အစိုးရက လက်ရှိလုပ်ကိုင်နေဆဲဖြစ်သော မြန်မာ့သစ်လုပ်ငန်းကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းစု အသွင်သို့ ပြောင်းရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ပြောသည်။
နိုဝင်ဘာလ ၇ ရက်နေ့က International Business Center တွင် ပြုလုပ်သော သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်း နှစ်ပတ်လည် အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဝင်းထွန်းက “မြန်မာ့သစ်လုပ်ငန်းကို ကော်ပိုရိတ် အသွင်နဲ့သွားဖို့ စတင်ဆောင်ရွက်နေပါပြီ။ အခု ဥပဒေ ရေးဆွဲနေပါပြီ” ဟု ပြောသည်။
အဆိုပါ ဥပဒေကို သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီးဌာနမှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အကူအညီနှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းစုအသွင် ပြောင်းရခြင်းနှင့် ပတ်သတ်ပြီး ဝန်ကြီးက “အရှုံးပေါ်လို့ မဟုတ်ပါဘူး။ သစ်လုပ်ငန်းက ဘယ်တုန်းကမှ အရှုံးမပေါ်ပါဘူး။ စနစ်နဲ့အညီ သွားနိုင်ဖို့ လုပ်တာပါ” ဟု ပြောသည်။
လက်ရှိအစိုးရ၏ မူဝါဒပိုင်းအရလည်း နိုင်ငံတော်ပိုင် လုပ်ငန်းစုများကို ပုဂ္ဂလိကပိုင် အဖြစ် ပြုလုပ်လာသည့် အနေအထားများကို တွေ့မြင်ရသည်။
အစိုးရပိုင်းအနေဖြင့် လက်ရှိအချိန်တွင် သစ်အလုံးလိုက် တင်ပို့မှုကို ၂၀၁၄ ခုနှစ်စမှ စ၍ လုံး၀ ပိတ်ပင်ခဲ့ပြီး အကြမ်းထည် မဟုတ်ဘဲ အချောထည်တင်ပို့မှုကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သည်။
သို့သော် ပြည်တွင်း သစ်ထုတ်လုပ်နိုင်မှုကို စနစ်တကျတွက်ချက်၍ ထုတ်လုပ်နိုင်သည့် အခြေအနေနှင့် ပမာဏကိုကြည့်၍ တင်ပို့မှုကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယခုအခါ ယခင်တင်ပို့သည့် ပမာဏထထက် ထက်ဝက်နီးပါးအထိ လျှော့ချခဲ့ပြီးဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ပြောကြားထားပြီး ဖြစ်သည်။
ယင်းအခြေအနေကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက “တနှစ်အတွင်း သစ်တော ထုတ်နိုင်မှုကို တွက်ချက်ပြီး ထုတ်နိုင်တဲ့ အရေအတွက်ကိုပဲ ထုတ်ပါတယ်။ ကျနော်တို့ အလွန်အကျွံ မထုတ်တော့ပါဘူး” ဟု ပြောသည်။
ထိုသို့သော အခြေအနေဟု ဆိုသော်လည်း တရားမဝင် မှောင်ခိုသစ်တင်ပို့မှုများမှာ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ ထွက်ရှိနေပြီး တရုတ်နိုင်ငံသို့ အများဆုံး ထွက်လျက်ရှိသည်။ မြန်မာအစိုးရပိုင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာနတို့မှ ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်တို့ကို အရေးဆိုမှုများ ရှိခဲ့သော်လည်း မှောင်ခိုတင်ပို့မှုများက ရှိဆဲသာဖြစ်သည်။
ထိုသို့သော တရားမဝင် တင်ပို့မှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ သစ်များ မည်မျှထွက်နေသည်ကို တွက်ချက်ရန်နှင့် သစ်တောပြုန်းတီးမှု မည်မျှ ရှိနေသည်ကို သိရှိနိုင်ရန် ခက်ခဲကြောင်း European Forest Institute (EFI) ၏ လေ့လာမှုတခုတွင် ရေးသားထားသည်။
မြန်မာနှင့် နယ်နိမိတ် ဆက်စပ်တည်ရှိသည့် ယူနန်ပြည်နယ်အစိုးရသည် ယင်းအရေးနှင့် ပတ်သက်၍ ၎င်းတို့နိုင်ငံဘက်မှ တရားမဝင် လုပ်ဆောင်သူများကို ဖိအားပေးမှု လုံးဝအားနည်းသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆိုသည်။
သစ်ထုတ်လုပ်မှု သစ်တင်ပို့မှုနှင့် ပတ်သက်၍ သစ်အချောထည် လုပ်ငန်းဖွံ့ဖြိုးရေး အားပေးမှု အဓိက လုပ်ဆောင်သွားမည့်အပြင် သစ်ထုတ်လုပ်မှု လျှော့ချမှုနှင့်အတူ လိုအပ်လာပါက နိုင်ငံတကာအတိုင်း ပြည်ပမှ သစ်လုံးတင်သွင်း၍ အချောထည် ထုတ်လုပ်သွားမည့် အနေအထားအထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် သစ်အချောထည် လုပ်ငန်းရှင်များက ပြည်ပမှ သစ်လုံးတင်သွင်း၍ အချောထည် ပြန်လည် ထုတ်လုပ်ပါက ၎င်းတို့အနေဖြင့် ဈေးကွက်ရှိပြီး အဆင်ပြေနိုင်ကြောင်း၊ သို့သော် သစ်ကုန်ကြမ်းတင်သွင်းမှုအပေါ် ကောက်ခံသည့် သွင်းကုန်အခွန်ကို လျှော့ချရန်လိုကြောင်း၊ လက်ရှိတင်သွင်းမှုကို ကောက်ခံသည့် နှုန်းထားမှာ မြင့်မားမှုရှိပြီး အဆင်မပြေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ဝန်ကြီးဌာနသို့ တင်ပြထားကြောင်းနှင့် အစမ်းသဘော တင်သွင်းမှုများပင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ယခင် သစ်အလုံးလိုက်တင်ပို့မှု မရပ်ဆိုင်းခင်အချိန်က မြန်မာနိုင်ငံ၏ သစ်အလုံးလိုက် တင်ပို့မှု၏ ၈၀ရာခိုင်နှုန်းခန့်ကို အန္ဒိယနိုင်ငံက ဝယ်ယူခဲ့သည်။ ယခုအခါတွင် အလုံးလိုက်တင်ပို့မှု ရပ်ပြီဖြစ်ရာ အိန္ဒိယမှ ၎င်းတို့၏ သစ်လိုအပ်ချက်အတွက် သစ်အချောထည်လုပ် စက်ရုံများကို မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံနေပြီဖြစ်သည်။ လက်ရှိ သစ်လုပ်ငန်းနှင့် ပတ်သတ်၍ ဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အန္ဒိယနိုင်ငံက အများဆုံး ဖြစ်သည်။