ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ကို ပုဂ္ဂလိကကုမ္ပဏီ အဖြစ် ၃ လအတွင်း ပြောင်းလဲသွားရန် စီစဉ်နေကြောင်း သိရှိ ရသည်။
“ပြောင်းတာက ဝန်ကြီးဌာနကနေ သီးခြားခွဲထွက်ပြီး လွတ်လပ်စွာ စီမံကွပ်ကဲ ဆောင်ရွက်နိုင်ဖို့ပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်
ရမယ်။ ဝန်ကြီးဌာနက ပေါ်လစီပိုင်းပဲ ကိုင်မယ်။ အခု ရန်ကုန်လုပ်မယ်။ နောက် တချိန်တည်း မန္တလေးမှာပါလုပ်မယ်”ဟု ရန်ကုန်မြို့
တော် လျှပ်စစ် ဓတ်အားပေးရေး အဖွဲ့ ဒု ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ပြောသည်။
ပြောင်းလဲရာတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်း အဖြစ် စတင်ပြောင်းလဲသွားမည် ဖြစ်ပြီး အစုရှယ်ယာများရောင်းချသွားရန် စီစဉ်ထားကြောင်း၊ သို့သော် ယခုစတင် လုပ်ဆောင်ချိန်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ခွဲထွက်မည် မဟုတ် သေးဘဲ ဝန်ကြီးဌာနက ဆက်လက် ကိုင်တွယ်သွားဦးမည် ဖြစ်ကြောင်း နောက်ပိုင်းမှသာ အစိုးရပိုင်ဆိုင်မှုကို လျှော့ချသွားမည် ဖြစ်ကြောင်း ဦးမောင်မောင်လတ်က ဆက်ပြောသည်။
“အခု စလုပ်ရင်တော့ အစိုးရကပဲ ရာနှုန်းပြည့် ပိုင်ဦးမယ်။ နောက်ပိုင်းမှာတော့ ပုဂ္ဂလိကတွေ စခေါ်မယ်။ အစိုးရဝန်ကြီးဌာနက ပိုင်ဦး
မယ်ဆိုပေမယ့် ကော်ပိုရေးရှင်းမှာ လွတ်လပ်တဲ့ စီမံခန့်ခွဲမှုတွေ လုပ်ခွင့်ရမယ်။ နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းအဖြစ် ထူထောင် မယ်”ဟုလည်း ၎င်းက ဆိုသည်။
ထိုသို့ရပ်တည်ပြီးမှသာ ပုဂ္ဂလိကရင်းနှီးမှုများကို လက်ခံမည် ဖြစ်ကြောင်း စတင်လက်ခံချိန်တွင် အစိုးရက ၅၁ ရာခိုင်နှုန်း၊ ပုဂ္ဂလိက ၄၉ ရာခိုင်နှုန်းဖြင့် လုပ်ကိုင်၍ တရားဝင်ရှယ်ယာများ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
“ရှယ်ယာဝင်ခိုင်းမယ်။ ရှယ်ယာရောင်းမယ်။ နောက်ပိုင်း တဆင့်တဆင့် လုပ်သွားမယ်။ အစိုးရပိုင်ဆိုင်မှုကို လျှော့သွားပြီး ပုဂ္ဂလိက
သတ်သတ် လုပ်သွားမယ်။ ဘယ်လိုကုမ္ပဏီတွေ ပါမလဲဆိုတာတော့ လျှပ်စစ်နည်းဥပဒေကို စောင့်နေတာပေါ့။ ဥပဒေ အတိုင်း လက်ခံမယ်။ ပြည်တွင်းကော၊ ပြည်ပပါ ပါဝင်မယ်။ မီတာခငွေကြေးကတော့ နိုင်ငံတော်ရဲ့ သတ်မှတ်ထားတဲ့ အတိုင်း ဖြစ်မယ်။
အပြောင်းအလဲတော့ မလုပ်သေးဘူး”ဟု ဦးမောင်မောင်လတ်က ပြောသည်။
နောက်ပိုင်းတွင် အဆင့်ဆင့်ပြောင်းလဲ၍ လွတ်လပ်သောကုမ္ပဏီအဖြစ် ရပ်တည်သွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ လျှပ်စစ်
ထုတ်လုပ်မှုကိုဝယ်၍ ပြန်လည်ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
“နောက်ပိုင်းကျရင် လျှပ်စစ်မီးလိုအပ်ချက်မရှိအောင် ကျနော်တို့ဘာသာ လိုင်းကြိုးလဲ၊ ခွဲရုံတွေ လုပ်ရမယ်။ ဝန်ကြီးဌာနက ဥပဒေ တွေ ကိုင်မယ်။ လုပ်ဆောင်တာဥပဒေနဲ့ မှန်မမှန်သူက ကြည့်မယ်။ အရင်ကလို လိုင်းတွေလည်း ဓာတ်အားရုံတွေ တည်ဖို့အဆင့်ဆင့်
တင်ပြရတာတွေ မရှိတော့ဘူး။ နောက်ပြီး လျှပ်စစ်လိုအပ်ချက် မရှိအောင်လုပ်ရမှာ ကော်ပိုရေးရှင်းတာဝန်ပဲ ဖြစ်မယ်။ အခုချိန်ထိ သုံးစွဲမှုက နှစ်စဉ် ၁၅ ရာခိုင်နှုန်း တက်လာနေတာကို ပြည့်အောင်ပေးဖို့ လုပ်နေတယ်”ဟု ဦးမောင်မောင်လတ်က ပြောသည်။
လက်ရှိရန်ကုန်မြို့တွင် လျှပ်စစ်သုံးစွဲသူ ၉ သိန်းကျော်ရှိပြီး သုံးစွဲမှုပမာဏမှာ ရန်ကုန်တခုတည်းတွင် မဂ္ဂဝါပ် ၁၂၀၀ ကျော် သုံးစွဲ နေ ကြောင်း၊ ထိုသုံးစွဲမှုပမာဏ ကာမိရန် ပေးနိုင်ရန်မှာ လုံလောက်မှုမရှိသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။
တောင်ဒဂုံတွင်နေထိုင်သည့် လျှပ်စစ်အင်ဂျင်နီယာ ဦးကိုကိုဇော်မြင့်ကလည်း“လျှပ်စစ်က အချိန်ပြည့်ပေးမယ်သာ ပြောတယ်။ ၁ နာရီ၊ ၂ နာရီလောက် ပျက်တယ်။ နောက် မြို့ထဲပိုင်းလောက်ပဲ မီးကမှန်တာ။ သင်္ဃန်းကျွန်း၊ တောင်ဒဂုံတို့မှာဆို ပျက်နေတုန်းပဲ။ တခါတလေ နေ့ဝက်လောက် ပျက်တယ်။ ပြောင်းလဲရင်လည်း အရင်စနစ်လို မဟုတ်ဘဲ ပြောင်းစေချင်တယ်။ စလုပ်ရမှာ ကြိုးတွေလဲဖို့ပဲ။ ဒါတွေလဲမှ ခံနိုင်အားကောင်းမယ်။ အခုက ကြိုးတွေမကောင်းတော့ ခဏခဏ လိုင်း ကျ နေတယ်။ ဒါအဓိကပြင်ရမှာပါ”ဟု ပြောသည်။
ထိုသို့ ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အားပေးအဖွဲ့ကို ကော်ပိုရေးရှင်း ပြောင်းလဲရာတွင် ကမ္ဘာဘဏ်၏ အစိတ်အပိုင်းတခုဖြစ်သော
International Finance Corporation (IFC)မှ နည်းပညာပိုင်းများ ကူညီပေးလျက်ရှိပြီး ထိုသို့ကူညီသည် အစီအစဉ်အတွက် ငွေ
ကြေးမည်မျှ သုံးစွဲသည်ကို နှစ်ဘက်စလုံးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။