မြန်မာ အစိုးရစစ်တပ်နှင့် ဆက်နွယ်နေသော မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီ(UMEHL) သည် စင်ကာပူ နိုင်ငံ အခြေစိုက် Fraser and Neave Ltd (F&N) နှင့် Myanmar Brewery ထားရှိထားသော ရင်းနှီးမြှုပ်နှံမှုများအား ပြောင်းလဲ ဝယ်ယူရန် တရားရုံးတွင် အငြင်းပွားခဲ့ရာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
UMEHL မှ အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် စင်ကာပူ လူမျိုး ခုံသမာဓိ ၂ ဦးပါဝင်သည့် ဘုတ်အဖွဲ့မှ ယင်းကိစ္စကို ဇွန်လ နှောင်းပိုင်းမှ စတင်ကာ ဇူလိုင်လ အစောပိုင်းထိ ကြားနာမှုများပြုလုပ်ခဲ့သည်ဟုဆိုသည်။ ထိုဘုတ်အဖွဲ့သည် သောကြာနေ့တွင် ဦးပိုင်ထံမှ မြန်မာဘီယာ ချက်လုပ်ငန်းတွင် ပါဝင်သော F&N ၏ ရှယ်ယာများကို ဝယ်ယူနိုင်ခွင့် ရရှိသွားကြောင်း ကြေငြာခဲ့သည်။
လေ့လာသူများက ထို ဖြစ်ရပ်ကို ဆန်းစစ်လေ့လာချက်အရ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် ထုတ်ပြန်ထားသော တရားဝင် ကာကွယ်စောင့်ရှောက်ပေးနိုင်သည့် ဥပဒေ မရှိခြင်း၏ သာဓကအဖြစ် ထောက်ပြခဲ့ပြီး မြန်မာစစ်တပ်နှင့် ဆက်စပ်လျက်ရှိသည့် ကုမ္မဏီနှင့် လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် ကြုံတွေ့ ရတတ်သည့် အခက်အခဲများကို သက်သေပြခြင်းဟု ဝေဖန်ခဲ့ကြသည်။
သို့ရာတွင် UMEHL သည် စင်ကာပူကုမ္မဏီ ဖြစ်သည့် F&N ဘက်မှ အကျိုးတူချုပ်ဆိုထားသည့် သဘောတူညီချက်ပါ အချက်အလက်များပေါ်တွင် ပျက်ကွက်မှုများရှိခဲ့ကြောင်း ခုခံ ပြောဆိုခဲ့ပြီး စင်ကာပူနိုင်ငံတွင် ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းက ၎င်းတို့သည် တရားဥပဒေနှင့် အညီ လုပ်ဆောင်လိုခဲ့ကြောင်း ပြသခြင်းဖြစ်ကြောင်းသည် တုန့်ပြန်ပြောဆိုခဲ့သည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ မြန်မာနိုင်ငံထဲမှာ စိတ်ချလက်ချနဲ့ စီးပွာရေးတွေ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ဖို့ဆိုတာ တကယ်အရေးကြီးပါတယ်” ဟု ဦးပိုင်၏ ဒု-အုပ်ချုပ်မှု ဒါရိုက်တာ တဦးဖြစ်သူ ဦးမြင့်အောင် မှ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ “ဒီလို ကြားနာမှုမျိုးကို လုပ်တယ်ဆိုတာ ကျနော်တို့ အနေနဲ့ ချမှတ်ထားတဲ့ စဉ်းမျည်းနဲ့ ဥပဒေတွေကို လေးစာမှုရှိတယ်၊ လိုက်နာတယ်ဆိုတာကို ပြတာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
UMEHL နှင့် F&N တို့၏ ဖက်စပ်ကုမ္ပဏီ Myanmar Brewery ၏ အမှတ်တံဆိပ်များမှာ Myanmar Beer ၊ Myanmar Double Strong နှင့် Andaman Gold တို့ဖြစ်ကြသည်။ မေလတွင် ပြုလုပ်ခဲ့သော F&N ၏ တင်ပြချက်အရ Myanmar Brewery ကုမ္မဏီမှာ မြန်မာနိုင်ငံ ဘီယာဈေးကွက်၏ ၈၃ ရာခိုင်နှုန်းကို လွှမ်းမိုးထားကြောင်း သိရသည်။
Myanmar Brewery ကို ၁၉၉၅ ခုနှစ်က UMEHL နှင့် အတူ Heineken NV မှ စတင် ထူထောင်ခဲ့ပြီး Heineken ၏ အာရှလက်ခွဲ ဖြစ်သည့် Asia Pacific Breweries Ltd (APB) ၏ ကူညီမှုများလည်း ပါဝင်ခဲ့သည်။ နောက်ပိုင်းတွင် ၎င်းပိုင်ဆိုင်သည့် ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို F&N အား ၁၉၉၇ ခုနှစ်တွင် လွှဲပြောင်းရောင်းချခဲ့သည်။
F&N ကို ယမန်နှစ်က ထိုင်းနိုင်ငံ ဘီလျံနာ တဦးဖြစ်သည့် Charoen Sirivadhanabhakdi ပိုင်ဆိုင်သော Thai Beverage PCL အပါအဝင် ကုမ္မဏီ ၂ ခုက ဝယ်ယူခဲ့ပြန်သည်။
F&N မှ သဘောတူညီချက်ပါ အချက်အလက်များကို လိုက်နာရန်ပျက်ကွက်ခဲ့ပြီးနောက်တွင် UMEHL က အကျိုးတူ ပူးပေါင်းလုပ်ကိုင်မှု သဘောတူညီချက်ပါ လုပ်ပိုင်ခွင့်များအတွင်း F&N ၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ဝယ်ယူရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
F&N ၏ပျက်ကွက်ခဲ့သော ဝတ္တရားနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့ရာ ဖြေဆိုခြင်း မရှိဘဲ ထိုကိစ္စရပ်အား သိရှိသည့် သတင်းရပ်ကွက်များ၏အဆိုအရ F&N မှ ပိုင်ရှင် အသစ်ပြောင်းလဲ လိုက်ပြီးနောက် ကုမ္ပဏီ၏ ရှယ်ယာ ပိုင်ဆိုင်မှု ပုံစံ ပြောင်းသွားခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
F&N နှင့် ၎င်း၏ ပင်မ ကုမ္မဏီဖြစ်သည့် Thai Beverage PCL ကုမ္မဏီ သည် Singapore Exchange အား ၎င်းတို့ ၏ ရှယ်ယာများ အား လွှဲပြောင်းခြင်း ကို ခေတ္တ ဆိုင်းငံ့ထားပေးရန် တင်ပြခဲ့သည်။ F&N မှ တာဝန်ရှိသူများ က မှတ်ချက်များနှင့် ထင်မြင်ချက်များ ပေးခြင်း မပြုခဲ့ပေ။
ထိုင်းသတင်းစာ The Nation ၏ သတင်းတပုဒ်တွင် F&N က ဦးပိုင်က ကမ်းလှမ်းထားသော တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄၆ သန်းမှာ နည်းလွန်းနေပြီး ဖွံ့ဖြိုးလာနေသော မြန်မာ စားသောက်ကုန် ဈေးကွက်မှ ထွက်မသွားလိုခြင်းကြောင့် Myanmar Brewery မည်သို့ ဆက်လက် ပူးတွဲပြီး အလုပ်လုပ်နိုင်မည်ကို နည်းလမ်းရှာဖွေနေကြောင်း ရေးသားထားသည်။