အာဆီယံ ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးမှုနှင့် ပတ်သက်ပြီး လူငယ်စီးပွားရေး လုပ်ငန်းရှင်များ ပေါ်ပေါက်လာရေး အလေးထား ဆောင် ရွက်ပေးရန် အပါအဝင် ဦးစားပေးအချက် ၃ချက်ကို အာဆီယံ စီးပွားရေး အကြံပေး ကောင်စီက တင်ပြမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင် နိုဝင်ဘာ ၁၁ ရက်မှ ၁၃ ရက် အထိ သုံးရက်ကြာ ပြုလုပ်နေသည့် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ဆွေးနွေးပွဲ အတွင်း သက်ဆိုင်ရာ နိုင်ငံအလိုက် အစိုးရများကို တွန်းအားပေး လုပ်ဆောင်နိုင်ရန် အတွက် ယခု အကြံပြုချက်ကို အာဆီယံ စီးပွားရေး အကြံပေးကောင်စီက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ဘက်က ဆွေးနွေးခဲ့တဲ့ ရလဒ်တွေကို ခေါင်းဆောင်တွေဆီ တင်မှာက အချက် ၃ ချက်ပါ။ နံပါတ် ၁၊ အရေးကြီးဆုံးက MSME (Micro,Small and Medium Enterprise) ပေါ့။ MSME ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရတွေက ပံ့ပိုးဆောင်ရွက်ပေးဖို့ လိုအပ်တယ်ဆိုတာ တင်ပါမယ်။ နောက်တချက်က လူငယ်စီးပွားရေး လုပ်ငန်းရှင်တွေ ပေါ်ပေါက်လာဖို့ အလေးထား ဆောင် ရွက်ပေးဖို့။ နောက်တချက်က အမျိုးသမီးတွေ ပါဝင်လာဖို့ ကိစ္စပါ။ ဒီ ၃ချက်ကို တင်ပါမယ်”ဟု ယခုနှစ် အာဆီယံ စီးပွားရေးနှင့် အကြံပေးကောင်စီ ဥက္ကဌ ဦးဝင်းအောင်က ပြောသည်။
အာဆီယံ စီးပွားရေး အကြံပေးကောင်စီကို အာဆီယံ ၁၀ နိုင်ငံမှ တနိုင်ငံလျှင် ၃ ဦး အချိူးကျနှုန်း ပါဝင်ပြီး စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။
ယခု ထုတ်ပြန်တင်ပြမည့် အချက် ၃ ချက်သည် မြန်မာ တနိုင်ငံတည်း သဘောတူညီချက်ဖြင့် ထုတ်ပြန်ခြင်းမဟုတ်ဘဲ အာဆီယံ နိုင်ငံ အားလုံး သဘောတူညီမှုဖြင့် ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ အခြေအနေ၌ အာဆီယံ နိုင်ငံများအတွင်းရှိ အကြီးစားစီးပွားရေး လုပ်ငန်းများသည် ၂၀၁၅ တွင် စတင်မည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (AEC) အတွက် နိုင်ငံ အနေအထား အလိုက် ပြင်ဆင်ထားပြီး ဖြစ်သော်လည်း အငယ်စား၊ အသေးစားနှင့် အလတ် စား စီးပွားရေး လုပ်ငန်းများ ပြင်ဆင်ထားမှုမှာ လွန်စွာ နည်းပါးနေသေးသည်ဟု အာဆီယံ စီးပွားရေး အကြံပေး ကောင်စီမှ မြန်မာအဖွဲ့ဝင် ဦးဝေဖြိုးက ပြောသည်။
AEC စတင်ချိန်တွင် အာဆီယံ ၁၀ နိုင်ငံ အတွင်း ကုန်စည်များ၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ စီးဝင်တော့မည်ဖြစ်ရာ ဈေးကွက် ယှဉ်ပြိုင်မှု၊ အရည်အသွေးပိုင်း ယှဉ်ပြိုင်မှု၊ ဈေးနှုန်း ယှဉ်ပြိုင်မှု ရှိလာမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထိုအနေအထားမျိုးတွင် အာဆီယံ ဒေသတွင်း နိုင်ငံအားလုံးရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးမှု အရှိန်မြှင့်တင်ပေးရန် အတွက် အစိုးရများ၏ ကူညီပံ့ပိုးမှုလည်း လိုအပ်ကြောင်း ဦးဝေဖြိုးက ဆို သည်။
“ကျနော်တို့က ယှဉ်ပြိုင်မှုတွေကိုပဲ ကြည့်နေလို့ မရဘူး။ အခွင့်အရေးကိုလည်း ယူတတ်ဖို့ လိုမယ်။ အဲ့ဒီမှာ စီးပွားရေး ကဏ္ဍတခု တည်း မရဘူး။ အစိုးရ အာဏာပိုင်တွေက ကိုယ့်ပြည်တွင်းမှာ ရှိတဲ့လုပ်ငန်းတွေကို ကိုယ့်ပြည်တွင်းမှာ ခိုင်မာအောင်၊ အာဆီယံ ဒေသတွင်း Regional Business အနေနဲ့ လုပ်နိုင်အောင် ပံ့ပိုးကူညီမှုတွေ အများကြီး လိုတယ်။ ဒီတိုင်းပဲ မင်းတို့လုပ်ကြဆိုပြီး ပြောလို မရဘူးပေါ့”ဟုလည်း ဦးဝေဖြိုးက ပြောဆိုသည်။
မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းအားလုံး၏ ၉၇ ရာခိုင်နှုန်းခန့်သည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း SME များ ဖြစ်ကြောင်း အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲတွင် တက်ရောက် ဆွေးနွေးသူများက ပြောဆိုသည်။
၉၇ ရာခိုင်နှုန်းခန့် ရှိနေသည့် မြန်မာနိုင်ငံ၏ SME များ ဖွံ့ဖြိုးမှု အရှိန်မြှင့်ရန် အစိုးရပိုင်းက ကူညီပံ့ပိုးမှုများ လုပ်ဆောင်ရမည် ဖြစ် သည် ဟု တက်ရောက် လာကြသူများက ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ SME ဥပဒေမှာ ထွက်ရှိမလာသေးဘဲ လွှတ်တော်အတွင်းသာ ဆွေးနွေးနေဆဲ ဖြစ် သည်။
၁၉၉၀ ပြည့်နှစ်က ပြဋ္ဌာန်းခဲ့သည့် ပုဂ္ဂလိက စက်မှုလုပ်ငန်း ဥပဒေအရ သတ်မှတ်ထားသော အသေးစား၊ အလတ်စား လုပ်ငန်း သတ် မှတ်ချက်သာရှိပြီး ယခုအချိန်တွင် အဆိုပါ ဥပဒေမှာ ခေတ်စနစ်နှင့် လိုက်လျောညီထွေမှု မရှိတော့ခြင်းကြောင်း အစိုးရပိုင်းက SME ဥပဒေ အသစ်ကို လွှတ်တော်အတွင်း ပြင်ဆင်ရေးဆွဲနေခြင်း ဖြစ်ကြောင်း သိရသည်။