ကျင်းပနေသော အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကာလတွင် လာရောက်မည့် တရုတ်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ် နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ သဘောတူလက်မှတ် ရေးထိုးရန်ရှိကြောင်း သိရသည်။
“ချစ်ကြည်ရေး ခရီးစဉ် အတွင်းမှာ ကျနော်တို့ သဘောတူ လက်မှတ်ထိုးမယ်။ စိုက်ပျိုးရေး ထွက်ကုန်တွေနဲ့ ပတ်သက်ပြီး ပူးပေါင်း ဆောင်ရွက်ဖို့ပါ။ ဒီ Summit ရက်တွေ အတွင်းမှာပါပဲ’’ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး(စီးပွား/ကူးသန်း) ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သမ္မတ ဦးသိန်းစိန် သွားရောက်ခဲ့သည့် တရုတ်ခရီးစဉ်အတွင်း မြန်မာ့လယ်ယာ ထွက်ကုန်များ တရုတ်နိုင်ငံသို့ ပုံမှန် ကုန်သွယ်နိုင်ရေး အချက်ကို အလေးပေး ဆွေးနွေးခဲ့ကြသည်ဟု သမ္မတ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ကလည်း ပြောသည်။
“သမ္မတကြီး အထူးတောင်းဆိုတာက မြန်မာနိုင်ငံက လယ်ယာ ထုတ်ကုန်တွေကို တရုတ်နိုင်ငံက ပုံမှန် ကုန်သွယ်မှု အနေနဲ့ ဝယ်ပေးဖို့ပေါ့နော်။ တရုတ်ဘက်ကလည်း ယေဘုယျ သဘောတူပါတယ်”ဟု ဝန်ကြီး ဦးရဲထွဋ်က ပြောသည်။
ယခင်က မြန်မာ့ဆန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် မြန်မာဘက်က တရားဝင် ဖြစ်သော်လည်း တရုတ် အစိုးရဘက်က တရားဝင် တင်သွင်းခွင့်ပြုခြင်း မရှိပေ။
မြန်မာ့လယ်ယာ ထွက်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုနှင့်ပတ်သက်ပြီး နယ်စပ်ကုန်သွယ်မှု Border Trade တင်ပို့ခြင်းထက်၊ ပုံမှန် လမ်းကြောင်း ကုန်သွယ်မှု Normal Trade ကို ပိုမိုလုပ်ကိုင်နိုင်ရေး ဆွေးနွေး ဖြစ်သည်ဟု သိရသည်။
တရုတ်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်ချိန်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ပတ်သက်သည့် သဘောတူညီချက်များ ရရန် ဆွေးနွေးကြပြီးနောက် လက်မှတ်ရေးထိုး ကြမည်ဟု သိရသည်။
လယ်ယာထွက်ကုန်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ ဆန်များကို ယခုလတ်တလော နှစ်များအတွင်း တရုတ်နိုင်ငံသို့ အားထား တင်ပို့လာရခြင်းနှင့်အတူ တရုတ်နိုင်ငံဘက်မှ တရားဝင် ဝယ်ယူရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းကာ ပြီးခဲ့သည့် စက်တင်ဘာ လ အတွင်းက လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်၌ တရုတ်နိုင်ငံသို့ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်ကုန် အထိ တရားဝင် ဆန်တင်ပို့ခွင့် အဖြစ် ဆန်တန်ချိန် နှစ်သိန်း ရရှိထားသည်ဟု မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဌ ဦးချမ်းသာဦးက ပြောသည်။
သို့သော် တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ ဆန်တင်ပို့မှုသည် အဖမ်းအဆီးများရှိသည့် ကြားမှပင် နေ့စဉ် ဆန်တန်ချိန် ၁၀၀၀ ကျော် ထွက်ရှိနေသည့်အတွက် တရားမဝင် မှောင်ခိုဈေးကွက် ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်း မူဆယ်အခြေစိုက် ဆန်ကုန်သည်များက ပြောဆိုသည်။
“အဖမ်းအဆီး များနေချိန်မှာတောင် တနေ့ကို ဆန်တန်ချိန် ၁၀၀၀ လောက် ဝင်နေတာ။တရားဝင် တင်ပို့ခွင့်က နှစ်သိန်း ဆိုတော့ ဝယ်လိုအား နဲ့ ရောင်းလိုအား မမျှဘူး ဖြစ်နေတယ်။တရုတ်ကလည်း ၁၅ မှတ်ဆန်မှ မဟုတ်ဘူး၊ အကျိူးအကြေတွေလည်း အကုန် ဝယ်နေကြတာ”ဟု မူဆယ် အခြေစိုက် ဆန်ကုန်သည် ဦးသူရိန်လွင်က ဆိုသည်။
တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ခွင့်ရရှိရန် အတွက် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တွင် မှတ်ပုံတင်ရမည် ဖြစ်ပြီး အသင်း ဝင်ကြေး ကျပ် သုံးသိန်း၊ နှစ်စဉ်ကြေး တနှစ်လျှင် ကျပ် ငါးသောင်းနှုန်းဖြင့် သုံးနှစ်စာ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
ထိုအပြင် ဆန်တင်ပို့မည့် ဆန်ကုန်သည်များသည် ဆန်စက်၊ သိုလှောင်ရုံ၊ ကုမ္ပဏီပိုင်ဆိုင်သည့် စိုက်ဧက အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု၊ အထူးပြုထားသော တောင်သူဦးရေ စသည်တို့ ပါရှိရမည်ဟု သတ်မှတ်ထားသည်ကို တွေ့ရသည်။
“တန်ချိန် ၂ သိန်းကို တင်ပို့ခွင့် မရတဲ့ သူတွေက ဒီပေါ်မှာ အကျိုးခံစားခွင့် မရှိဘူးပေါ့။ မူဆယ်မှာ ရောင်းချသူတိုင်းက အသေးစား အလတ်စားလို့လည်း ပြောလို့ရတယ် ။ တနိုင်တပိုင်လို့လည်း ပြောရမယ်။ သီးသန့်ကုမ္ပဏီ ထောင်နိုင်သူ မရှိကြဘူး”ဟု မူဆယ် ဆန် ကုန်စည်ဒိုင် ဒုဥက္ကဌ ဦးချမ်းသာဦးက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာဘက်မှ တရုတ်နိုင်ငံသို့ တင်ပို့သော ကုန်ပစ္စည်း အမျိုးအမည်များ၏ ၉၅ ရာခိုင်နှုန်းကို အကောက်ခွန် အလွတ်၊ ခွဲတမ်း သတ်မှတ် တင်သွင်းခွင့်ပြုမှု အလွတ် သတ်မှတ်ကုန်သွယ်နေပြီး ၅ ရာခိုင်နှုန်းသော အမျိုးအမည်များကိုသာ အကောက်ခွန်နှင့် ခွဲတမ်းသတ်မှတ်မှု လုပ်ထားသည်ကို တွေ့ရသည်။
၉၅ ရာခိုင်နှုန်းသော တင်ပို့ကုန်များကို အကောက်ခွန်အလွတ် (Duty free) ခွဲတမ်း သတ်မှတ် တင်သွင်းခွင့်ပြုမှု အလွတ် (Quota free) အနေအထားမှ နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံတိုးပြီး Duty free၊ Quota free လုပ်ဆောင်ရန် ကုန်သွယ်မှုဆိုင်ရာ သဘော တူ လက်မှတ်ရေးထိုးမည်ဟု စီးပွား/ကူးသန်း အကြံပေး ဒေါက်တာ မောင်အောင်က ပြောသည်။
“နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်တိုးရင် ၉၇ ရာခိုင်နှုန်း ဖြစ်သွားမှာပေါ့။ သူတို့ဘက်က ပေးဖို့ ပြောထားတာတော့ ကြာပြီ။ အခုဟာ တော့ လက်တွေ့ အကောင်အထည် ဖော်မယ့် သဘောရှိတယ်”ဟု ဒေါက်တာ မောင်အောင် က ပြောသည်။
၉၇ ရာခိုင်နှုန်း ဖြစ်သွားသည့်အတွက် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ပို့ကုန်များတွင် ၃ ရာခိုင်နှုန်းသာ အကောက်ခွန်နှင့် အကန့်အသတ် ကျန်ရှိတော့မည် ဖြစ်ကြောင်း သိရသည်။
မေစိုးစံ ပူးပေါင်း ရေးသားသည်။