ရန်ကုန်၊ မန္တလေးစသော မြို့ကြီးများတွင် ယခင်နှစ်များက မမြင်တွေ့ခဲ့နိုင်သော ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မြင်ကွင်းများကို မြင်တွေ့လာရပြီ ဖြစ်သည်။ ဘဏ်ခွဲများ ဟိုမှာဒီမှာ မြင်လာရသည်။ ATM အလိုအလျောက် ငွေထုတ်စက်များမှ ငွေထုတ်လာကြသည်။ ကျယ်ကျယ်ပြန့်ပြန့် မဟုတ်သေးသော်လည်း ခရက်ဒစ် ငွေချေးကတ်မှ ငွေပေးချေမှုကို လက်ခံလာနေခဲ့သည်။ သို့သော် မြန်မာပြည်၏ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုသည် တခေတ်ဆန်းပြီဟု ကြွေးကြော်ရန်ကား များစွာ အလှမ်းဝေးနေသေးသည်။
မြို့ကြီးများ၏ အပြင်ဘက်တွင် အထက်ပါမြင်ကွင်းမှာ စိတ်ကူးယဉ်မျှသာဖြစ်၏။ ဩဇာရှိ The Economist စီးပွားရေး သုံးသပ်ချက် သတင်းမဂ္ဂဇင်းက ပြီးခဲ့သော စက်တင်ဘာလထိ နိုင်ငံတော်ပိုင် ဘဏ် ၄ ဘဏ်နှင့် နိုင်ငံတော်က ထိန်းချုပ်ထားသော သို့မဟုတ် တစိတ်တပိုင်း ပိုင်ဆိုင်သော ဘဏ် ၁၁ ဘဏ် အပါအဝင် ဘဏ် ၂၄ ဘဏ်သည် မြန်မာနိုင်ငံတဝှမ်း ဘဏ်ခွဲပေါင်း ၈၆၃ ခုသာ ရှိသည်ဟုဆိုသည်။ မြန်မာထက် လူဦးရေ ၁၄ သန်းပိုသည့် ထိုင်းနိုင်ငံတွင် ဘဏ်ခွဲပေါင်း ၇၀ဝ၀ နီးပါးရှိသည်။ လူတဦးချင်းစီနှင့် ဘဏ်ခွဲအချိုးအစားတွင် မြန်မာသည် တောင်ဆူဒန်ထက် သာသော်လည်း အာဖဂန်နစ္စတန်နှင့် ဟေတီတို့ကို မမီသေးဟုဆိုသည်။ ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ အစိုးရများသို့ ငွေချေးသော International Finance Coporation ၏ ၂၀၁၃ ခုနှစ်တွင် ဖြန့်ချိခဲ့သော အစီရင်ခံစာ၏ အဆိုအရ မြန်မာနိုင်ငံတွင် လူဦးရေ စုစုပေါင်း၏ ၅ ရာခိုင်နှုန်းမျှသာ ဘဏ်များကို အသုံးပြုကြောင်း သိရသည်။
မြန်မာဘဏ်များ အနေဖြင့် အနာဂတ်ဈေးကွက် တန်ဖိုး (Value in the Future Market) အပေါ် ထိန်းကွပ်ထားခြင်းနှင့် ခေတ်မမီတော့သော ဘဏ္ဍာရေးစနစ်၏ ဝန်ထုပ်ဝန်ပိုးကို ခါးစည်းခံနေရသည်။ ဥပမာအားဖြင့် ချေးငွေယူမည်ဆိုလျှင် အများအားဖြင့် ချေးငွေတန်ဖိုးထက် ၂ ဆရှိသော မြေကြီး၊ ရွှေနှင့် ပို့ကုန်ပစ္စည်းများ အစရှိသည်တို့နှင့်သာ အပေါင်ခံစပေါ်တင်ခြင်းကို လက်ခံနေကြသည်။ အကြွေးကို တနှစ်အတွင်း မဖြစ်မနေ ပြန်ဆပ်နေရပြီး နောက်နှစ် ထပ်ချေးမည်ဆိုလျှင် ကုန်ကျငွေ ပိုတိုးပေးကြရပြန်သည်။ ချေးငှားသူက အတိုး တနှစ် ၁၃ ရာခိုင်နှုန်းပေးရပြီး ငွေစုသူများက အတိုးနှုန်း ၈ ရာခိုင်နှုန်း ရရမည်ဟု ဥပဒေက ပြဌာန်းထားသည်။
The Economist သတင်းမဂ္ဂဇင်းက ထောက်ပြထားသည်မှာ မြန်မာ၏ ပြည်တွင်းထုတ်ကုန် တန်ဖိုးတွင် ဘဏ်ချေးငွေများ၏ အစိတ်အပိုင်းမှာ အခြားနိုင်ငံများနှင့် ယှဉ်လျှင် အတော်နည်းနေကြောင်း ဆိုသည်။ ဘောဂဗေဒ ပညာရပ်တွင် ငွေကြေးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နီးကပ်စွာ ဆက်စပ်နေကြောင်း ပညာရှင်များက ဆိုသည်။ သီအိုရီအားဖြင့် အလွှဲအပြောင်းစရိတ် (Transaction Cost) နည်းလေ၊ အရင်းအနှီးနှင့် အရင်းအမြစ်များ (Resources) ရွှေ့ပြောင်းရ လွယ်လေဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးလေဖြစ်သည်။ ဘဏ်များနှင့် စတော့ဈေးကွက်များ၏ ဖွံ့ဖြိုးမှုသည် တိုင်းပြည်ဖွံ့ဖြိုးမှုနှင့် တိုက်ရိုက် သက်ဆိုင်နေသည်။
မြန်မာပြည်ရှိ နိုင်ငံတော်ပိုင် ဘဏ်များသည် ကြီးမားလွန်းပြီး မသွက်လက် အလုပ်မတွင်ဘဲ မပြိုင်ဆိုင်နိုင် ဖြစ်နေသည်။ မြန်မာ့ဘဏ်များကဏ္ဍတွင် အလုပ်တကယ်တွင်နိုင်မည့် အနေအထားသည် ငွေအရင်းအနှီးပိုရှိပြီး ထိန်းချုပ်မှု ပိုနည်းသည့် ပုဂ္ဂလိက ဘဏ်များကသာ ပေါ်ထွန်းလာနိုင်သည်။ သို့သော် မြန်မာ ပုဂ္ဂလိက ဘဏ်အများစု၏ ပိုင်ရှင်များမှာ စီးပွားရေး လုပ်ငန်းခွဲပေါင်းများစွာကို ချုပ်ကိုင်လုပ်ဆောင်နေသူများ ဖြစ်ကြပြီး ငွေချေးရာတွင် ၎င်းတို့ အုပ်စုအတွင်းမှ အချင်းချင်းကိုသာ ငွေချေးလိုကြသည်။ ဤသို့ဖြင့် အရင်းအနှီး လိုအပ်သူများ ငွေချေးရေး ခက်ခဲနေစေတော့သည်။ ဘဏ်အချင်းချင်းကြား ငွေကြေးဆက်ဆံရေးအပေါ် အကြံပေး ထိန်းသိမ်းနိုင်စွမ်း မြန်မာနိုင်ငံ ဗဟိုဘဏ်တွင်လည်း အကန့်အသတ်များစွာ ရှိနေသည်။
ငွေချေရာတွင်လည်း ဒစ်ဂျစ်တယ်စနစ်မဟုတ်။ ပိုက်ဆံထုပ်ကို အုပ်လိုက်စီးပေးသည်ကို ရေတွက်ကြရသည်။ ဘဏ်များနှင့် ဘဏ်ခွဲများအကြား ပိုက်ဆံလွှဲလျှင် အချိန်နှင့်လုပ်အား ကုန်ကျမှုမှာ မနည်းမနော ဖြစ်သည်။ ကားသစ်တစီး တန်ဖိုးကို အမေရိကန် ၁၀ ဒေါ်လာနှင့် ညီမျှသော အကြီးဆုံး မြန်မာငွေကျပ် တသောင်းတန်နှင့် ပေးချေသည်ဆိုလျှင်ပင် ပေးချေမည့်သူသည် ယင်းငွေထုပ်ကို ဘဏ်ရှိရာသို့ ထမ်းသွားရမည်ဖြစ်ပြီး ဘဏ်သို့ရောက်လျှင်လည်း ယင်းငွေပမာဏအား ရေတွက်ရန် အချိန်နာရီအတန်ကြာ ရေတွက်ရမည်ဖြစ်သည်။
ကမ္ဘာ့ငွေကြေးစနစ်နှင့် ပြန်လည်ချိတ်ဆက်ရန်မှာ မြန်မာ့နည်း မြန်မာ့ဟန်နှင့်မရ။ အတိတ်ကာလ ၁၉၆၃ ခုနှစ် ဘဏ်များကို “ပြည်သူပိုင်” အမည်လှလှတပ်ပြီး စစ်အစိုးရက မသိမ်းမီ မြန်မာနိုင်ငံတွင် နိုင်ငံခြား ဘဏ် ၁၄ ဘဏ် ဖွင့်လှစ်လုပ်ကိုင်နေခဲ့သည်။ ယင်းပမာဏမှာ ထိုအချိန်က အရှေ့တောင်အာရှ နိုင်ငံများအကြား အများဆုံးဖြစ်သည်။ ဗဟိုဘဏ်က အောက်တိုဘာ ၁ ရက်တွင် ဂျပန်၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ဩစတြေးလျနှင့် နယူးဇီလန်ဘဏ်များ ပါဝင်သည့် နိုင်ငံခြားဘဏ် ၉ ခုအား ပြည်တွင်း၌ ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်လိုင်စင် ပြန်ချပေးခဲ့ရာတွင်လည်း ကန့်သတ်ချက် များလွန်းနေပြန်သည်။
လိုင်စင်ရ နိုင်ငံခြားဘဏ်များ လိုင်စင်ချပေးသောနေ့မှ ၁၂ လအတွင်း ဖွင့်လှစ်ရမည်ဖြစ်သလို အများမျှော်လင့်ထား သကဲ့သို့မဟုတ်၊ အနှစ်သာရမှာ များစွာမရှိသေးသော နိုင်ငံခြား ကုမ္ပဏီကြီးများကို ငွေကြေးဝန်ဆောင်မှု ပေးရန်သာဖြစ်သည်။ ၎င်းဘဏ်များအတွက် ဘဏ်ခွဲတရုံးစီသာ ဖွင့်လှစ်ခွင့်ပြုမည့်အပြင် ပြည်တွင်းဘဏ်များက လက်ရှိဝန်ဆောင်မှုပေးနေသော စနစ်ဖြစ်သည့် လက်လီဘဏ်လုပ်ငန်း စနစ်ဟု ခေါ်ဆိုကြသော Retail Banking စနစ်ဖြင့် လုပ်ပိုင်ခွင့်မပေးဘဲ ငွေကြေးအဖွဲ့အစည်းများ၊ ဘဏ်များဖြင့်သာ လုပ်ကိုင်ရသော Whole Sale Banking စနစ်ကိုသာ လုပ်ပိုင်ခွင့်ရကြသည်။ နိုင်ငံခြား ကုမ္ပဏီများသို့ ငွေချေးရာတွင် နိုင်ငံခြားငွေဖြင့်သာ ငွေချေးနိုင်သည်။
ကျပ်ငွေဖြင့် ငွေချေးရာတွင်မူ နိုင်ငံခြားဘဏ်များက ပြည်တွင်းလုပ်ငန်းရှင်များသို့ ချေးငွေပေးနိုင်သော်လည်း ပြည်တွင်းဘဏ်များမှ တဆင့်သော် လည်းကောင်း၊ ပြည်တွင်းဘဏ်နှင့် ပူးပေါင်းပြီးသော် လည်းကောင်း ချေးငွေပေးနိုင်သည်။ ပြည်တွင်းဘဏ်များမှ တဆင့်ချေးသည့်စနစ်မှာ ပြည်တွင်းဘဏ်က နိုင်ငံခြားဘဏ်များထံမှ အတိုးနှုန်းတမျိုးဖြင့်ယူပြီး ပြည်တွင်းလုပ်ငန်းရှင်များသို့ ဗဟိုဘဏ် သတ်မှတ် အတိုးနှုန်းဖြင့် ပြန်လည်ချေးသည့် စနစ်ဖြစ်သည်။
ထိုစနစ်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အလုပ်မဖြစ်ပေ။ နိုင်ငံခြားဘဏ်များ အနေဖြင့် ချေးငွေဈေးကွက်ကို တိုက်ရိုက်ထိတွေ့ခွင့်မရဘဲ မြန်မာစီးပွားရေး လုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာ နည်းပညာများ အကူအညီများနှင့် အကြံဉာဏ်ပေးပြီး ခေတ်မီလာစေရန် လုပ်ဆောင်၍မရ ဖြစ်သွားခဲ့ရသည်။ ပို၍အရေးကြီးသည်မှာ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံရေးခရိုနီများ လက်ဝါးကြီးအုပ် ကြီးစိုးထားမှုကို ချိုးဖျက်ပစ်နိုင်စေရန် နိုင်ငံခြားဘဏ်များက ငွေကြေး၊ နည်းပညာနှင့် အကြံကောင်းများ သယ်ဆောင်လာနိုင်ပါသည်။ ယင်းသို့ဖြင့် နိုင်ငံတွင် အရေးတကြီး လိုအပ်နေသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး လွတ်လပ်မှုများကို ရရှိနိုင်မည်။
မြန်မာ့စီးပွားရေးရာ ကျွမ်းကျင်သူ ဩစတြေးလျ နိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနဲလ်က ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဥပဒေများ လွှတ်တော်၌ အရည်မရအဖတ်မရ ငြင်းခုံနေခြင်းဖြင့်သာ စခန်းသွားနေသည်ဟု သတိပေးလိုက်သည်။ သူက The Economist မဂ္ဂဇင်းကို ပြောဆိုရာ ယင်းဥပဒေမူကြမ်းများသည် တင်သွင်းခါစကထက် ပိုပျော့ပျောင်းဖွယ်မရှိသော ဥပဒေများအဖြစ် စခန်းရပ်သွားနိုင်နေပြီး နိုင်ငံခြားဘဏ်များအပေါ် ကန့်သတ်ထားခြင်းနှင့်ပါ ပေါင်းလျှင် မြန်မာနိုင်ငံသည် “အခွင့်အလမ်းတရပ် ဆုံးရှုံးသွားခြင်း” ကို ကြုံနေရပြီဟု ကောက်ချက်ချခဲ့သည်။