သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် လက်ရှိအချိန်အထိ လုပ်ငန်းဆောင်ရွက်ရန် လာရောက် ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများနှင့် ငွေကြေးပမာဏတွင် ဂျပန်နိုင်ငံက အများဆုံး ရှိနေကြောင်း သိရသည်။
“အခု လက်မှတ်ထိုးထားတဲ့ ကုမ္ပဏီ ၂၅ ခု ရှိပါပြီ။ ဂျပန်က အများဆုံးပေါ့။ ၆၀ ရာခိုင်နှုန်းလောက်က ဂျပန် ရင်းနှီးမြှုပ်နှံမှုပါ”ဟု မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးမှု ကုမ္ပဏီ (MJTD) ဒုဥက္ကဌ ဦးသူရိန်အောင်က ပြောသည်။
နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်တွင် ပြုလုပ်သော အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး ဆွေးနွေးပွဲ အပြီးတွင် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
MJTD သည် မြန်မာ-ဂျပန် ဖက်စပ် တည်ထောင်ထားသည့် ကုမ္ပဏီတခု ဖြစ်ပြီး သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ကိုင်ရန် သဘောတူ လက်မှတ် ရေးထိုးထားသည့် နိုင်ငံတကာ ကုမ္ပဏီ ၂၅ ခုတွင် တခု အပါအဝင် ဖြစ်သည်။
ထိုနိုင်ငံတကာ ကုမ္ပဏီ ၂၅ ခုသည် သီလဝါ စီမံကိန်း၌ စက်ရုံတည်ဆောက်ခြင်းနှင့် လုပ်ငန်းများအား လာမည့် ပွင့်လင်းရာသီတွင် စတင် လုပ်ကိုင်ကြရမည်ဖြစ်ပြီး ထုတ်လုပ်မှု လုပ်ငန်းများကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းမှသာ စတင်နိုင်မည် ဖြစ်သည်ဟု ဦးသူရိန်အောင် က ပြောသည်။
ရင်းနှီးမြှုပ်နှံခွင့်ရ ကုမ္ပဏီ ၂၅ ခုတွင် ဂျပန်၊ ထိုင်ဝမ်၊ ထိုင်း၊ တရုတ်၊ ဆွီဒင်၊ ဟောင်ကောင်၊ သြစတြေးလျ၊ အမေရိကန်နှင့် မြန်မာ ကုမ္ပဏီတခု ပါဝင်ပြီး ဂျပန် ကုမ္ပဏီများက အရေအတွက် အများဆုံး ဖြစ်သည်ဟု ဆိုသည်။
လုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီများသည် သီလဝါ စီးပွားရေးဇုန် စီမံကိန်းရှိ မြေများကို အထူးစီးပွားရေးဇုန် ဥပဒေပါ အတိုင်း နှစ် ၅၀ ငှားရမ်း လုပ်ကိုင်ခွင့်နှင့် ထပ်တိုးအဖြစ် ၁၀ နှစ်စီ နှစ်ကြိမ်တိုး၍ ငှားရမ်း လုပ်ကိုင်ခွင့်ရမည် ဖြစ်ကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်၌ တည်ဆောက်မည့် စက်ရုံများတွင် ဆောက်လုပ်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် ပစ္စည်းများ ထုတ် လုပ် သည့် စက်ရုံများ၊ စတီးပိုက် စက်ရုံများ၊ သစ်ချော ထုတ်လုပ်ရေးနှင့် ပတ်သက်သည့် စက်ရုံများ၊ အလူမီနီယံ စက်ရုံများ၊ အချိုရည် စက်ရုံနှင့် အထည်ချုပ် စက်ရုံများ ပါဝင်ကြောင်း MJTD က ပြောသည်။
သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် အကောင်အထည်ဖော်မှုကို မြေဟက်တာ ၄၀၀ တွင် လုပ်ကိုင်လျက်ရှိသည်။ ဒုတိယ အဆင့် အကောင်အထည်ဖော်မှု အဖြစ် မြေဟက်တာ ၅၀၀ ကို မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ လုပ်ဆောင်ရန် ဂျပန်- မြန်မာ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာကို အာဆီယံထိပ်သီး ဆွေးနွေးပွဲသို့ လာရောက်ခဲ့သည့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ခရီးစဉ်တွင် လက်မှတ်ထိုးခဲ့ပြီး ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို လာဘ်ပေးလာဘ်ယူ ကင်စင်ရေးဇုန် အဖြစ် လုပ်ဆောင်ရန် အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး ပိုင်း အဖွဲ့အစည်း ဖြစ်သော သီလဝါ အထူးစီးပွားရေးဇုန် ဆပ်ကော်မတီနှင့် MJTD ကုမ္ပဏီတို့က သဘောတူထားကြောင်းလည်း သိရ သည်။
မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် စီမံကိန်း ၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး သီလဝါ အထူးစီးပွားရေးဇုန်သည် လုပ်ငန်းဆောင်ရွက်မှု အစောဆုံး စီမံကိန်းတခု ဖြစ်သည်။
ထားဝယ် အထူးစီးပွားရေးဇုန်မှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရ ပူးပေါင်း ဆောင်ရွက်နေပြီး ဂျပန်နိုင်ငံကလည်း သုတေသနလုပ်ငန်းများတွင် ပါဝင် ကူညီနေကြောင်း သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မည့် ကုမ္ပဏီများကိုမူ တင်ဒါခေါ်ထားပြီး လာမည့် ဒီဇင်ဘာလထဲတွင် ထုတ်ပြန်မည် ဖြစ်သည်။