နှစ်များစွာ နောက်ကျကျန်ခဲ့သော တိုင်းပြည်၏ အခြေခံထုတ်ကုန် ဆန်တင်ပို့မှုသည် ပြီးခဲ့သည့် နှစ်အနည်းငယ်မှစ၍ အရှိန်ပြန်ရလာခဲ့သည်။ ဆန်တန်ချိန် ၁ သန်းခွဲ ဝန်းကျင်အထိ ပြည်ပသို့ တင်ပို့လာနိုင်သည့် အနေအထားဖြစ်သည်။
ထိုအနေအထား တခုနှင့်အတူ ကမ္ဘာ့ဆန် ထိပ်သီးတင်ပို့ နိုင်ငံများလည်းဖြစ်၊ ဒေသတွင်း ပြိုင်ဘက်နိုင်ငံများဟုလည်း ပြော၍ရသော ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့ကဲ့သို့ ဖြစ်လာရန် တင်ပို့မှုကို ဆက်လက် အရှိန်မြှင့် လုပ်ဆောင်ရမည် ဖြစ်သည်။
ခေတ်စနစ် မကောင်းခဲ့မှုကြောင့် ယခင်က ဆန်တင်ပို့မှု လိုင်စင်ဆိုသည်မှာ လူနည်းစု လူတစုသာ လက်ဝါးကြီးအုပ် ဆုပ်ကိုင်ထားခဲ့သည့် အချိန်မျိုးဖြစ်ခဲ့ပြီး ကုန်သည်က တင်ပို့ချင်လျှင် လိုင်စင်ကိုဝယ်ပြီးမှ တင်ပို့ရသည့် အနေအထားမှ ယခုအခါတွင် လိုင်စင်ဆိုသည်မှာ အလွယ်ကူဆုံး ဖြစ်လာနေသည်။
သို့သော် ၁ နှစ်လျှင် ပျမ်းမျှ ဆန်တန်ချိန် ၆ သန်း၊ ၇ သန်းနှင့်အထက် တင်ပို့နေသည့် ထိုင်း၊ ဗီယက်နမ် နိုင်ငံများကို မီဖို့ဆိုသည်မှာ မလွယ်သေးသကဲ့သို့ လက်ရှိ မြန်မာ့ဆန်တင်ပို့မှု ဈေးကွက်၊ ဆန်ထုတ်လုပ်မှု အခြေအနေနှင့် စိုက်ပျိုးရေး လုပ်ငန်းအပေါ် လုပ်ဆောင်နေသည့် မူဝါဒပိုင်း အားနည်းချက်များကလည်း ဆန်ထိပ်သီးတင်ပို့ နိုင်ငံ ဖြစ်လာရေးအတွက် စိန်ခေါ်မှုများအဖြစ် ရှိနေကြသည်။
ဆန်တင်ပို့မှု ဈေးကွက်အနေနှင့် ကြည့်မည်ဆိုပါက လက်တလောတွင် အိန္ဒိယက လစဉ်ဆန်ဝယ်ယူမည့် အခြေအနေရှိပြီး တရုတ်နိုင်ငံကလည်း နှစ်စဉ် ဆန်တန်ချိန် ၁ သန်းကျော် ဝယ်ယူရေးအတွက် သဘောထား ညှိနှိုင်းမှုများ လုပ်ဆောင်နေသည်။ ထိုသို့ အိမ်နီးချင်းနိုင်ငံများထံ ဆန်တင်ပို့မှု တိုးချဲ့လာနိုင်သော်လည်း နိုင်ငံတကာဈေးကွက် တင်ပို့နိုင်မှု အပိုင်းတွင်မှု လျော့ကျလာသည့် အခြေအနေကို တွေ့ရသည်။
မြန်မာ့ဆန်တင်ပို့မှု အဓိကဈေးကွက်အဖြစ် အချိန်ကာလ ကြာမြင့်စွာရှိခဲ့သော အာဖရိက ဈေးကွက်သည်ပင် ယခုအခါတွင် လျော့ကျလာသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။
၎င်းက “ဗီယက်နမ်တို့ ထိုင်းတို့က ဈေးကွက်တွေကို အခိုင်အမာ ရထားပြီးသားပေါ့။ ကျနော်တို့ကတော့ အာဖရိကဈေးကွက်ပဲ ရှိတယ်။ တန်းနိမ့်ဆန် ပို့တာပေါ့နော်။ ဒါကလည်း တကယ်ဈေးကွက်အနေနဲ့ ရနေတယ် ဆိုပေမယ့် ထိုင်းနဲ့ယှဉ်ပြီး မရောင်းနိုင်ဘူး ဖြစ်နေတယ်။ ဈေးကွက်က လျော့သွားတဲ့ အနေအထားပါ” ဟု ပြောသည်။
ယင်းသို့ ဈေးကွက်လျော့ကျသွားခြင်းနှင့် ထိုင်းနိုင်ငံနှင့်ယှဉ်ပြီး မရောင်းနိုင်ရသည့် အကြောင်းရင်းများမှာ ထိုင်းနိုင်ငံမှ ယခင် ယင်လတ် အစိုးရ လက်ထက်တွင် လက်ကျန်အဖြစ် ရှိနေခဲ့သော ဆန်အများအပြားကို ဈေးနှုန်းလျှော့ပြီး ထုတ်ရောင်းခြင်း၊ မြန်မာ့ဆန်တင်ပို့သူများက ဈေးနှုန်းနှင့် ဝယ်လိုအား အခြေအနေအရ နယ်စပ်ကုန်သွယ်မှုမှတဆင့် တရုတ်နိုင်ငံသို့သာ တင်ပို့လာကြခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။
တရုတ်ဘက်သို့ အားသန်လာခြင်းက မြန်မာ့ဆန် ပုံမှန်တင်ပို့သည့် တခြားဈေးကွက်တွင် ဝယ်သူများ၏ အလေးထားမှုကို အားနည်းသွားစေမှုနှင့်အတူ ဈေးကွက်လျော့ကျမှုပါ ဖြစ်လာသည့် အနေအထားကို ဦးချစ်ခိုင်က “ Regular Buyer တွေကလည်း ဒီဘက်ကို အလေးထားမှု လျော့လာတယ်။ ထုတ်လုပ်မှုနဲ့ ဝယ်ယူမှုက မမှန်တဲ့အခါကျတော့ ဈေးကွက်က အားနည်းလာသလို ဖြစ်တာပေါ့။ ဒါက တကယ့်လက်တွေ့ ဈေးကွက်မှာဖြစ်နေတဲ့ အနေအထားပဲ” ဟု ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ မြန်မာ့ဆန်ဝယ်ယူသည့် နိုင်ငံပေါင်းမှာ ၂၀ဝ၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နိုင်ငံပေါင်း ၄၀ ကျော်ရှိပြီး ပုံမှန်ကုန်သွယ်မှုမရှိဟု သိရကာ အဆိုပါနိုင်ငံများရှိ ဈေးကွက်ကို ထိန်းထားနိုင်မှုနှင့် ဆက်လက်တိုးချဲ့နိုင်မှု အားနည်း၍လားဟု မေးစရာလည်း ရှိသည်။
ထိုအခြေအနေတွင် မြန်မာ့ဆန်တင်ပို့မှု ဈေးကွက်ကို ဥရောပဈေးကွက်သို့ လမ်းကြောင်းပြောင်း ထိုးဖောက်ရန် လုပ်ဆောင်ရေး လိုအပ်နေပြီဖြစ်ကြောင်း၊ လတ်တလောတွင် စတင်ကြိုးစားနေကြပြီ ဖြစ်ကြောင်း ဦးချစ်ခိုင်က ပြောသည်။
သို့သော် ဥရောပ သမဂ္ဂနိုင်ငံများသို့ တင်ပို့နိုင်ရန် ဈေးကွက်တွင် အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက်က အရေးပါလာပြီ ဖြစ်သည်။ အရည်အသွေးပိုင်းနှင့် ပတ်သက်၍ မြန်မာက ဂျပန်နိုင်ငံသို့ ပြီးခဲ့သည့်နှစ်အတွင်းက တင်ပို့ပြီးဖြစ်ကာ ပို့မည်ဆိုပါက ပို့နိုင်သည့် အနေအထားရှိသည်ဟု ပြောရမည်ဖြစ်သော်လည်း ထုတ်လုပ်နိုင်မှုအားနှင့် ရေရှည်အတွက်တွင် အဆင်မပြေစရာများ ရှိကြောင်း သိရသည်။
ထိုအဆင်မပြေမှုက နိုင်ငံတွင် လက်ရှိလုပ်ဆောင်နေသော စိုက်ပျိုးရေးဆိုင်ရာ မူဝါဒပိုင်းများ အားနည်းချက်ဖြစ်သည်။ နိုင်ငံတကာ ဈေးကွက်တွင်မသုံးသော စပ်မျိုးစပါး ပုလဲသွယ်ကို ဦးစားပေး အစီအစဉ်နှင့် လုပ်ဆောင်နေခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသနလုပ်ငန်းတွင် အသုံးစရိတ် ဝ ဒသမ ဝ၃ ရာခိုင်နှုန်းနှင့် ပညာပေးလုပ်ငန်းတွင် အသုံးစရိတ် ၁ ရာခိုင်နှုန်းသာသုံး၍ ဆည်ဆောက် မြောင်းဖောက် အလုပ်များတွင် ၉၀ ရာခိုင်နှုန်းအထိ အသုံးပြုခြင်းတို့က ကြီးမားသော လုပ်ဆောင်မှုအလွဲများ ဖြစ်သည်ဟု စိုက်ပျိုးရေးပညာရှင် ဒေါက်တာ ထွန်းဝင်းက ပြောသည်။
ဒေါက်တာ ထွန်းဝင်းက “နိုင်ငံတကာ ဈေးကွက်မှာမရှိတဲ့ စပ်မျိုးစပါးကို ဈေးကွက်မှာ ရှိသယောင် တပြည်လုံး အတိုင်းအတာနဲ့ ဝန်ကြီးကိုယ်တိုင် ဒါကို ဦးစားပေးအစီအစဉ်နဲ့ ထုတ်ခိုင်းနေတာ။ စိုက်ပျိုးရေး နည်းပညာပေးလုပ်ငန်းတွေ သုတေသန လုပ်ငန်းတွေကလည်း ဒီစပ်မျိုး ပုလဲသွယ် လုပ်ငန်းတွေပဲ အကုန်ဖြစ်ကုန်ရော။ အဲ့ဒီမှာကတည်းက ခေါင်းတလွဲ ဖင်တလွဲဖြစ်နေပြီ” ဟု ပြောသည်။
နိုင်ငံတကာ ဈေးကွက်အတွင်း ဆန်အမျိုးအစား ၂ မျိုးသာ အဓိကရှိပြီး ထို ၂ မျိုးတွင် ဧည့်မထ အမျိုးအစား ပါနေသော်လည်း ဧည့်မထမျိုးကို မြန်မာနိုင်ငံတွင် တွန်းအားပြု လုပ်ဆောင်ခြင်းမရှိဘဲ စပ်မျိုးကိုသာ တွန်းတိုက် လုပ်နေကြောင်း၊ ထို့အပြင် မျိုးကောင်းမျိုးသန့် လိုအပ်ချက်မှာ တနိုင်ငံလုံး စိုက်ဧက သန်း ၂၀ ကျော်တွင် ဧက ၁ သိန်းခွဲစာသာ ထုတ်ပေးနိုင်ကြောင်း သိရသည်။
ထိုအခြေအနေကို ဒေါက်တာ ထွန်းဝင်းက “ဧည့်မထစိုက်တဲ့ လယ်သမားက မျိုးမရှိဘူး။ မျိုးလိုအပ်ချက်အတွက် ဘာအစီအမံမှမရှိဘူး။ ဧည့်မထထုတ်တဲ့ မျိုးစေ့ခြံတွေမှာလည်း ဟိုစပ်မျိုးအတွက်ပဲ မျိုးစေ့ထုတ်ဖို့ ဖြစ်နေတယ်။ ဧည့်မထထုတ်တဲ့ မျိုးစေ့ခြံတွေမှာ စပ်မျိုးထုတ်ဖို့ပဲ ဖြစ်နေတော့ လွဲကုန်ပြီပေါ့” ဟု ပြောသည်။
ထိုအချက်မှာ အရေးကြီးကဏ္ဍအဖြစ် စဉ်းစားရမည် ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံ တောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။
၎င်းက “ဈေးကွက်ရရှိတဲ့ဟာကို အခြေခံပြီး စဉ်းစားရမှာပေါ့၊ ဈေးကွက်မရှိဘဲ ထုတ်လုပ်တဲ့အခါ မအောင်မြင်ဘဲ ဆုံးရှုံးမှုတွေများတာ ရှိတာပေါ့။ အိတ်စ်ပို့ဆိုရင် ဧည့်မထပေါ့။ ပေါ်ဆန်းဆိုလည်း ပြည်တွင်းမှာ ဈေးကောင်းရတယ်။ မျိုးကို ဂရုမစိုက်ဘဲ နေတဲ့အခါကျ ထွက်နှုန်းလည်း တက်မလာဘူး၊ ရောင်းတဲ့ဟာ ဈေးကောင်းမရတာလည်း ဖြစ်တာပေါ့။ ဒါအရေးကြီးတဲ့ အချက်အနေနဲ့ စဉ်းစားရပါမယ်” ဟု ပြောသည်။
ထို့အပြင် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးပြီး ဆန်ထိပ်သီး တင်ပို့သူများနှင့် ယှဉ်နိုင်ရေးတွင် များစွာသော အခြေခံအဆောက်အဦ လိုအပ်ချက်များလည်း ရှိနေသေးသည်။
လယ်ယာထွက်ကုန်များအတွက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ရေး၊ အလေအလွင့် နည်းပါးစေရေးအတွက် ရိတ်သိမ်းခြွေလှေ့စက်များ ဖြည့်တင်းပေးနိုင်ရေး၊ ကြိတ်ခွဲမှုအပိုင်းတွင် အရည်အသွေးကောင်းများ ထွက်ရန်အတွက် မြန်မာနိုင်ငံ၏ လက်ရှိ အများဆုံးဖြစ်နေသည့် မီးကျိုးမောင်းပျက် ဆန်စက်များကို အဆင့်မြှင့်တင်နိုင်ရေး၊ ထိုစက်များ အဆင့်မြှင့်တင်နိုင်မှုအတွက် ငွေကြေးလိုအပ်ချက်ကို အစိုးရမှ အကူအညီပေးနိုင်ရေး၊ ထုတ်ကုန် ဆန်စက်များ ပုံမှန်လည်ပတ် နိုင်ရေးအတွက် အဓိက လိုအပ်ချက် လျှပ်စစ်မီးကို နယ်များတွင် အဆင်ပြေစွာ သုံးစွဲနိုင်ရေး၊ ရာသီမပြတ် ဆန်တင်ပို့ နိုင်ရေးအတွက် ဆန်တင်ပို့သည့် သီးသန့်ဆိပ်ကမ်းများ လိုအပ်နေသေးခြင်းစသော အချက်များစွာ ရှိနေသည်ဟု ဒေါက်တာ စိုးထွန်းက ပြောသည်။
ထိုအခြေခံအဆောက်အဦ လိုအပ်ချက်များစွာကို လျင်မြန်စွာ အကောင်အထည် ဖော်မှုနှင့်အတူ လက်ရှိ မြန်မာ့ ဆန်တင်ပို့မှု ဈေးကွက်ကို ချဲ့ထွင်နိုင်မှု၊ မျိုးကောင်းမျိုးသန့် လိုအပ်ချက်နှင့် အရည်အသွေးမီ ဆန်ထုတ်လုပ်မှု အခြေအနေ မြင့်တက်ရေး လိုအပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းအပေါ် လုပ်ဆောင်နေသည့် မူဝါဒပိုင်းများ မှန်ကန်ရန်လိုအပ်မှု စသည့် အသီးသီးသော လိုအပ်မှုများကို ပြိုင်တူဖြည့်ဆည်းရင်း မြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့ လိုပြီဖြစ်သည်။ ထိုသို့လုပ်ဆောင်နိုင်မှုက ဆန်ထိပ်သီးတင်ပို့ နိုင်ငံတနိုင်ငံ ဖြစ်လာရေးအတွက် ကြီးမားသော စိန်ခေါ်မှုသာ ဖြစ်သည်။