအတွင်း ကုန်ပစ္စည်းတွေ သယ်ဆောင် ပေးနေ တဲ့ အလုပ်ကြမ်းသမား ရခိုင်လူမျိုး အသက် ၂၁ နှစ်အရွယ် မောင်ရှည်က “မနက် ၆ နာရီကနေ ညနေ ၅ နာရီ အထိ လုပ်မှ တနေ့ ၅ ထောင် ၈ ထောင် ရတာ၊ ငါး ရာသီဆို ဒီမှာမလုပ်တော့ဘူး”လို့ ပြောပါတယ်။
အလုပ်ကြမ်းသမား အဖြစ် လုပ်ကိုင်နေသူ အချိူ့က ယခင်က ငါးဖမ်းလှေ လိုက်ကြပြီး လစာကလည်း ပုတ်ပြတ် ရာသီကြေး အလိုက် လုပ်အားခ ကျပ်သိန်းချီ ရကြလို့ အခုလို အလုပ်မျိုးကို မလုပ်ကိုင်ကြဘူးလို့ မောင်ရှည်က ဆိုပါတယ်။
လက်ရှိမှာ အလုပ်ကြမ်းသမားအဖြစ် ဝင်ရောက် လုပ်ကိုင်နေသူတွေက လယ်ယာလုပ်ငန်းခွင်က သူတွေ၊ ငါးဖမ်းလုပ်သားတွေ ဖြစ် တယ်လို့ မောင်ရှည်က ဆက်ပြောပါတယ်။ မူလလုပ်ကိုင်နေတဲ့ လုပ်ငန်းခွင် ရာသီချိန် ရောက်တော့မှာမို့ ပြန်ဝင်လုပ်တော့မှာလို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် စားဝတ်နေရေး ခက်ခဲတဲ့ စစ်တွေမြို့ခံ အသက်အရွယ် မပြည့်သေးတဲ့ ကလေး အလုပ်သမားလေးတွေဟာ ကုန်ပစ္စည်း သယ်ဆောင်ကြတဲ့ အလုပ်ကို ဝင်ရောက် လုပ်ကိုင်ကြတယ်လို့ ဈေးအရောင်းဆိုင်ရှင် တချိူ့က ပြောပါတယ်။
“လူလေးတွေက အကောင်သေးသေးလေးတွေနဲ့ ပစ္စည်းတွေ မနိုင်မနင်း သယ်နေကြတာကို မြင်မကောင်းပေမယ့် လုပ်သားက မရှိဘူးလေ။ သူတို့ကိုပဲ ရေရှည် အားကိုးရမှာဆိုတော့ ခေါ်ခိုင်းနေရတာပဲ”လို့ ဒေါ်ခင်စောတင့် က ဆိုပါတယ်။
ပဋိပက္ခ မတိုင်ခင် ပုံမှန်အနေအထားမျိုး ပြန်မရောက်သေးပေမယ့် စစ်တွေမြို့လယ် လမ်းမကြီး တလျှောက်မှာ ဒေသခံများအခေါ် မြို့အတွင်း လွယ်ကူစွာ သွားလာနိုင်တဲ့ ၃ ဘီးတပ် တုတ်တုတ်ယာဉ်၊ ၄ ဘီး အငှားယာဉ်များ၊ ဆိုက်ကားများ၊ ဆိုင်ကယ်များက ဥဒဟို သွားလာနေပါတယ်။
ထိုစက်တပ်ယာဉ်များ အကြားမှာ INGO အဖွဲ့အစည်းကြီးတွေဖြစ်တဲ့ UN တံဆိပ်ပါ ကားတွေနဲ့ လုံခြုံရေးကားတချိူ့ မောင်းနှင် သွားလာနေတာကိုလည်း တွေ့ရပါတယ်။
စည်ကားလှတဲ့ လမ်းမကြီး နှစ်ဖက်မှာ အရောင်းဆိုင်တွေ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်ကြီးတွေ ဖွင့်လှစ်ထားတာကို တွေ့ရသလို စီးပွားရေးအရ ကူးသန်းရောင်းဝယ် သွားလာကြတဲ့ ကုန်တင်ကားတွေ၊ ကုမ္ပဏီ တံဆိပ်ပါ ကားတွေကိုလည်း မြင်တွေ့ရပါတယ်။
ညမထွက်ရ အမိန့် ရုပ်သိမ်းတာ မကြာသေးပေမယ့် စစ်တွေမြို့လယ်က ဟိုတယ်များကတော့ ဧည့်သည် အဝင်အထွက်နဲ့ လူအပြည့် ရှိနေတာကို တွေ့မြင်ရပြီး ဧည့်သည်တွေ လာရောက်မှု များလာတယ်လို့ ဟိုတယ် ဝန်ထမ်းတွေက ဆိုကြပါတယ်။ ပဋိပက္ခ နောက်ပိုင်းမှ ဖွင့်တဲ့ ဟိုတယ် အသေးစားတွေ ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဟိုတယ်တွေကို ရခိုင်ပြည်နယ် အတွင်းက ဒေသခံတွေ လာရောက် တည်းခိုမှု များသလို ပဋိပက္ခနောက်ပိုင်း ရောက်ရှိလာကြတဲ့ INGO ဝန်ထမ်းတွေနဲ့ နိုင်ငံခြားသားတွေလည်း တည်းခိုမှု များလာတယ်လို့ သိရပါတယ်။
“အခန်းလိုချင်ရင် ကြိုတင်ဘွတ်ကင် တင်ထားမှ သေချာတယ်။ ဧည့်သည်တွေက မပြတ်ဘူး။ စီးပွားရေး၊ အလုပ်ကိစ္စတွေနဲ့ တခြားမြို့တွေဖြစ်တဲ့ မြောက်ဦး၊ ကျောက်ဖြူ၊ ပေါက်တောဘက်က လာတည်းကြတဲ့သူတွေ ရှိသလို ရန်ကုန်က အလုပ်ကိစ္စနဲ့ လာတဲ့ သူ တွေ၊ နိုင်ငံခြားသားတွေလည်း တည်းကြတယ်။ INGO ဝန်ထမ်းတွေကတော့ ရက်ရှည် နေကြတာများတယ်”လို့ ရွှေသဇင် ဟိုတယ် ဝန်ထမ်းတဦး ဖြစ်တဲ့ မဝါဝါက ပြောပါတယ်။
ဟိုတယ်ခန်းတွေက ပြည်တွင်း အခြားဒေသများထက် ဈေးမြင့်တာကိုလည်း တွေ့ရပါတယ်။ တရက်စာ တည်းခိုခက မနက်စာပါ ၁ ယောက်ခန်းကို တည်းခိုပါက ကျပ် ၃ သောင်းနဲ့ ၂ ယောက်ခန်း ဆိုပါက ကျပ် ၄ သောင်း အထိ ပေးရပါတယ်။ ဟိုတယ်ဝန်ထမ်းတွေရဲ့ လစာက စားစရိတ်နဲ့ ဝန်ဆောင်မှု စရိတ် ထောက်ပံ့ခြင်းမပါ တလကို ကျပ် ၉ သောင်းမှ တသိန်းဝန်းကျင် ရတယ်လို့ သိရပါတယ်။
စစ်တွေမြို့မှာ ဒေသခံတွေ အဓိက လုပ်ကိုင်ကြတဲ့ ရေလုပ်ငန်းမှာလည်း ထိခိုက်မှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။ ရေလုပ်ငန်းက ရာသီချိန်အလိုက် ပင်လယ်မှာ ငါးဖမ်းကြတဲ့ လုပ်ငန်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရေလုပ်ငန်းတွေမှာ ယခင်က ဘင်္ဂါလီ လူမျိုးတွေက ဈေးပေါပေါနဲ့လုပ်သားများအဖြစ် ဝင်လုပ်ကြတာ ရှိသလို၊ လစာပေးရနှုန်းလည်း သက်သာတယ်လို့ ရေလုပ်ငန်း တပိုင်တနိုင် လုပ်ကိုင်ကြသူတွေက ပြောပါတယ်။
ဒေသခံ ရေလုပ်ငန်း လုပ်ကိုင်သူတွေက ပဋိပက္ခ မဖြစ်ပွားခင်က ကိုယ်ပိုင် ငါးဖမ်းလှေရှိကြတဲ့ ဘင်္ဂါလီ လုပ်ငန်းရှင် တချိူ့ကို ငွေအရင်းအနှီး ကြိုတင် ချထားပေးပြီး ငါးဖမ်းရာသီချိန် ရောက်ချိန်မှ ဖမ်းမိတဲ့ငါးတွေ ပြန်သွင်းကာ ယူထားတဲ့ ငွေကြေးကို ပြန်လည် ပေးဆပ်ကြတဲ့ စနစ်မျိုး နှစ်ဦးအကျိူးတူ လုပ်ကြတာတွေ ရှိတယ်လို့ ရေလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးကျော်ဇံ (အမည်လွှဲ) က ပြောပါတယ်။
“ပဋိပက္ခ မဖြစ်ခင်က သူတို့တွေလိုတဲ့ ပိုက်ဆံကို ထုတ်ပေး၊ ငါးရာသီရောက်လို့ ရတဲ့ ရေထွက်ပစ္စည်း ပြန်ယူတာမျိုး လုပ်တယ်။ ပစ္စည်းတွေကို ကျနော်တို့က ရန်ကုန်တို့၊ မူဆယ်တို့ ဆက်ပို့တာပေါ့။ ပဋိပက္ခလည်း ဖြစ်ရော ကြိုထုတ်ပေးထားတဲ့ ပိုက်ဆံတွေ သူတို့နဲ့ ပါသွားတယ်။ သူတို့လည်း ပစ္စည်းဥစ္စာတွေ ဆုံးရှုံးကုန်တော့ ပေးထားတာတွေ ကုန်သွားတာပေါ့”လို့ သူက ဆိုပါတယ်။
ရခိုင်လုပ်ငန်းရှင်တချိူ့က ဘင်္ဂါလီလူမျိုးတွေကို ပေးထားတဲ့ ငွေကြေးတွေ ဆုံးရှုံးခဲ့သလို စစ်တွေမြို့ အနောက်ဘက် ဘုမင်ရွာ၊ သဲချောင်းရွာ တလျှောက်ရှိ ဒုက္ခသည်စခန်းမှာ ရောက်ရှိ နေထိုင်နေကြတဲ့ ဘင်္ဂါလီ လုပ်ငန်းရှင်တချိူ့ကလည်း သူတို့ရဲ့ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခဲ့ပြီး လက်ရှိနေရေးထိုင်ရေးမှာ ဒုက္ခတွေ့နေရတယ်လို့ သူတို့က ပြောပါတယ်။
“အရင်က ငါးဖမ်းလှေ ၁၀ စီး ရှိတာ အခု လှေ ၂ စီးပဲ ကျန်တော့တယ်။ ကျန်တဲ့လှေတွေက ဖျက်ဆီးခံလိုက်ရတယ်။ လှေမှာလည်း ငါးဖမ်းပိုက် မစုံတော့ အဆင်မပြေဘူး။ ပိုက်တန်ဖိုးက တခုကို သိန်း ၃၀ ရှိတယ်။ အရင်းအနှီး မရှိဘူး။ ဘယ်မှာမှလည်း မရနိုင်ဘူး။ ရာသီဥတုကလည်း ကြမ်းတော့ အလုပ်နားထားရတယ်”ဟု ဘင်္ဂါလီ လူမျိုး ရေလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးအစ္စလာမ်က ပြောပါတယ်။
ဒုက္ခသည် စခန်းမှာ ရောက်နေကြတဲ့ အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ် အတော်များများကလည်း အလုပ်လုပ်ကိုင်စရာ မရှိကြဘဲ ဝင်ငွေ မရှိကြတာကြောင့် ရေလမ်းကြောင်းက ခိုးထွက်ပြီး လှေနဲ့ ပြည်ပမှာ အလုပ်လုပ်ဖို့ စိတ်ကူးနေကြတယ်လို့ သိရပါတယ်။
“လှေနဲ့ ခိုးထွက်ဖို့က မလွယ်ပါဘူး။ ပင်လယ်ဝမှာ ရေတပ်လည်း ရှိနေတယ်။ သူတို့က မသိချင်ယောင်ဆောင်ပေးလည်း ဒီလှေလေး နဲ့ သွားချင်တဲ့ နေရာရောက်ဖို့ မလွယ်ဘူး။ လှိုင်းကလည်း ကြမ်းတယ်။ ဟိုဘက် ရောက်သွားတော့ရော၊ နေမထူး သေမထူး စိတ်နဲ့ သွားမှသာ ဖြစ်မယ်”လို့ ဘုမင်ရွာရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းမှာ နေထိုင်တဲ့ ဦးအောင်ဝင်းက ပြောပါတယ်။
ပဋိပက္ခ မတိုင်ခင် အချိန်ကရော အခုအချိန်ထိပါ စစ်တွေမြို့ရဲ့ အဓိကလုပ်ငန်းတခုဖြစ်တဲ့ ရေလုပ်ငန်းက ကျဆင်းနေတယ်လို့ သိရ ပါတယ်။ ဒီလိုကျဆင်းတာက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကြောင့် မဟုတ်ဘဲ အစိုးရရဲ့ ပေါ်လစီ မှားယွင်းမှုကြောင့်လို့ ဒေသခံ ရေလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးဇော်ဝင်းက ပြောပါတယ်။
“ရေလုပ်ငန်းကို ဖွံ့ဖြိုးအောင် လုပ်ပေးရမယ်။ အခုနှစ်ပိုင်းတွေမှာ အခွန်တွေ လျော့သွားတယ်။ တနှစ်တနှစ် ပေးရတဲ့ အခွန်တွေက မနည်းဘူး။ ဒေသဖွံ့ဖြိုးရေး အခွန်တင် တနှစ်ကို သိန်း ၃၀၊ ၄၀ ဆောင်ရတာ။ ရေထွက်ခွန် ဆောင်ရတယ်။ လက်ရှိ လုပ်ကိုင်သူတွေ ကြုံနေရတာက ထွက်နှုန်းက လျော့တယ်၊ ကုန်ကျစရိတ်က တက်တယ်။ ထွက်နှုန်းနဲ့ ရတဲ့ဈေး မကိုက်လို့ ရပ်နားထားတဲ့သူ များလာ တယ်”လို့ သူက ဆိုပါတယ်။ အခုနှစ်ပိုင်းကစပြီး အခွန်အခတွေ လျော့လာတယ်လို့လည်း သူက ဆက်ပြောပါတယ်။
သက်ဆိုင်ရာ ပြည်နယ် အစိုးရအပြင် ငါးလုပ်ငန်း အဖွဲ့အစည်းတွေဖြစ်တဲ့ NGO အဖွဲ့တွေက အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ ငါးဖမ်း သမားတွေရဲ့ အခြေအနေကို ဆင်းလာကြည့်ပြီး ထိရောက်တဲ့ ပံပိုးမှု လုပ်ပေးသင့်တယ်လို့ ဦးဇော်ဝင်းက ဆိုပါတယ်။
“ကိုယ့်လုပ်ငန်း မပျောက်အောင်၊ ကိုယ့်ဝန်ထမ်းတွေ အဆင်ပြေအောင်လို့ လုပ်ငန်းကို ဆက်လုပ်နေရတဲ့ သဘောပဲ၊ ရခိုင်လူမျိုးတွေ ဆင်းရဲနေကြတယ် ဆိုတာ အစိုးရ အဆက်ဆက် စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့လို့ပါ။ ဒီပဋိပက္ခကြောင့် မဟုတ်ပါဘူး”လို့ ဦးဇော်ဝင်းက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ပဋိပက္ခ မီးပွားက စစ်တွေမြို့ကိုလည်း လောင်ကျွမ်းခဲ့ပြီး အရင်ကအတူယှဉ်တွဲ နေထိုင်လုပ်ကိုင်ခဲ့ကြ တဲ့ လူ့အဖွဲ့အစည်း နှစ်ဖွဲ့အကြားမှာ အမုန်းတရား သံသယတွေ ဖြစ်ပေါ်ခဲ့သော်လည်း အခုအချိန်မှာတော့ ဒီပဋိပက္ခရဲ့ အဓိက လက်သည်ဟာ နှစ်ဘက် လူ့အဖွဲ့အစည်းရဲ့ အပြစ်များကြောင့် မဟုတ်ဘဲ အစိုးရရဲ့ အုပ်ချူပ်မှု ညံ့ဖျင်းမှု၊ လာဘ်ပေးလာဘ်ယူမှုတွေကြောင့်သာ ဖြစ်လာရတယ်လို့ ဒေသခံတချိူ့က တွေ့မြင်သုံးသပ်လာပါတယ်။
ဒေသခံ တချိူ့က ပဋိပက္ခရဲ့ အဓိက လက်သည်ကို တွေ့မြင်လာပေမယ့် ပြင်းထန်လှတဲ့ ပဋိပက္ခဒဏ်ကြောင့် အမုန်းတရား ကြီးမား နေသူတွေ အကြား သူတို့ရဲ့ အမြင်တွေကို ပွင့်ပွင့််လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးနေကြပါသေးတယ်။
စီးပွားရေး လုပ်ငန်းအရ တဖက် အသိုင်းအဝန်းနဲ့ တဖက် လျှျို့ဝှက်စွာ ကူးသန်းလုပ်ကိုင်နေတာတွေ ရှိနေပြီး သူတို့ ဒီလိုလုပ်ကိုင် ဆောင်ရွက်နေတာကို အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်ကြတဲ့ ရခိုင်လူထု အဖွဲ့အစည်းတွေ သိရှိသွားမှာကိုလည်း စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
ဘင်္ဂါလီ ဒုက္ခသည် စခန်းရှိရာ ဘုမင်ရွာမှာ ကုန်ပစ္စည်းများ လာရောင်းချတဲ့ ရခိုင်လူမျိုး ကိုသာအေး(အမည်လွှဲ)က“သူတို့စခန်းမှာ လိုအပ်တဲ့ ပစ္စည်းမှန်သမျှ ကျနော် ပို့ပေးတာပဲ။ သယ်ယူစရိတ် ရတယ်။ ဒါက ကျနော့် စီပွားရေးပဲ။ စခန်းတွင်းမှာ ဘယ်သူကမှ ရန်မပြုကြသလို၊ နှောင့်ယှက် လုယက်တာမျိုးလည်း မရှိဘူး။ ဒီလို လုပ်ကိုင်နေတာကို သတိထားဖို့ မိတ်ဆွေတွေကတော့ သတိပေး နေကြတာပါပဲ” လို့ ပြောဆိုပါတယ်။ ။