အမေရိကန်အစိုးရက ဝန်ကြီးဟောင်း ဦးအောင်သောင်းကို အရေးယူပိတ်ဆို့မှု ပြုလုပ်လိုက်သည့် သတင်းနှင့် ဆက်စပ်၍ ၎င်း၏ သားဦးနေအောင် ရှယ်ယာအများဆုံးပိုင်ဆိုင်သော UAB ဘဏ်တွင် အပ်ငွေ၊ ထုတ်ငွေများ ပုံမှန် အခြေအနေမဟုတ်ဘဲ ဖြစ်သွားကြောင်း သိရသည်။
ဦးအောင်သောင်း အနေဖြင့် United Amara Bank(UAB) ဘဏ်တွင် ရှယ်ယာထည့်ဝင်မှု အနေနှင့်လည်ကောင်း၊ ဒါရိုက်တာအဖွဲ့ ဝင်အနေဖြင့် သော်လည်း ကောင်း မည်သို့မျှ ပါဝင်ပတ်သတ်ခြင်း မရှိသော်လည်း သတင်းရိုက်ခက်မှုနှင့်ဆက်စပ်သည့် ပြည်သူတို့၏ ကောလာဟလအပေါ် စိုးရိမ်လွန်ကဲခြင်းကြောင့်သာ ဖြစ်ကြောင်း UAB ဘဏ်၏ စီအီးအို ဦးသန်းဝင်းဆွေက ပြောသည်။
၎င်းက “မနေ့ကဆို ကျနော်တို့ဆီမှာ ၄၄ ဘီလီယံ ကျပ် ဝင်ပါတယ်၊ ၄၁ ဘီလီယံက ထွက်သွားပါတယ်။ ဒါက ကျနော်တို့ရဲ့ ပုံမှန် အခြေအနေလေးပါ။ ဒီနေ့ကျတော့ ကောလာဟာလသတင်းတွေ ဖြစ်လာတာနဲ့ အတူ ကျနော်တို့ဘဏ်မှာ ဝင်တာက ၁၆ ဘီလီယံ ပါ၊ ထွက်သွားတာက ၂၆ ဘီလီယံ ရှိပါတယ်။ ကျနော်တို့ အာမခံပြီး ထုတ်ပေးနိုင်ပါတယ်။ အခိုက်အတန့်အတွင်း ပြည်သူလူထု စိုးရိမ်လွန်ကဲခြင်းကြောင့် ထုတ်ခြင်းဖြစ်ပါတယ်။ ဒါကို ဗဟိုဘဏ်ကလည်း လိုအပ်ရင် ကူညီဖို့ လုပ်ထားပါတယ်”ဟု ပြောပြသည်။
ဗဟိုဘဏ်အနေဖြင့် ယခုကဲ့သို့ သတင်းနှင့် ပတ်သက်၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားမှု အပေါ်တွင် သီးသန့် သတင်းထုတ်ပြန်သွားမည် မဟုတ်သော်လည်း ဗဟိုဘဏ် ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း အကာအကွယ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်ကလည်း“မှားယွင်းနေတယ်ဆိုရင်တော့ ဒီဘဏ်က မှားနေပါတယ်လို့ သတင်းထုတ်ပြန် မှာပါ။ အခုလို သတင်းအမှားကြောင့် ဖြစ်တဲ့ကိစ္စကို သူတို့ ရင်ဆိုင်နေရတဲ့အပေါ်မှာ ဗဟိုဘဏ်က ဥပဒေနဲ့အညီ ကူညီ ပံ့ပိုးသွားရုံကလွဲလို့ သီးခြားသတင်းထုတ်ပြန်ဖို့ မရှိပါဘူး။ UAB မှာ အဝင်နဲ့အထွက် ငွေကြေးမမျှတော့ဘူးဆိုတဲ့ အခါမှာ UAB က ဗဟိုဘဏ် ကို အပ်ထားတဲ့ငွေတွေရှိပါတယ်။ ဒီငွေတွေကို ချက်ချင်း ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ ထုတ်ပေးဖို့ အဆင်သင့် ပြင်ထားပါပြီ” ဟု ပြောသည်။
ထို့အပြင် ဦးအောင်သောင်းအနေဖြင့် UAB ဘဏ်၏ ရှယ်ယာရှင်အဖြစ်သော်လည်းကောင်း၊ ဒါရိုက်တာ အဖွဲ့ဝင်အဖြစ်သော်လည်း ကောင်း လုံး၀ ပါဝင်ခြင်းမရှိကြောင်းကိုလည်း ဗဟိုဘဏ်က အတည်ပြု ပြောဆိုသည်။
UAB ဘဏ်အနေဖြင့် အမေရိကန် ပိတ်ဆို့အရေးယူမှု စာရင်းတွင်မပါဝင်သကဲ့သို့ ရှယ်ယာ ၉၀ရာခိုင်နှုန်းဖြင့် အများဆုံး ပိုင်ဆိုင် သည့် ဦးနေအောင်မှာလည်း ပိတ်ဆို့ အရေးယူမှု စာရင်းတွင် မပါရှိကြောင်း သိရသည်။
UAB ဘဏ်တွင် လက်ရှိအပ်ငွေ ပမာဏမှာ ဘီလီယံကျပ် ၄၄၀ကျော်ရှိပြီး ချေးငွေပမာဏမှာ ၂၃၀ ဘီလီယံကျော်ရှိကြောင်း၊ ဘဏ် ဖွင့်လှစ်ခွင့် ရသည့် လေးနှစ်တာအတွင်း အပ်ငွေပမာဏ တိုးများလာကြောင်း၊ လက်ရှိအနေအထားမှာ နိုင်ငံပေါင်း ၂၃ နိုင်ငံတွင် နိုင်ငံတကာ ဘဏ်ပေါင်း ၇၁ခုဖြင့် လက်တွဲ လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါဘဏ်များတွင် ဥရောပမှ ဘဏ်များလည်း ပါဝင်လျက် ရှိကြောင်း ထုတ်ပြန်ချက်များတွင် ပါရှိသည်။
UAB ဘဏ်သည် ဘဏ်လုပ်ငန်းလိုင်စင်ကို၂၀၁၀ ပြည့်နှစ်တွင် ရရှိခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် နိုင်ငံခြားဘဏ်လုပ်ငန်း ဆောင်ရွက်ခွင့် ကိုရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိဘဏ်များအားလုံးမှာ အီးယူ ဘဏ်များနှင့် ဆောင်ရွက် လုပ်ကိုင်နိုင်သော်လည်း အမေရိကန်ဘဏ်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်မှု လုံးဝမရရှိသေးကြောင်း၊ ယင်းမှာ ယခင်က အမေရိကန်အစိုးရ၏ ပိတ်ဆို့အရေးယူမှုအခြေအနေနှင့် ဆိုင်နေပြီး အမေရိကန်ဘဏ်များဘက်မှလည်း ယုံကြည်မှု ရှိရန် စောင့်ကြည့်နေဆဲ အခြေအနေဖြစ်ကြောင်း သိရသည်။
အမေရိကန် အစိုးရက ဝန်ကြီးဟောင်း ဦးအောင်သောင်းကို ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့ ရက်စွဲဖြင့် နာမည်ပျက် စာရင်း ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
အမေရိကန် ဘဏ္ဍာဝန်ကြီးဌာန တသီးပုဂ္ဂလ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ Office of Foreign Assets Control –OFAC ရုံးက ဦးအောင်သောင်းအား နာမည်ပျက်စာရင်း ထည့်သွင်းလိုက်ခြင်းဖြစ်သည်။ ယခုအရေးယူမှုသည် အမေရိကန်နိုင်ငံ အတွင်း နှင့် အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ဦးအောင်သောင်း၏ ပိုင်ဆိုင်မှုအားလုံးကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။
မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို စောင့်ကြည့်နေသော အမေရိကန်က ဦးအောင်သောင်းသည် စီးပွားရေး၊နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အားနည်းသွားစေမည့် အပြုအမူများကို ရည်ရွယ်ချက်ရှိရှိ ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုထား သည်။