ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် အထူးစီးပွားရေးဇုန် ဥပဒေကိုပင် သီးသန့်ပြဋ္ဌာန်းကာ မက်လုံးများနှင့် ဖိတ်ခေါ်ခဲ့သည့် ပြည်တွင်း အထူးစီးပွားရေးဇုန် SEZ များ၏ အကောင်အထည်ဖော်မှုမှာ ယခုနှစ်အတွင်း သိသာစွာ လှုပ်ရှားသက်ဝင်လာခဲ့သည်။ ထားဝယ်၊ ကျောက်ဖြူနှင့် သီလဝါ အထူး စီးပွား ရေးဇုန်များ၏ အကောင်အထည် ဖော်မှုခြေလှမ်းများ စိပ်လာသည်ဟု ပြောရမည်ဖြစ်သည်။
မြန်မာ-ဂျပန် နှစ်နိုင်ငံ ရင်းနှီးတည်ထောင်သူအဖြစ် ပူးပေါင်းအကောင်အထည်ဖော်သည့် သီလဝါ အထူးစီးပွားရေးဇုန်မှာ လက်ရှိတွင် နိုင်ငံတကာ ကုမ္ပဏီပေါင်း ၂၁ ခုက ရင်းနှီးမြှုပ်နှံရန် အတည်ပြု လက်မှတ်ထိုးထားသည့် အခြေအနေထိရောက်နေကာ အချို့သော စက်ရုံများမှာ ၂၀၁၅ နှစ်လယ်လောက်တွင် ကုန်ထုတ်လုပ်နိုင်မည်ဟု မြန်မာဘက်မှ ဖက်စပ်ရင်းနှီးတည်ထောင်သူ MISH အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားထားသည်။
ရင်းနှီးတည်ထောင်သူ ရှာဖွေနေဆဲဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းမှာလည်း ယခုနှစ် အတွင်း လုပ်ကိုင်လိုသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ပြီး လာမည့်ဒီဇင်ဘာလတွင် အပြီးရွေးချယ်ကာ ကြေညာတော့မည်ဖြစ်သည်။ လက်ရှိတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို အကောင်အထည် ဖော် လုပ်ကိုင်ရန် လျှောက်ထားသည့် နိုင်ငံတကာ ကုမ္ပဏီပေါင်းမှာ ၁၂ ခုရှိနေပြီး အဆိုပါ ကုမ္ပဏီများအတွင်းမှ ၃ ခုကို ရွေးချယ်လုပ်ကိုင်စေမည်ဖြစ်သည်။
အီတာလျံ – ထိုင်း ကုမ္ပဏီနှင့် စတင်လက်တွဲ အကောင်အထည်ဖော်ရင်း ကုမ္ပဏီ၏ ငွေကြေးအင်အား မနိုင် နင်းမှုကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရချင်း ပြန်လည်အကောင်အထည်ဖော် ဆက်လက် လုပ် ဆောင် နေသည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှာလည်း ယခုအချိန်တွင် လှုပ်ရှားသက်ဝင် လာပြီဖြစ် သည်။
ငွေကြေးအင်အား လိုအပ်ချက်ကြောင့် ဂျပန်နိုင်ငံ ပါဝင်လာရေးကို မျှော်လင့်ရင်း ခရီးဆက်နေခဲ့သည့် အဆို ပါစီမံကိန်းတွင် ဂျပန်နိုင်ငံက ရင်းနှီးတည်ထောင်သူအဖြစ် ပါမပါ မသေချာသေးသော်လည်း လောလောလတ် လတ် အခြေအနေတွင် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သတ်သည့် သုတေသန စီမံကိန်း ၃ ခုကို ဂျပန် က လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သဘောတူလိုက်ပြီဖြစ်သည်။
ထိုအခြေအနေက စီမံကိန်းတွင် ဂျပန်ပါလာရေး ကနဦး အရိပ်အမြွက်အဖြစ် မျှော်လင့်စရာဖြစ်သလို၊
အကောင်အထည် ဖော်မှုများ အရှိန်ရလာသည့် အနေအထားဟု ပြော၍ရမည်ဖြစ်သည်။
သို့သော် အထူးစီးပွားရေးဇုန် စီမံကိန်းများ၏ အကောင်အထည်ဖော်မှုနှင့် ယင်းစီမံကိန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသော လုပ်ငန်းများမှ ထုတ်ကုန်တန်ဖိုးနှင့်အတူ တိုး၍လာမည်ဖြစ်သော တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ ရေရှည်ကြာမြင့်စွာ စောင့်ရဦးမည်သာဖြစ်သည်။
ထိုသို့သော အခြေအနေတွင် ယခင်ကတည်းမှ ရှိနေပြီးသားလည်းဖြစ်၊ ပြည်တွင်းထုတ်ကုန်များနှင့် ပြည်ပ ပို့ကုန်တို့ကို ထုတ်လုပ်ပေးနေသော အသေးစားနှင့် အလတ်စားလုပ်ငန်း များစွာလည်းရှိသော ရိုးရိုးစက်မှု ဇုန်များ၏ ဖွံ့ဖြိုးမှုကို အစိုးရအနေဖြင့် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်သင့်ကြောင်း စီးပွားရေး လုပ်ငန်း ရှင်များနှင့် ပညာရှင်တို့က ပြောဆိုထောက်ပြကြသည်။
ထို့ပြင် အာဆီယံစီးပွားရေး အသိုင်းအဝိုင်း AEC သည် ၂၀၁၅ တွင် စတင်တော့မည်ဖြစ်ရာ ထိုအချိန်တွင် ပြည်တွင်းသို့ အကောက်ခွန်လွတ် ဝင်ရောက်လာမည့် ကုန်စည်များနှင့် ပြည်တွင်းထုတ် ကုန်စည်များ ဈေး ကွက်ယှဉ်ပြိုင် ရောင်းချရမည်ဖြစ်ရာ ထိုယှဉ်ပြိုင်မှုအတွက် အဓိကကျနေသော အရင်းအမြစ်ဖြစ်သည့် ကုန် ထုတ်လုပ်ငန်းများ တည်ရှိရာ စက်မှုဇုန်များကို လမ်းပန်း၊ လျှပ်စစ်မီးမှအစ အခြေခံအဆောက်အဦ လိုအပ် ချက်များကို အစိုးရက တွန်းတိုက်လုပ်ဆောင်ပေးရမည်ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေအရ ဆိုပါက စက်မှုဇုန်များ၏ ဖွံ့ဖြိုးမှုအခြေအနေမှာ အားရစရာ မရှိသ လောက် ဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာ ၁၈ ခုတွင် သုံးခုလောက်သာ ဖွံ့ဖြိုးမှုရှိသည်ဟု လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
ပြည်တွင်းတွင် တည်ထောင်ထားသော စက်မှုဇုန်ပေါင်းမှာ တနိုင်ငံလုံး အတိုင်းအတာအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ၁၈ ခုထိရှိနေ ပြီး ဆက်လက်လုပ်ဆောင်ရန် အစီအစဉ်ရှိနေသည့် စက်မှုဇုန်ပေါင်း ၇ ခုကျော်ရှိသည့် အနေအထားဖြစ်သည်။
ဦးမြတ်သင်းအောင်က “မဖွံ့ဖြိုးတဲ့ဇုန်က များပါတယ်။ ရန်ကုန်မှာ တကယ်ဖွံ့ဖြိုးတာ ၂ ခုပဲရှိတယ်။ မြောက် ပိုင်းခရိုင်နဲ့ အရှေ့ပိုင်းခရိုင် စက်မှုဇုန်ပေါ့။ ကျန်တာ ဘာမှဖွံ့ဖြိုးတာမဟုတ်ဘူး။ မန္တလေးတောင် ပစ္စည်းထုတ် လုပ်နိုင်တာ စက်ရုံ ၃၀ ကျော်လောက်ပဲရှိတာ။ ကျန်တာတွေက ဂိုဒေါင်သာသာပဲ ဖြစ်နေတာပေါ့။
အခြားမြို့နယ်တွေမှာလည်း အားနည်းနေတယ်ပေါ့လေ။ ဒါတွေကတော့ ဘယ်လိုအခက်အခဲဖြစ်နေ တယ်ဆို တာ ကိုယ်တိုင်ဆင်းတွေ့ဆွေးနွေးပြီးတော့ ပြင်ပေးလုပ်ပေး ပါဝင်ကူညီပေးသင့်ပါတယ်။ ဖွံ့ဖြိုးမှုက အားသိပ် နည်းတယ်” ဟု ပြောသည်။
စက်မှုဇုန်များ အခြေခံအဆောက်အဦ မပြည့်စုံ မဖွံ့ဖြိုးမှုက ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူများအတွက် ကုန် ကျ စရိတ်များ ထပ်မံတိုးစေရာ ပြည်းတွင်းလုပ် ငန်းများအနေဖြင့် လုပ်သားစရိတ် သက်သာသော်လည်း ထိုကုန်ကျစရိတ်ကြောင့် ထုတ်ကုန်အပေါ်တွင် ဈေးနှုန်းမြင့်မားခြင်းက ရှိနေဦးမည်ဖြစ်သည်။
“အထူးစီးပွားရေးဇုန်တို့လို အာမခံချက် မပြည့်ဝဘူးပေါ့။ လမ်းဆိုလည်း ဖြစ်သလိုပဲ။ မကောင်းဘူးပေါ့။ လျှပ် စစ်မီးဆိုလည်း ထပ်ပြီးတော့ စက်ရုံတိုးချဲ့မယ်ဆို မနိုင်ဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထည့်ကြပေါ့။ ဒါမျိုး တွေ လုပ်ကြရတယ်။ အခုဆို AEC ကလည်း လာတော့မယ်။ ဝင်လာတဲ့ပစ္စည်းတွေနဲ့ ယှဉ်နိုင်အောင် ပြည်တွင်း ဇုန်တွေကို ပံ့ပိုးဖို့လိုပါတယ်” ဟု ဦးမြတ်သင်းအောင်က ပြောသည်။
အစိုးရအနေဖြင့် ယခုကဲသို့သော အချိန်တွင် လက်ရှိ ပြည်တွင်းစက်မှုဇုန်များ ဖွံ့ဖြိုးရေးကို လျစ်လျူရှု မထား သင့်ကြောင်းကိုလည်း မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနှင်းဦးက “အစိုးရအနေနဲ့ ဒီစက်မှု ဇုန်တွေကို လျစ်လျူရှုမထားသင့်ဘူး။ ဒါတွေက နိုင်ငံတော်ရဲ့ အသက်သွေးကြော အရင်းတွေပဲဗျ။ ရိုးရိုး စက် မှုဇုန်လို့ ပြောတာထက် SME ပေါ့။ စက်မှုဇုန်ဆိုတာ နေရာပါပဲ။ ဒါကို အကောင်အထည်ဖော်နေတာ SME တွေပဲ။ ဒါတွေအားကောင်းအောင်လုပ်ဖို့ လိုနေပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကလည်း အစိုးရပိုင်းအနေဖြင့် အထူးစီးပွားရေးဇုန်များ အကောင်အထည်ဖော်မှုနှင့်ထပ်တူ ရှိရင်းစွဲ စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းကို အာရုံစိုက်သင့်နေပြီ ဖြစ်ကြောင်းနှင့် ဖိဖိစီးစီး လုပ်ကိုင်သင့်ပြီဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “အရင်တုန်းက ဒီတိုင်းပစ်ထားပြီးတော့ အခုတော့ လုပ်နေတာတော့ရှိပါတယ်။ ဒါပေမယ့် အလုပ် သမား ပြဿနာတွေ အခြေခံလစာ ပြဿနာတွေ ဒါတွေနဲ့ ရုန်းကန်လှုပ်ရှားနေကြတဲ့ အချိန်မှာ အချို့ ဟာ တွေ ဖိဖိစီးစီး မလုပ်ပေးနိုင်ဘူး။ လွတ်နေတာတွေ ရှိတယ်။ လိုနေတာတွေရှိတယ်။ ဒီဇုန်တွေရဲ့ အဓိက အားနည်းတာက အခြေခံအဆောက်အဦပေါ့” ဟု ပြောသည်။
လက်ရှိစက်မှုဇုန်များမှာ ပြည်တွင်းစားသုံးမှုကို ပံ့ပိုးပေးနေသည့် အတိုင်းအတာတခု ရှိသည့်အပြင် ပြည် ပသွင်းကုန်အတွက် အစားထိုး ထုတ်လုပ်ပေးနိုင်သည့် အနေအထားမျိုးကိုလည်း သက်ရောက်မှုရှိ ကြောင်း၊ အထူးစီးပွားရေးဇုန် SEZ များမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အဓိကထားသည့်အတွက် နိုင်ငံရေး အခြေအနေ နှင့် များစွာသက်ဆိုင်နေပြီး လာမည့်ရွေးကောက်ပွဲနှင့် များစွာသက်ဆိုင်ကြောင်းလည်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောသည်။
၎င်းက “ဒီစက်မှုဇုန်တွေက ထုတ်လုပ်တဲ့ပစ္စည်းတွေက ပြည်တွင်းမှာ ပြည်ပက တင်သွင်းလာတဲ့ ပစ္စည်းတွေနဲ့ ယှဉ်ပြိုင်ရောင်းချတာပဲဖြစ်ဖြစ်၊ ပြည်ပကို ထုတ်လုပ်ရောင်းချတာပဲဖြစ်ဖြစ်၊ ဒါတွေအားလုံးက ကျနော်တို့နိုင်ငံ ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အကျိုးပြုတာပဲဗျ။ အထူးစီးပွားရေးဇုန် SEZ တွေကို ဦးစားပေးပြီးတော့ ပြည်တွင်း စက်မှုဇုန်တွေကို ဒုတိယဦးစားပေးအနေနဲ့ ထားမယ်ဆိုရင်တော့ နည်းနည်းလွဲနေမှာပေါ့” ဟု ပြောသည်။
အစိုးရအနေဖြင့် အသေးစား အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးကို အမြဲတစေ ပြောဆိုနေသည်မှာ မှန် သော်လည်း အဆိုပါလုပ်ငန်း အများအပြားတည်ရှိ လုပ်ကိုင်နေရာ ပြည်တွင်းစက်မှုဇုန်များ၏ ရေခံမြေခံ ဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးမှုမှာ လစ်ဟာမှုများစွာ ရှိနေသည်သာဖြစ်သည်။ ထိုရေခံ မြေခံ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးကို ဖန်တီးကူညီပေးမှုက ဒေသတွင်း ကုန်ထုတ်လုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်မှုကို တွန်းတင်ပေးရာရောက်မည့် အချက်တချက်ဟုလည်း ပြောရမည်သာဖြစ်သည်။
ထို့ကြောင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက်ရေး ဖော်ဆောင်နေသည့် အထူးစီးပွားရေးဇုန် SEZ များကို အရှိန်ယူ လုပ်ဆောင်လာသလို ဖွံ့ဖြိုးမှုများစွာ ကျန်နေသေးသည့် ပြည်တွင်း စက်မှုဇုန်များအပေါ်တွင်လည်း အထူးအာရုံစိုက်ပံ့ပိုးမှုများ လုပ်ဆောင်ဖို့ လိုအပ်နေကြောင်းတွေ့မြင်ရသည်။