ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ရင်းနှီးမြှုပ်နှံ လုပ်ပိုင်ခွင့်ကို ဂျပန်-စင်ကာပူ ပူးပေါင်းဖွဲ့စည်းထားသည့် Yongnam-CAPE-JGC Consortium မှ ရရှိသွားပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောသည်။
အောက်တိုဘာ ၂၉ ရက်နေ့က လေကြောင်းသိပ္ပံ ကျောင်းဝန်းတွင် ပြုလုပ်သည့် အဆိုပါ စီမံကိန်းတင်ဒါ ခေါ်ယူခြင်းဆိုင်ရာ ရှင်းလင်းသော အခမ်းအနားတွင် အထက်ပါအတိုင်း အတည်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
စီမံကိန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပေးရန် တင်ဒါကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၁၄ ဖေဖော်ဝါရီတွင် ပြန်လည်ပြင်ဆင်၍ ဒုတိယအကြိမ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ တင်ဒါတွင် လုပ်ကိုင်မည့် အဖွဲ့များအနေဖြင့် စီမံကိန်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းထက် မများသော ငွေကြေးအကူအညီကို ရယူ၍ ဆောင်ရွက်နိုင်ကြောင်း ထည့်သွင်း ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
တင်ဒါ ပထမအကြိမ် ခေါ်ယူခဲ့မှုတွင် ကိုရီးယား စီးပွားရေးလုပ်ငန်းစုများ ပူးပေါင်းဖွဲ့စည်းထားသည့် Incheon Airport Consortium က ဦးစားပေးအနေအထား ရွေးချယ်ခံခဲ့ရသော်လည်း ဆက်လက် ညှိနှိုင်းမှုများတွင် အဆင်မပြေခြင်းများ ရှိခဲ့ပြီး ယခု ဒုတိယအကြိမ် တင်ဒါတွင် Yongnam-CAPE-JGC Consortium က ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ အဖွဲ့အစည်း ၂ ခုတွင် ကိုရီးယားအဖွဲ့ Incheon Airport Consortium က ၎င်းတို့ လုပ်ဆောင်မည်ဆိုပါက စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၀၉ သန်းဖြစ်ပြီး စီမံကိန်း တန်ဖိုး၏ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် ဒေါ်လာ ၁၀၅၆.၆၂ သန်းအား အတိုးနှုန်း ၇ ရာခိုင်နှုန်းကျော်ဖြင့် ကိုရီးယား KDB ဘဏ်မှ ချေးယူမည် ဖြစ်ကြောင်း၊ အဆိုပါ ပုဂ္ဂလိကဘဏ်မှ ချေးယူရန်အတွက် မြန်မာအစိုးရမှ အာမခံပေးမှသာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း တင်ပြခဲ့သည်ဟု သိရသည်။
ဂျပန်-စင်ကာပူ အဖွဲ့ဖြစ်သည့် Yongnam-CAPE-JGC Consortium က ၎င်းတို့ လုပ်ဆောင်မည်ဆိုပါက စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၄၅ သန်းဖြစ်ပြီး ဒေါ်လာ ၇၀၆ သန်းကို အတိုးနှုန်း သက်သာသော ဖွံ့ဖြိုးရေး အကူအညီချေးငွေကို JICA မှ ရယူမည်ဖြစ်ကြောင်း၊ ဒေါ်လာ ၅၁၇ သန်းကို အတိုးနှုန်း ၄ ရာခိုင်နှုန်းဝန်းကျင်ဖြင့် တခြား ပုဂ္ဂလိကချေးငွေအဖြစ် ယူသွားမည်ဖြစ်ကြောင်း၊ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံငွေအဖြစ် ဒေါ်လာ ၂၂၂ သန်းဖြင့် လုပ်ကိုင်မည့် အခြေအနေ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ အဖွဲ့က ငွေကြေးဆိုင်ရာအတွက် မြန်မာအစိုးရက အာမခံပေးရမည်ဟု တောင်းဆိုမှု မပါရှိခဲ့ပေ။
အဆိုပါ အခြေအနေ ၂ ခုတွင် အတိုးနှုန်းသက်သာစွာနှင့် ဖွံ့ဖြိုးရေးချေးငွေယူကာ လုပ်ဆောင်မည် ဖြစ်သကဲ့သို့ မြန်မာအစိုးရဘက်က ချေးငွေအတွက် အာမခံမှု လုပ်ဆောင်စရာမလိုဘဲ လုပ်ဆောင်မည် ဖြစ်သော Yongnam-CAPE-JGC Consortium ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယင်းအနေအထားနှင့်ပတ်သက်၍ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက “ဒီနှစ်ခုကို နှိုင်းယှဉ်တော့ Incheon က မြန်မာနိုင်ငံရဲ့ အာမခံချက်ပေးမှသာလျှင် ဖြစ်မယ်ပေါ့။ ပုဂ္ဂလိကအတွက် အစိုးရအနေနဲ့ အာမခံ ထုတ်ပေးလို့ မရဘူး။ ဒီအနေအထားကြောင့် Incheon အနေနဲ့ စီမံကိန်းဆောင်ရွက်ဖို့ ဖြစ်နိုင်ခြေ မရှိတော့ဘူးပေါ့။ Yongnam ကတော့ အတိုးနှုန်း နှိုင်းယှဉ်တဲ့အချိန်မှာလည်း ဖွံ့ဖြိုးရေးချေးငွေက သက်တာတာတယ်ပေါ့။ ဒီအခြေအနေတွေကြောင့် Yongnam အဖွဲ့ကို ရွေးချယ်ဖို့ ဖြစ်လာပါတယ်” ဟု ပြောသည်။
စီမံကိန်း စတင် အကောင်အထည်ပေါ် လည်ပတ်နိုင်မည့် အခြေအနေနှင့် ပတ်သက်၍လည်း ၎င်းက “သူတို့ မူလတင်ပြချက်က တည်ဆောက်ရေးကာလဟာ ၃ နှစ်ခွဲ ၄ နှစ်လောက်ကြာမယ်။ ၂၀၁၉ ဒီဇင်ဘာမှာ စပြီးတော့ လည်ပတ် နိုင်မယ်လို့ ပါပါတယ်။ ဒီတော့ ၂၀၁၈ ခုနှစ်အတွင်းပဲ လုပ်နိုင်မယ်လို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်” ဟု ဆိုသည်။
ဟံသာဝတီလေဆိပ်ကို ရန်ကုန်နှင့် မိုင် ၅၀ အကွာ၊ ပဲခူးမြို့နယ်အတွင်းရှိ ကျောက်တိုင်ကန်ရွာအနီး ယခင် လေယာဉ်ကွင်းဟောင်း နေရာတွင် တည်ဆောက်သွားမည် ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ထပ်မံ တိုးချဲ့တည်ဆောက်ရန် မြေနေရာ အခက်အခဲရှိခြင်းနှင့် ပြည်တွင်း နိုင်ငံတကာအဆင့်မီ လေဆိပ်အသစ် တခု လိုအပ်ချက်ရှိလာခြင်းကြောင့် တည်ဆောက်ခြင်းဖြစ်သည်ဟု သိရသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ၁ နှစ်လျှင် ခရီးသည် ၁၂ သန်းအထိ ကိုင်တွယ် လည်ပတ်နိုင်သည့် လေဆိပ်အဖြစ် တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း ၁ နှစ်လျှင် ခရီးသည် ၆ သန်းအထိ ကိုင်တွယ်နိုင်သည့် အနေအထားဖြစ်အောင် လုပ်ဆောင်နေဆဲ ဖြစ်သည်။