ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) အတွက် စင်ကာပူနှင့် ဗီယက်နမ် ဘဏ်များက အမေရိကန် ဒေါ်လာ သန်း ၅၀ ကို စက်မှုဝန်ကြီးဌာနမှ တဆင့် ချေးငွေအဖြစ် ထုတ်ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။
“ပြီးခဲ့တဲ့ အောက်တိုဘာ ဝန်းကျင်လောက်က MOU ထိုးခဲ့တာ။ ဒေါ်လာသန်း ၂၀ က စင်ကာပူကပါ။ ဗီယက်နမ်က သန်း ၃၀ ပါ” ဟု အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန ဒု ညွှန်ကြားရေးမှူးချူပ် ဒေါ်အေးအေးဝင်းက ပြောသည်။
စင်ကာပူနှင့် ဗီယက်နမ် ဘဏ်များက ပြည်တွင်း SME လုပ်ငန်းများသို့ ချေးငွေ ထုတ်ပေးနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် တိုက်ရိုက် လာရောက်ညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စက်မှုဝန်ကြီး ဌာနက အဆိုပါ ချေးငွေများကို အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်(SMIDB) မှတဆင့် ထုတ် ချေးပေးသွားမည် ဖြစ်ပြီး ထိုအစီအစဉ်ကို လာမည့် ၂၀၁၅ ခုနှစ်အတွင်း စတင်နိုင်မည်ဟု ဒေါ်အေးအေးဝင်းက ဆက်ပြောသည်။
စင်ကာပူနှင့် ဗီယက်နမ် ဘဏ်များက စက်မှုဝန်ကြီးဌာနသို့ ချေးငွေ ထုတ်ပေးရာတွင် အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် ကာလရှည် ချေးသွားရန် ရှိပြီး စက်မှုဝန်ကြီး ဌာနက SME လုပ်ငန်းများသို့ ပြန်လည် ချေးပေးရာတွင် အတိုးနှုန်းတခု သတ်မှတ်ပြီး ချေးသွားမည် ဖြစ် သည်ဟုလည်း ၎င်းက ဆိုသည်။
ချေးငွေ ရယူလိုသည့် SME လုပ်ငန်းများအတွက် လိုအပ်သည့် စံနှုန်း သတ်မှတ်ချက်များနှင့် ပတ်သက်ပြီး စီစဉ်နေဆဲ ဖြစ်သော် လည်း ချေးငွေပြန်လည် ဆပ်နိုင်မည့် အချိန်ကာလကို ၃ နှစ်မှ ၅ နှစ်အထိ သတ်မှတ်ပေးနိုင်ရန် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ချေးငွေ အတိုးနှုန်း သတ်မှတ်ချက်နှင့် ပတ်သက်ပြီး ဒေါ်အေးအေးဝင်းက“ကျမတို့ ပြန်ပေးတဲ့ အခါမှာ ၆ ရာခိုင်နှုန်းနဲ့ ၈.၅ ရာခိုင်နှုန်း ကြား ဖြစ်မှာပါ။ ဒါကတော့ သူတို့ညှိတဲ့ အပေါ်မှာ မူတည်ပါတယ်။ အတိအကျတော့ ပြောလို့ မရဘူး။ ၆ ရာခိုင်နှုန်း အထိ ပေးနိုင် ဖို့ လုပ်နေတာ ရှိတယ်”ဟု ပြောဆိုသည်။
ချေးငွေ ထုတ်ပေးမည့် စင်ကာပူဘဏ်နှင့် ဗီယက်နမ်ဘဏ်များ၏ အမည်များနှင့်ပတ်သက်ပြီး ယခုအချိန်တွင် ထုတ်ဖော် ပြောကြား ခြင်း မရှိသေးပေ။
SME လုပ်ငန်းများသို့ ချေးငွေ အကူအညီပေးရန် စင်ကာပူ၊ ဗီယက်နမ် ဘဏ်များကဲ့သို့ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA) ကလည်း အစိုးရနှင့် ညှိနှိုင်းထားပြီး ဖြစ်ကြောင်း သိရသည်။
JICA မှ ချေးငွေ အကူအညီပေးရာတွင် ဘဏ္ဍာရေး ဝန်ကြီးဌာနမှတဆင့် လုပ်ဆောင်သွားရန် စီစဉ်ထားသော်လည်း အကူအညီ ပေးမည့် ချေးငွေပမာဏကို ယခုအချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးသည်ကို တွေ့ရသည်။
အစိုးရက SME လုပ်ငန်းများသို့ ပံ့ပိုးမှုအဖြစ် ကျပ် ၂၀ ဘီလီယံကို ယခုနှစ်အတွင်းချပေးထားပြီး SMIDB ဘဏ်မှတဆင့် အတိုးနှုန်း ၈.၅ ရာခိုင်နှုန်းဖြင့် ချေးငွေ ပေးထားသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် SME လုပ်ငန်းများ အတွက် အရေးပါသော အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဥပဒေ (SME Law) မှာ ယခု အချိန်ထိ မထွက်ရှိနိုင်သေးဘဲ လွှတ်တော်အတွင်း ကြန့်ကြာနေသည်ဟု ပြည်တွင်း လုပ်ငန်းရှင်များက ပြောဆိုလျက် ရှိသည်။