အာဆီယံဒေသတွင်း နိုင်ငံများအတွင်းရှိ ဖွံ့ဖြိုးမှုနှုန်းနောက်ကျသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်(CLMV) နိုင်ငံများ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနှုန်းတွင် မြန်မာနိုင်ငံက ဒုတိယ နေရာလိုက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ဝင်ရောက်ခဲ့ပြီး မြန်မာ နိုင်ငံက ဒေါ်လာ ၄ ဘီလီယံခန့် ဝင်ရောက်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
၎င်းက“CLMV နိုင်ငံတွေထဲမှာ နံပါတ်တစ် လက်ရှိက ဗီယက်နမ်ပဲ။ ဗီယက်နမ်ပြီးရင်တော့ မြန်မာပေါ့။ မြန်မာပြီးမှ ကမ္ဘောဒီးယားနဲ့ လာအိုပါ”ဟု ပြောသည်။
CLMV နိုင်ငံ ၄ နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းသည် ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၃.၂ ဘီလီယံ အထိရှိလာကြောင်းနှင့် ဆောက်လုပ်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် တိုးတက်လာကြောင်း သမ္မတ ဦးသိန်စိန်က ပြောကြားထားသည်။
မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုနှုန်းတွင် ဗီယက်နမ်ကို မီရန်များစွာ လုပ်ဆောင်ရဦးမည် ဖြစ်သော်လည်း ယခုအခြေအနေ အတိုင်း ဆိုပါက နောက်၂ နှစ်၊ ၃ နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် ဗီယက်နမ်ကို မီနိုင်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
ဦးအောင်နိုင်ဦးက “ဗီယက်နမ်ကိုမီဖို တော်တော်တော့ မလုပ်ရပါဘူး။တကယ်တမ်းလုပ်သွားလို့ရင် နောက်၂ နှစ် ၃ နှစ်နေရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို သူတို့ ဖိတ်ခေါ်နိုင်သလောက် ကျနော်တို့လည်း ဖိတ်ခေါ်နိုင်သွားမှာပေါ့။ ဒါက ရင်းနှီးမြှုပ်နှံမှုကို ပြောတာပေါ့။ ကျန်တာတော့ ဘယ်မီအောင် လုပ်နိုင်သေးမှာလဲ။ သူတို့က ရှေ့အများကြီး ရောက်နေတာပါ”ဟုလည်း ပြောသည်။
နိုင်ငံတကာနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရင်း စီးပွားရေးပြုပြင်ပြောင်းလဲမှု ဆိုင်ရာများစတင်ခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစ၍ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနှုန်းမှာ တိုးများလာပြီး နှစ်အလိုက်ဆိုပါက ၁၅ ရာခိုင်နှုန်းအထိ တိုးတက် လာကြောင်းလည်း ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄.၁ဘီလီယံ ကျော်ဖြစ်ပြီး ယခုဘဏ္ဍာနှစ်အစမှ စက်တင်ဘာလကုန်အထိ ဝင်ရောက်သည့် ပမာဏမှာ ဒေါ်လာ ၄.၁၈၇ ဘီလီယံ ရှိနေပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန က ပြောသည်။
ယခုဘဏ္ဍာနှစ်လက်ရှိပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တနှစ်လုံး၏ ပမာဏထက် ဝင်ရောက်မှုများလျှက်ရှိပြီး ဘဏ္ဍာနှစ်ကုန်အထိ ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဘီလီယံကျော် ဝင်ရောက်ရန် ခန့်မှန်းထားကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်း အသားတင်စုစုပေါင်း ကုန်ထုတ်လုပ်မှု တန်ဖိုး(GDP) မှာ အမေရိကန်ဒေါ်လာ ၅၈.၆ ဘီလီယံအထိ ရှိကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ၂၀၁၄ခုနှစ် ယခုအနေအထားတွင် ၈.၇ ရာခိုင်နှုန်းအထိ ရှိလာကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ GDP တိုးနှုန်းမှာ ၇.၃ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။