စီးပွားရေး

ထားဝယ်စီမံကိန်း ပြန်စရေး ဂျပန် လေ့လာမည်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံနှင့် မြန်မာတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယမန်နှစ်မှစတင်၍ ရပ်တန့်နေခဲ့သည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည် လည်ပတ်ရေးအတွက် ဂျပန်နိုင်ငံက လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီး ဦးအေးမြင့်သည် အောက်တိုဘာ ၁၄ ရက်နေ့က ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဂျပန် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာနမှ နိုင်ငံတကာ ရေးရာ ဒုဝန်ကြီး နိုရီဟီကို အီရှီဂုရော (Norihiko Ishiguro) နှင့် တွေ့ဆုံခဲ့သည်။ ဒုဝန်ကြီး နိုရီဟီကို အီရှီဂုရောက ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း လေ့လာမှု ၃ ခု ဆောင်ရွက်နိုင်ရေး ဂျပန်နိုင်ငံက ဒေါ်လာ ၇ သိန်း သုံးစွဲသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

လေ့လာရေး လုပ်ငန်းများကို ယခုလကုန်ပိုင်းတွင် စတင်ပြုလုပ်မည်ဖြစ်ပြီး လာမည့်နှစ် မတ်လတွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းတွင် ပြုလုပ်ရန် လျာထားသည့် ထားဝယ် အထူးစီးပွားရေးဇုန်အတွက် မဟာစီမံကိန်းတရပ်ကို ဂျပန်က ရေးဆွဲပေးသွားမည်ဖြစ်ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြသည်။

“သူတို့ (ဂျပန်) က စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်း ဝန်ကြီးဌာနနဲ့ Economic Research Institute for ASEAN and East Asia တို့ရဲ့ ထောက်ပံ့မှုနဲ့ ဒီစီမံကိန်းကို လုပ်ဆောင်သွားမှာ ဖြစ်တယ်” ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည့် ပို့ဆောင်ရေးဝန်ကြီးဌာန ဒု ဝန်ကြီး ဦးဟန်စိန်က ဧရာဝတီသို့ ပြောကြားခဲ့သည်။

Economic Research Institute for ASEAN and East Asia သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အခြေစိုက်သည့် အဖွဲ့အစည်းဖြစ်ပြီး အာဆီယံနှင့် အရှေ့အာရှ ထိပ်သီး အစည်းအဝေးအတွက် မူဝါဒရေးရာ ဆန်းစစ်လေ့လာမှုများ ဆောင်ရွက်ပေးနေသည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ပြုလုပ်မည့် လေ့လာမှုများထဲတွင် ဘင်္ဂလားပင်လယ်အော်နှင့် အရှေ့တောင်အာရှ ကုန်းမြေကြားတွင် ဗျူဟာမြောက် တည်ရှိသည့် နေရာဖြစ်သည့်အတွက် အိန္ဒိယတောင်ပိုင်းနှင့် မဲခေါင်ဒေသတို့အကြား ကုန်သွယ်ရေးကို မြန်ဆန် တိုးတက်ကောင်းမွန်လာစေမည့် စက်မှုလုပ်ငန်းနှင့် အခြေခံ အဆောက်အဦဆိုင်ရာ အချက်အချာ နေရာတခု မည်သို့ ဖြစ်လာနိုင်မည်နည်းဆိုသည့် အချက်လည်း ပါဝင်သည်ဟု ဒု ဝန်ကြီး ဦးဟန်စိန်က ဆိုသည်။

အစိုးရသတင်းစာများ ဖော်ပြချက်အရ မြန်မာ၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းလုပ်ကိုင်ရေးနှင့် စီမံကိန်းအတွက် နည်းပညာဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး လေ့လာမည်ဟု သိရသည်။ ထို့အပြင် ထားဝယ်အထူး စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍ၏ ငွေကြေးထောက်ပံ့မှု မည်မျှလိုနိုင်သနည်းဆိုသည်ကိုလည်း လေ့လာမည်ဟု သိရသည်။

အောက်တိုဘာလ ပထမပတ်က ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် သမ္မတ ဦးသိန်းစိန်တို့ မြန်မာနိုင်ငံတွင် တွေ့ဆုံခဲ့ပြီး ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ပြန်လည် စတင်ရန် သဘောတူညီခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ထိုင်းနိုင်ငံအနေဖြင့် စီမံကိန်းအတွက် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်မည့် နည်းဗျူဟာ ရှာဖွေရန် လိုအပ်သည်ဟု ပြောခဲ့ကြောင်း၊ ပထမအဆင့် ဧက ၆ ထောင်အတွက် လုပ်ပိုင်ခွင့်ရရှိမည့် ရင်းနှီးမြှုပ်နှံမှုကို နိုဝင်ဘာလတွင် ထုတ်ပြန်မည်ဟု ကြေညာခဲ့ကြောင်း ထိုင်းမီဒီယာများ ဖော်ပြချက်အရ သိရသည်။ အိန္ဒိယနိုင်ငံကိုလည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်လာရန် ဖိတ်ခေါ်ခဲ့ကြောင်းလည်း သိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း ပြုလုပ်မည့် အထူးစီးပွားရေးဇုန် စီမံကိန်းသည် အမေရိကန် ဒေါ်လာ ဘီလီယံများစွာ ကုန်ကျမည့် စီမံကိန်းကြီးတခုဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ အကြီးစား စက်မှုလုပ်ငန်းကြီးများနှင့် ကျယ်ပြန့်သည့် ဆက်သွယ်ရေးလမ်းကြောင်းများ ပါဝင်မည်ဖြစ်သည်။

ထိုစီမံကိန်းကို လုပ်ကိုင်နိုင်ရန် ထိုင်းနိုင်ငံ၏ အကြီးမားဆုံးသော ဆောက်လုပ်ရေး လုပ်ငန်းဖြစ်သည့် Italian – Thai Development (ITD) ကို လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က တာဝန်ပေးအပ်ခဲ့သည်။ သို့ရာတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ခဲ့ခြင်း မရှိသည့်အပြင် စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် သဘောတူညီချက် ရယူနိုင်ခြင်း မရှိသည့်အတွက် စီမံကိန်းကို လက်လွှတ်ခဲ့ရသည်။ ITD က ၂၀၁၃ နှစ်ကုန်ပိုင်းခန့်တွင် စီမံကိန်းကို လက်လွှတ်ခဲ့ရသည့်အချိန်၌ စီမံကိန်း ဖော်ဆောင်မှု ပထမအဆင့်အတွက် အမေရိကန် ဒေါ်လာ ၁၈၉ သန်း ခန့် သုံးစွဲခဲ့ပြီးဖြစ်သည်ဟု သိရသည်။

မြန်မာနှင့် ထိုင်းနိုင်ငံတို့က စီမံကိန်းပြန်လည် စတင်ရန် လိုအပ်သော ဘဏ္ဍာငွေနှင့် နည်းပညာ အကူအညီများရရှိနိုင်ရန် ဂျပန်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု တောင်းဆိုခဲ့ပြီး ဖြစ်သည်။ ဂျပန်အစိုးရကလည်း အကူအညီပေးရန် ကတိပြုခဲ့ပြီး ဂျပန် ကုမ္ပဏီတခုကလည်း ထားဝယ်၌ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး လေ့လာမှုများပြုလုပ်ရန် သဘောတူခဲ့သည်။

မြန်မာနိုင်ငံတွင် စီးပွားရေး တံခါးဖွင့်ခဲ့ပြီးသည့် အချိန်မှစ၍ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင် ရွက်ရန် စိတ်အားထက်သန်လျက်ရှိရာ ရန်ကုန်မြို့အနီးမှ သီလဝါဒေသတွင် ဂျပန်နိုင်ငံ၏ အထောက်အပံဖြင့် အထူး စီးပွားရေး ဇုန်တခုကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော်လည်း သီလဝါ စီမံကိန်းထက် များစွာ ပိုမို ကြီးမားသော ထားဝယ် စီမံကိန်း၌ ဂျပန်တို့ ပါဝင်ကူညီမည်ဆိုသော အချက်မှာ ဆက်လက်စောင့်ကြည့် ရဦးမည်ဖြစ်သည်။

ထားဝယ် စီမံကိန်းမှာလည်း ဒေသခံများနှင့် အရပ်ဘက်အဖွဲအစည်းများ၏ ကန့်ကွက်မှုများနှင့် ကြုံတွေ့ရလျက်ရှိသည်။ ထိုစီမံကိန်းကြောင့် ထောင်ပေါင်းများစွာသော လယ်သမားများ နေရာပြောင်းရွေ့ရမှုများ ဖြစ်ပေါ်လာနိုင်ပြီး စီမံကိန်း၏ နောက်ဆက်တွဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုး များလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။

Loading