စီးပွားရေး

ပြည်တွင်း ကျောက်စိမ်း ရောင်းပွဲ စံချိန်သစ် တင်

This article has been converted from Zawgyi One to Unicode

ယခု သီတင်းပတ်အတွင်းတွင် ပြည်တွင်း ကျောက်မျက်လုပ်ငန်းရှင်များအတွက် အဓိကထား၍ ပြုလုပ်ခဲ့သော ကျောက်မျက် ရတနာပြပွဲတွင် ကျောက်စိမ်း ရောင်းချမှုနှုန်း စံချိန်သစ်တင် နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်း အရောင်းကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသူက ယခု အပတ်အတွင်း ကျောက်စိမ်းရောင်းချမှုမှ ကျပ်ငွေ ၁၂၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၆ သန်း) အထိ ရှိခဲ့ကာ လွန်ခဲ့သော ဇန်နဝါရီလအတွင်း ရရှိခဲ့သော စံချိန်ဖြစ်သည့် ကျပ်ငွေ ၇၀ ဘီလီယံကို ကျော်လွန်၍  စံချိန်သစ် တင်နိုင်ခဲ့သည်ဟု ဧရာဝတီသို့ အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြောသည်။

မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းနှင့် ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများက ပြည်တွင်း ကျောက်မျက်လုပ်ငန်းရှင်များ အတွက် ကျောက်စိမ်းတွဲ  ၆၉၈၂ တွဲ ပြသရောင်းချခဲ့ရာ ၎င်းအနက်မှ ၅၉၈၈ တွဲကို လေလံဆွဲ ဝယ်ယူခဲ့ကြကြောင်း သိရသည်။ အောက်တိုဘာ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်၌ ရက်သတ္တ တပတ်ကြာ ကျင်းပခဲ့သော အဆိုပါ ကျောက်ပြရတနာပြပွဲသို့ ပြည်တွင်း ကျောက်မျက်လုပ်ငန်းရှင် ၁၀၀၀ ကျော် လာရောက်ခဲ့ကြသည်။

“ဒီ ငွေပမာဏက ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပြည်တွင်းလုပ်ငန်းရှင်တွေကို ရောင်းချခဲ့သမျှ ထဲမှာ အမြင့်ဆုံးပါပဲ” ဟု ဦးမင်းသူ က ပြောသည်။ အလားတူ ကျောက်မျက်ရတနာ ပြပွဲများကို ၂၀၁၁ ခုနှစ်မှ စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် ကျောက်မျက်ရတနာ ပြပွဲ၌ တန်ကြေးအမြင့်ဆုံးဖြစ်သော ကျောက်စိမ်းတွဲကို ကျပ်ငွေ သန်း ၅၀၀ ဖြင့် ရောင်းချ နိုင်ခဲ့သည်။ ရောင်းချခဲ့သည့် ကျောက်စိမ်းအားလုံးနီးပါးမှာ ကချင်ပြည်နယ် ဖားကန့် ဒေသမှ ထွက်ရှိသော ကျောက်စိမ်းများ ဖြစ်သည်။

“ကျနော်တို့ ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် သီးသန့်ပြုလုပ်တဲ့ ဒီလို ကျောက်မျက်ရတနာပြပွဲမျိုး တနှစ်ကို အနည်းဆုံး ၂ ကြိမ်လောက် ပြုလုပ်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ကျောက်တွေကို မြန်မာငွေနဲ့ ရောင်းချပေးရင်  ပြည်တွင်းငွေက ဈေးကွက်ထဲကို စီးဆင်းနိုင်မှာ ဖြစ်ပါတယ်။ ဇူလိုင်လမှာ ပြုလုပ်တဲ့ နှစ်လည် ကျောက်မျက်ပြပွဲမှာဆိုရင် ယူရိုငွေနဲ့ပဲ ရခဲ့ပါတယ်” ဟု ဦးမင်းသူက ဆက်ပြောသည်။

၂၀၁၃ ခုနှစ်အတွင်း၌ ပြည်တွင်း ကျောက်မျက်လုပ်ငန်းရှင်များ အတွက် ပြုလုပ်သော ကျောက်မျက်ရတနာပြပွဲ မရှိခဲ့ပေ။ အစိုးရမှ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက် ရှိခဲ့သည့် အစိုးရစစ်တပ်နှင့် ကချင်လက်နက်ကိုင် တပ်များအကြား တိုက်ပွဲများကြောင့် ကချင်ပြည်နယ်အတွင်း ကျောက်တူးဖော်မှုများကို တားမြစ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျောက်စိမ်းအများဆုံး ထုတ်လုပ်နေသော နိုင်ငံဖြစ်ပြီး ၎င်းတို့အနက်မှ အများစုမှာ မန္တလေးမြို့၏ မြောက်ဘက် ၃၅၀ ကီလိုမီတာ အကွာရှိ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားသော ကချင်ပြည်နယ် တောင်တန်းဒေသများမှ ထွက်ရှိသော ကျောက်စိမ်းများ ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အစိုးရက ထိုဒေသအတွင်းရှိ အကြီးစား ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများကို ပိတ်ပင်တားမြစ်လိုက်သော်လည်း အသေးစား တူးဖော်သည့် လုပ်ငန်းများနှင့် လက်ဖြင့် တူးဖော်သူများကမူ ဆက်လက်၍ တရားမဝင်တူးဖော်မှုများ ပြုလုပ်နေကြဆဲ ဖြစ်သည်။

ယခုနှစ် စက်တင်ဘာလ အစောပိုင်းတွင် အစိုးရက ကချင်ပြည်နယ်အတွင်း ကျောက်တူးဖော်သည့် လုပ်ငန်းများကို ပြန်လည် လုပ်ကိုင်ရန် ခွင့်ပြုခဲ့ပြီး ကျောက်စိမ်း အရိုင်းတုံးများအတိုင်း နိုင်ငံခြားသို့ တင်ပို့ခြင်းကို လျှော့ချခြင်းအားဖြင့် ကုန်ချောအနေဖြင့် တန်ဖို့မြှင့် ထုတ်ကုန်အဖြစ် တင်ပို့ခြင်းကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

မန္တလေးမြို့မှ မြန်မာရတနာအောင်ဇမ္ဗူ ကျောက်မျက်ရတနာ ဆိုင်ပိုင်ရှင် ဦးအောင်သိန်းက ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ကျောက်တူးဖော်ခြင်းလုပ်ငန်းများကို အစိုးရမှ ယာယီပိတ်ပင်ထားခဲ့သော်လည်း ပြည်တွင်း ကျောက်ဈေးကွက်အပေါ် အဆိုးဘက်မှ သက်ရောက်ခဲ့ခြင်းမရှိဟု ပြောသည်။

“အစိုးရကတော့ ကျောက်ရိုင်းတုံးတွေကို ကုန်သည်တွေကို ရောင်းချတာတွေ လျှော့မယ်လို့ ပြောထားတာတွေ ရှိပါတယ်။ ကုန်သည်တွေဆိုတာ နိုင်ငံခြား ကုန်သည်တွေကို ပြောတာပါ။ ပြည်တွင်း ကျောက်လုပ်ငန်းရှင်တွေအတွက် ဈေးကွက်ကတော့ ခိုင်နေတုန်းပါပဲ။ ဒါပေမယ့် လေလံအောင်သွားတဲ့ ပြည်တွင်း ကုန်သည်တချို့က သူတို့ရဲ့ ပစ္စည်းတွေကို အကြောင်းအမျိုးမျိုးကြောင့် လာမယူဘူး၊ ငွေမချေဘူး လို့ ကြားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဇူလိုင်လ အတွင်းတွင် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများမှ နိုင်ငံခြားလုပ်ငန်းရှင်များအား ယူရို ၂ ဒသမ ၆ ဘီလီယံ (အမေရိကန် ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ) တန်ဖိုးရှိ ကျောက်စိမ်းများ ရောင်းချနိုင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်က ရရှိခဲ့သည့် ယူရို ၂ ဘီလီယံ ထက် များခဲ့ကြာင်း သတ္တုတွင်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောကြားခဲ့သည်။ ယခုနှစ်ပြုလုပ်ခဲ့သော နိုင်ငံခြား လုပ်ငန်းရှင်များအတွက် ကျောက်မျက်ရတနာပြပွဲ၌ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အစိုးရပိုင်လုပ်ငန်းများက ကျောက်စိမ်း အရိုင်းတုံးများ အပါအဝင် ကျောက်တွဲပေါင်း ၇၁၆၀ ပြသရောင်းချခဲ့ရာတွင် ကျောက်တွဲ ၆၀၀၀ ခန့် ရောင်းချခဲ့ရသည်ဟု သိရသည်။

ကျောက်စိမ်းရိုင်းများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ ရောင်းချပြီး တရုတ်နိုင်ငံမှ ကုန်သည်များနှင့် တရုတ် ရိုးရာ ပန်းပု ထုလုပ်သူများ၊ ကျောက်မျက်ရတနာ ပြုလုပ်သူများက ဈေးကောင်းပေး ဝယ်လေ့ရှိကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဧရာဝတီသို့ ပေးအပ်ခဲ့သည့် ကုန်သွယ်ရေးဆိုင်ရာ စာရင်း အချက်အလက်များ အရ ၂၀၁၁ – ၂၀၁၂ ခုနှစ် အတွင်းတွင် ကျောက်စိမ်းမှ အမေရိကန်ဒေါ်လာ သန်း ၇၈၀ ရရှိခဲ့သဖြင့် သဘာ၀ ဓာတ်ငွေ့ပြီးလျှင် နိုင်ငံအတွက် ဝင်ငွေ ဒုတိယ အများဆုံး ရှာဖွေပေးနေသည့် အရင်းအမြစ် ဖြစ်သည်ကို တွေ့ရှိရသည်။ သို့သော်လည်း အမေရိကန်နိုင်ငံ ဟားဗတ် တက္ကသိုလ်ရှိ Ash Centre မှ ၂၀၁၃ ခှနှစ် ဇူလိုင်လတွင် ထုတ်ပြန်သော အစီရင်ခံစာတစောင်တွင် မြန်မာနိုင်ငံ၏ ကျောက်စိမ်း ရောင်းချမှုတန်ဖိုးသည် ၂၀၁၁ ခုနှစ် တနှစ်အတွင်းမှာပင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံအထိ ရှိခဲ့သည်ဟု ဖော်ပြထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ သတင်းထောက် ကျော်ဆုမွန်၏ Record Haul in Jade Sales to Burmese Traders ကို ဘာသာပြန်ဆိုသည်)

Loading