အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းတန်ဖိုး ဆက်တိုက် မြင့်တက်လာမှု နောက်ဆက်တွဲအဖြစ် သွင်းကုန်ပစ္စည်းအများစု၏ ဈေးနှုန်းများ ဈေးကွက်အတွင်း မြင့်တက်လာကြောင်း သိရသည်။
ဈေးကွက်အတွင်း အမေရိကန် ဒေါ်လာဖြင့် တန်ဖိုး သတ်မှတ် ရောင်းချသော ကုန်ပစ္စည်းများ သိသိသာသာ ဈေးတက်လာသည်ကို တွေ့ရသည်။
အမေရိကန်ဒေါ်လာဖြင့် တန်ဖိုးဖြတ် တင်သွင်းလာသည့် ပစ္စည်းများဖြစ်သော အိုင်တီ ပစ္စည်း၊ အီလက်ထရွန်နစ် ပစ္စည်း၊ နိုင်ငံခြား ဆေးဝါးများ၊ သတင်းစာ၊ ဂျာနယ်သုံး စက္ကူများ စသည့် သွင်းကုန်ပစ္စည်း ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာသည်ဟု ဝယ်ယူ သုံးစွဲကြသူများက ပြောသည်။
“Apple တံဆိပ် ပစ္စည်းတွေက ဒေါ်လာနဲ့ တွက်ရောင်းတာ ဆိုတော့ ဈေးနှုန်း သိသိသာသာ တက်လာတယ်”ဟု ၃၆ လမ်းရှိ တက် ကနိုလန်း ကွန်ပျူတာ ထရိတ်ဒင်း ကုမ္ပဏီ လီမိတက် (Technoland Computer Trading Co., Ltd) မှ အရောင်းပိုင်းဆိုင်ရာ တာဝန်ခံ တဦးက ဧရာဝတီကို ပြောသည်။
နိုင်ငံခြားဆေးဝါး အများစု၏ ဈေးနှုန်းသည် ၅ ရာခိုင်နှုန်းခန့် တက်လာသည်ဟု ကျောက်တံတားမြို့နယ် အတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းများ ဖြန့်ချိရောင်းချသော ဆေးကုမ္ပဏီ တခုကလည်း ပြောပြသည်။
ယခုကဲ့သို့ ဒေါ်လာငွေကြေး လဲလှယ်နှုန်း မြင့်တက် လာခြင်းသည် ပြည်တွင်းသို့ သွင်းကုန်ပစ္စည်း တင်သွင်းမှု များပြားလာခြင်း နှင့် အတူ နိုင်ငံခြားငွေ လိုအပ်ချက် များလာခြင်း၊ ကမ္ဘာ့ရွှေဈေး ကျဆင်းခြင်းတို့ကြောင့် ဖြစ်သည်ဟု စီးပွားရေး ပညာရှင်များနှင့် လုပ်ငန်းရှင်များက သုံးသပ် ပြောဆိုသည်။
ထို့အပြင် ဒေါ်လာဖြင့် ရောင်းဝယ် လုပ်ကိုင်ကြသူများက ငွေလှဲနှုန်း ယခုထက် ပိုမြင့်တက်လာမည်ကို စိုးရိမ်ပြီး လိုအပ်သည်ထက် ပိုမိုဝယ်ယူနေသည့် အကြောင်းရပ်ကလည်း ဒေါ်လာငွေ လဲလှယ်နှုန်းတန်ဖိုး ပိုတက်လာစေသည့် အကြောင်းရပ် တခုဖြစ်သည်ဟု မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း ၏ ဒု ဥက္ကဌ ဒေါက်တာ အောင်သိန်းက ဧရာဝတီကို ပြောသည်။
ယခုအခြေအနေတွင် ဗဟိုဘဏ်မှ အမေရိကန် ဒေါ်လာကို ထုတ်ရောင်းပေးပြီး သင့်လျော်သော ငွေလှဲနှုန်း တရပ် ပြန်လည် ရောက် ရှိရန် ဝင်ထိန်းပေးရမည့်အချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်ဟုလည်း ဒေါက်တာ အောင်သိန်းက ပြောဆိုသည်။
“ဖြစ်သင့်ဖြစ်ထိုက်တဲ့ Exchange rate ကို ဗဟိုဘဏ်ရော ပညာရှင်တွေရော စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ရော တိုင်ပင်ပြီး နည်းလမ်း အဖြေရှာသင့်ပြီ”ဟု ၎င်းက ဆိုသည်။
ဒေါ်လာငွေ လဲလှယ်နှုန်းကြောင့် သွင်းကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက်လာသည့်နှင့် အတူ ဆန်၊ ဆီ ကဲ့သို့သော အခြေခံ စားသောက်ကုန် ဈေးနှုန်းများလည်း မြင့်တက်လာသည်ကို တွေ့ရသည်။
အခြေခံ စားသောက်ကုန် ဈေးနှုန်းများသည် အောက်တိုဘာလ နောက်ဆုံးပတ်မှ စတင်ပြီး တရွေ့ရွေ့ မြင့်တက်လာကာ မူလက ပေါ်ဆန်းမွှေး ဆန်တပြည်လျှင် ကျပ် ၁၅၀၀ မှ ယခုအခါ ကျပ် ၁၅၅၀ အထိ လည်းကောင်း ၊ ပဲဆီ တပိဿာလျှင် ယခင်က ကျပ် ၃၈၀၀၊ ကျပ် ၄၀၀၀ မှ ယခုအခါ ကျပ် ၄၅၀၀ အထိ မြင့်တက်လာကြောင်း လမ်းမတော် မြို့နယ်တွင်းရှိ ဆန်၊ ဆီ ရောင်းချနေသော ကုန်စုံဆိုင် တဆိုင်မှ ရသည်။
အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် ၂၀၁၄ စက်တာဘာ လကုန်ပိုင်းက ၁ ဒေါ်လာလျှင် ကျပ် ၉၇၀ ဝန်းကျင် ရှိရာမှ တရွေ့ရွေ့ မြင့်တက်လာပြီး အောက်တိုဘာလ နောက်ဆုံး ရက်သတ္တပတ်တွင် ၁ ဒေါ်လာလျှင် ကျပ် ၁ ထောင်ဝန်းကျင်သို့ ရောက်ရှိလာကာ နိုဝင်ဘာလ ၁၉ ရက်တွင် ဗဟိုဘဏ်က သတ်မှတ်သော ငွေလဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ကျပ် ၁၀၄၈ အထိ ရှိလာကာ ပြင်ပဈေးကွက်တွင် ၁ ဒေါ်လာလျှင် ကျပ် ၁၀၆၀ ဝန်းကျင်အထိ အရောင်းအဝယ် ဖြစ်နေကြောင်း တွေ့ရှိရသည်။
ဈေးကွက်အတွင်း ယခုရက်ပိုင်း၌ ဒေါ်လာဝယ်လိုအား သိသိသာသာ မြင့်တက်လာသည့် အတွက် အမေရိကန်ဒေါ်လာ ရောင်းချ လဲလှယ်ခြင်းကို အကန့်အသတ်ဖြင့် ရောင်းချပေးနေရသည်ဟု ငွေလဲလှယ်ရေး စင်တာများက ပြောသည်။