စီးပွားရေး

မြန်မာ သစ်လုပ်ငန်းရှင်များ အမေရိကန် ဈေးကွက်ရရန် မျှော်မှန်း

This article has been converted from Zawgyi One to Unicode

မြန်မာ သစ်လုပ်ငန်းရှင်များအနေဖြင့် လာမည့်နှစ်တွင် ကျွန်းခွဲသားနှင့် သစ်အချောထည် တင်ပို့မှုအတွက် အမေရိကန်ဈေးကွက်ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကျွန်းခွဲသား သစ်အချောထည် ဈေးကွက်မှာ ဥရောပ သမဂ္ဂ(EU) ဈေးကွက်သို့ အများစုတင်ပို့နေရပြီး အမေရိကန် ဈေးကွက်သို့ တင်ပို့နိုင်သည့် အရေအတွက် မများသေးကြောင်း၊ ယခုနှစ်မှစ၍ ကွန်တင်နာ ၁၀ လုံးခန့် စတင်ပို့သွားရန် ရှိကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းက ပြောသည်။

အမေရိကန်သို့ ယခုတင်ပို့နေသည့် အခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘာဘာချိုက “နိုင်ငံရေး တားမြစ်ချက်တွေကလည်း သိပ်ပြီးရှင်းရှင်းလင်းလင်း မရှိတဲ့အခါ တချို့က တိုက်ရိုက် မတင်ပို့ဘဲ တတိယနိုင်ငံကနေတဆင့် ပို့တဲ့သူတွေရှိလို့ အရေအတွက်ကတော့ အတိအကျ ဖမ်းလို့မရဘူး”ဟု ပြောသည် ။

ကျွန်းခွဲသား သစ်အချောထည် ဈေးကွက်သည် အဓိကအားဖြင့် EU ဈေးကွက်ဖြစ်သော်လည်း မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများသို့လည်း တင်ပို့မှုရှိကြောင်း၊ ကျွန်းသစ်အချောထည် ၁ တန်လျှင် ပျမ်းမျှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၄၀၀၀ မှ ၄၅၀၀ ကြား ရှိပြီး ၁ လလျှင် ပျမ်းမျှတန် ၃၀၀၀ မှ ၃၅၀၀ တင်ပို့ပြီး ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၇ သန်းခန့်ရှိကြောင်းလည်း ၎င်းက ပြောပြသည်။

နှစ်စဉ် သစ်အချောထည် တင်ပို့ခြင်းမှ ပို့ကုန်ရငွေ တန်ဖိုးသည် အမေရိကန်ဒေါ်လာသန်း ၆၀ မှ ၈၀ အကြားတွင်ရှိနေပြီး သစ်အလုံး လိုက် တင်ပို့ခြင်း မပိတ်ခင်ကာလ ကတည်းက ရရှိခဲ့သည့် တန်ဖိုးဖြစ်ကြောင်း၊ ယခု အခြေအနေတွင် ပိုမိုတိုးတက်နိုင်ခြင်း မရှိကြောင်း သိရသည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ ဦးဘာဘာချိုက “သင်္ဘောမတင်ဘဲ ကျန်တဲ့သစ်လုံးတွေ ရှိတယ်၊ သစ်လုံးတန် ၁ သိန်းကျော်ရှိတယ်၊ ဝယ်ယူထားပြီးသား ကုမ္ပဏီကြီး သုံးလေးခုလောက်ရဲ့ လက်ထဲမှာပဲ ရှိတယ်။ Export လုပ်နေတဲ့ စက်ရုံတွေဆီကိုလည်း မရောက် ဘူး၊ နိုင်ငံတော်ကလည်း ကျွန်းသစ်လုံး လျှော့ထုတ်နေတယ်၊ အသစ်လည်းမထွက် အဟောင်းလည်းမရတော့ အရေအတွက်က တိုးသင့်သလောက် မတိုးဘူး’’ဟု ပြောသည်။

အခြေခံသစ်အချောထည်စက်ရုံများတွင် ကုန်ကြမ်းရရှိမှု အခြေအနေမှာ လက်ရှိ အစိုးရ ပေါ်လစီ အပြောင်းအလဲကြောင့် မတည်ငြိမ် မှု အနည်းငယ် ရှိသည့် အခြေအနေဖြစ်ကြောင်းလည်း သိရသည်။

သစ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးအောင်မျိုးက“ဒီ ၂၅ ရက်နေ့မှာ ကျွန်း ၊ ပျဉ်းကတိုးတွေ တင်ဒါခေါ် ဖို့ရှိတယ်။ အခုက စပ်ကူးမတ်ကူး ကာလလည်းဖြစ် ပေါ်လစီကလည်းပြောင်းတော့ သစ်ထုတ်လုပ်ခွင့် ရပ်ထားတယ်၊ ခွဲတမ်းပြန်ချတော့မှာပါ”ဟု ပြောသည် ။

ယခင် သစ်လုံးတင်ပို့မှု မရပ်ဆိုင်းခင်အထိ မြန်မာနိုင်ငံ၏ သစ်တင်ပို့မှုမှာ ၂၀၀၅ မှ ၂၀၁၄ ခုနှစ်မတ်လ အထိ ပျမ်းမျှ အမေရိကန် ဒေါ်လာ သန်း ၅၀၀ မှ ၈၀၀ကြားရရှိခဲ့ပြီး ယင်းမှ ၉၀ ရာခိုင်နှုန်းသည် သစ်လုံးတင်ပို့မှုမှရသည့် ဝင်ငွေဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ သစ်အလုံးလိုက်တင်ပို့မှု တွင် ယခင်က အိန္ဒိယနိုင်ငံမှ အများဆုံးဝယ်ယူခဲ့သည့် အခြေအနေဖြစ်ပြီး ယခုအခါ အလုံး လိုက်တင်ပို့မှု ပိတ်လိုက်ခြင်းကြောင့် အိန္ဒိယလုပ်ငန်းရှင်များမှာ ပြည်တွင်းသို့ ဝင်၍ စက်ရုံတည် ရင်းနှီးမြှုပ်နှံပြီး ၎င်းတို့ လိုအပ်ချက် ကို ဖြည့်ယူရန် စီစဉ်ခြင်း ဖြစ်သည်။

ပြည်ပပို့ သစ်အချောထည် စက်ရုံလုပ်ငန်းများသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ၂၅၀ ခန့်ရှိပြီး ရန်ကုန်ပတ်ဝန်းကျင်တွင် စက်ရုံ ၂၀၀ခန့် လည်ပတ်နေကြောင်း သိရသည်။

Loading