မြန်မာနိုင်ငံမှာ အစိုးရဝန်ထမ်းတွေ လစာတိုးတိုင်း ကုန်ဈေးနှုန်း မြင့်တက်နေတာဟာ ယဉ်ကျေးမှု တခုလို ဖြစ်လာတဲ့အပြင် ပြည်သူ လူထုကို စားဝတ်နေရေး ပိုပြီး အခက်အခဲဖြစ်စေလို့ လစာတိုးတိုင်း ကုန်ဈေးနှုန်း တက်တဲ့ သံသရာကနေ လွတ်သင့်နေပါပြီ။
လစာတိုးတိုင်း ကုန်ဈေးနှုန်း တက်လေ့ရှိတာဟာ အရင်အစိုးရ အဆက်ဆက် လက်ထက်တွေမှာ ဖြစ်ပေါ်ခဲ့သလို အခုအစိုးရ လက် ထက် မှာလည်း အစိုးရဝန်ထမ်းတွေ လစာထပ်တိုးမယ်လို့ အသံထွက်လာရုံပဲ ရှိသေးတယ် ကုန်ဈေးနှုန်းတွေက သိသိသာသာ တက် လာ နေပြန်ပါတယ်။
ကုန်ဈေးနှုန်းလို့ပြောရင် အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်တို့ရဲ့ ဈေးနှုန်းတွေ ဖြစ်ပြီး သိသိသာသာ ဈေးမြင့်တက်လာတာကြောင့် အိမ်ရှင်မတွေကြားမှာ ရတဲ့ဝင်ငွေနဲ့ အိမ်စရိတ် လုံလောက်အောင် မစီစဉ်နိုင် တော့ လို့ ညည်းညူသံတွေလည်း ထွက်ပေါ်လာနေပါတယ်။
ဈေးဝယ်သွားရင် အရင်က ငွေကျပ် ၃ ထောင် လောက်ရှိရင် တနေ့စာ ဝယ်ခြမ်းလို့ ရခဲ့ပေမယ့် နိုဝင်ဘာ လကုန်ပိုင်းမှာတော့ ငွေကျပ် ၃ ထောင်နဲ့ ဈေးသွားပြီး မဝယ်ရဲတော့ဘူးလို့ ရန်ကုန်မြို့ပေါ်က အိမ်ရှင်မ တချို့က ဧရာဝတီကို ပြောပါတယ်။
“ဆန်တော့ ဈေးတက်သွားတယ်။ အရင် ၁၄၀၀ တန်က ၁၆၀၀ ၊ ၁၇၀၀ လောက် ဖြစ်သွားတယ်။ အသား၊ ငါးလည်း ဈေးတက် တယ်။ ကြက်ဥ၊ ဘဲဥလည်း အရင် ၉၀ ၊ ၁၀၀ ကနေ ၁၃၀ ဖြစ်သွားပြီ။ ဈေးသိသိသာသာ တက်လာတာ တပတ်လောက် ရှိပြီ။ ဒီလ ကုန်ပြီးရင် ကုန်ဈေးနှုန်း ပိုတက်မယ်လို့ ကြားနေတယ်”လို့ ရန်ကုန်တိုင်း မြောက်ဒဂုံ မြိုနယ်မှာနေတဲ့ ဒေါ်စန္ဒာက ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း ကုန်ဈေးနှုန်း သိသိသာသာ တက်လာတာကြောင့် အရင်က မနက်စာကို မိသားစုဝင်တိုင်း အသုတ်တပွဲစီ စားနိုင် ပေမယ့် အခုတော့ ပဲပြုတ် ၂၀၀ ဖိုးဝယ်ပြီး မိသားစု ပေါင်းစားရတဲ့ အခြေအနေမျိုး ရှိလာတယ်လို့လည်း ဒေါ်စန္ဒာက ဆက်ပြောပါတယ်။
အလားတူ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် အိမ်ရှင်မဖြစ်သူ ဒေါ်အေးညွှန့်က သူ့မိသားစုဝင် ၆ ယောက်ရှိတဲ့ အိမ်ထောင်စုမှာ သားသမီးတွေဆီက တလစာ မီးဖိုချောင်စရိတ် ကျပ် ၃ သိန်း ရနေတာဟာ ပြီးခဲ့တဲ့ ဧပြီလလောက်အထိ လုံလောက်ခဲ့ပေမယ့် ဒီလပိုင်းတွေမှာတော့ လမကုန်ခင် ဈေးဖိုး ၃ သိန်း ကုန်သွားလို့ စိတ်ညစ်နေရပြီလို့ ပြောပါတယ်။
“ဒီရက်တွေမှာ ဈေးဝယ်ရတာ အတော်သိသာလာတယ်။ ဈေးနှုန်းတွေတက်တဲ့အပြင် ကုန်ပစ္စည်းတွေက နည်းလာတယ်။ အရင်က ချဉ်ပေါင်ဟင်းချက်ဖို့ ချဉ်ပေါင်ရွက် ၂၀၀ ဖိုးဝယ်ရင် မနက်စာရော၊ ညစာရော ရတယ်။ အခုရက်ပိုင်း ချဉ်ပေါင်ရွက် ၅၀၀ ဖိုးဝယ်ရင် တနပ်စာပဲ ရတော့တယ်။ ကန်စွန်းရွက် ဆိုလည်း ၅၀၀ ဖိုးဝယ်ရင် ၂ စည်းပဲရတယ်။ ကြော်တော့လည်း ၁ ပန်းကန်၊ တခါစားပဲ ရ တယ်။ ဒီနေ့ဆို ကန်စွန်းရွက်ဝယ်တာ ၃ စည်း ၁၀၀၀ ပေးဝယ်ရနေပြီ”လို့ သူက ဆက်ပြောပါတယ်။
ကုန်ဈေးနှုန်း တက်ရတဲ့ အကြောင်းရင်း ဖြစ်စဉ်က လစာတိုးမယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာတိုင်း အခြေခံ စားသောက်ကုန်တွေဖြစ်တဲ့ ဆန် ၊ ဆီ၊ ဆား လို ကုန်ပစ္စည်းတွေကို ကုန်သည်တွေက ဈေးကွက်ထဲ မရောင်းချတော့ဘဲ ဝယ်လှောင်လိုက်တဲ့ အခါမှာ ဈေးကွက်သဘောအရ ပစ္စည်းတွေ လိုသလောက် မရတော့ဘဲ လက်ကားဈေးတွေပါ တက်လာပြီး လက်လီဈေးကွက်ကို သိသိသာသာ ရိုက်ခတ်မှု ရှိလာတာ ဖြစ်တယ်လို့ ကုန်သည် အသိုင်းအဝိုင်းက ပြောဆိုပါတယ်။
အစိုးရကလည်း ကုန်ဈေးနှုန်း တက်တာကို ထိန်းချုပ်ဖို့အတွက် ကုန်ဈေးနှုန်း ကျဆင်းရေးအဖွဲ့ ၊ ကုန်ဈေးနှုန်း တက်မှု ကာကွယ် တာဆီးရေး ကော်မတီတွေ ဖွဲ့ပေမယ့် နာမည်သာရှိပြီး ဘာမှ အလုပ်မဖြစ်တဲ့ ကော်မတီတွေ၊ အဖွဲ့တွေ အဖြစ်နဲ့ပဲ ရှိနေပါတယ်။
၁၉၆၂ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိ ဝန်ထမ်းတွေ လစာတိုးတာ အနည်းဆုံး ၁၀ ကြိမ်လောက် ရှိခဲ့ပြီး လစာတိုးတဲ့ အခါတိုင်း ကုန်ဈေးနှုန်း အဆမတန် တက်လေ့ရှိလို့ ဝမ်းမသာနိုင်ဘဲ ပိုပြီးတော့တောင် စိတ်ဆင်းရဲရတယ်လို့ အစိုးရ ဝန်ထမ်းလုပ်သက် ၂၇ နှစ် သက်တမ်းရှိ အငြိမ်းစား တဦးဖြစ်တဲ့ ဦးကြီးမြင့်က ပြောပါတယ်။
“ဝန်ထမ်း လစာတိုးလိုက်၊ ကုန်ဈေးနှုန်း တက်လိုက်နဲ့ အဲဒီ သံသရာကြီး ဖြစ်နေတာ ကြာပြီ။ အနည်းဆုံး ၁၀ ကြိမ် ရှိပြီ။ ကုန်ဈေးနှုန်း ကျအောင် လုပ်မှရမယ်။ ဝန်ထမ်းတွေကိုပဲ ကွက်ပြီး လစာတိုးမပေးသင့်ဘူး။ လစာတိုးလို့ ကုန်ဈေးနှုန်းတွေ တက်လာရင် ပထမဆုံး ခံစားရမှာက အလုပ်သမားတွေ။ မြန်မာ တပြည်လုံးမှာ လက်လုပ်လက်စားတွေက ဝန်ထမ်းဦးရေထက် ပိုများတယ်။ လစာတိုး လိုက် တာဟာ အလုပ်သမားတွေကို နှိပ်စက်သလို ဖြစ်နေတယ်”လို့ ဦးကြီးမြင့်က ဆိုပါတယ်။
၁၉၆၂ ခုနှစ်က ရွှေတကျပ်သား ကျပ် ၂၄၀ ရှိတဲ့အချိန်မှာ အစိုးရဝန်ထမ်း စာရေးတဦးရဲ့ လစာက ၁၂၄ ကျပ် ရခဲ့တာဖြစ်လို့ ရွေ ငါးမူးသား ဝယ်လို့ရပြီး အရာရှိငယ်တဦးရဲ့ လစာက ၂၇၅ ကျပ် ဖြစ်လို့ ရွှေတကျပ်သား ဝယ်လို့ ရခဲ့တယ်လို့ အစိုးရဝန်ထမ်း ပင်စင်စားကြီးများက ပြောဆိုပါတယ်။
အဲဒီဝန်ထမ်း ပင်စင်စားတွေရဲ့ နှိုင်းယှဉ် ပြောပြချက်အရ ၂၀၁၄ ခုနှစ် အတွင်း ရွှေတကျပ်သား ကျပ် ၆ သိန်း ရှိချိန်မှာ အစိုးရ ဝန် ထမ်း စာရေးတဦးရဲ့ လစာဟာ ရွှေငါးမူးသားဖိုး ကျပ် ၃ သိန်း ရသင့်ပေမယ့် အမှန်တကယ် ရရှိတဲ့လစာက ကျပ် လေးသောင်းခွဲပဲ ရှိတာ၊ အစိုးရ ဝန်ထမ်းအရာရှိငယ် တဦးရဲ့ လစာဟာ ရွှေတကျပ်သားဖိုး ကျပ် ၆ သိန်း ရသင့်ပေမယ့် တကယ်တမ်း ရရှိတဲ့ လစာက ကျပ် ၁ သိန်း ၂ သောင်းပဲ ရှိနေတယ်လို့လည်း သိရပါတယ်။
အရင်က ရရှိခဲ့တဲ့ လစာပုံစံမျိုး ချိန်ညှိတိုးပေးဖို့ကို အစိုးရအနေနဲ့ အခက်အခဲရှိလို့ မတိုးပေးနိုင်ဘူးဆိုရင် ကုန်ဈေးနှုန်း ကျဆင်းရေး လုပ်ပေးဖို့ လိုတယ်လို့ လက်ရှိ အစိုးရဝန်ထမ်းတွေ၊ အငြိမ်းစား ပင်စင်စားတွေနဲ့ ရန်ကုန်မြို့ခံတွေက ပြောဆိုကြပါတယ်။
လက်ဖက်ရည် တခွက် ၂၅ ပြား ကနေ ကျပ် ၃၀၀ ၊ ဆန်တပြည် ပြား ၅၀ ကနေ ကျပ် ၁၅၀၀ ၊ ဆီ တပိဿာ ပြား ၃၀ ကနေ ကျပ် ၄၀၀၀ ၊ သားငါး တပိဿာ တကျပ်ခွဲကနေ ကျပ် ၈၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး အဲဒီလို ကုန်ဈေးနှုန်းတွေ အဆမတန် တက်လာ ပေမယ့် ဝန်ထမ်းတွေရဲ့ လစာကို ကုန်ဈေးနှုန်းနဲ့အညီ ဘယ်တုန်းကမှ ထိုက်ထိုက်တန်တန် တိုးပေးမလာခဲ့ဘူးလို့ ၎င်းတို့က ပြောဆိုကြပါတယ်။
“လွန်ခဲ့တဲ့ ၁၀ နှစ် လောက်က အန်တီ ယောက်ျား အစိုးရ ဝန်ထမ်း ရဲတပ်ကြပ်ကြီး လစာ ကျပ် ၃ သောင်းလောက် ရမှာပေါ့။ မိသား စု ၇ ယောက်စားလို့ လောက်တယ်။ အခု ယောက်ျားဆုံးပြီး မိသားစု ၆ ယောက်ပဲ ရှိတော့တာ၊ သားသမီးတွေက မီးဖိုချောင် စရိတ်ချည်းပဲ ၃ သိန်းပေးတာ မလောက်ဘူး။ တခြား လူ့အသုံးအဆောင် ပစ္စည်း စရိတ်ဖိုးတွေ သူတို့ထပ်ပေးလည်း ကုန်သွားတာပဲ။ အခုက လစာ ပိုရလာပေမယ့် သုံးမလောက်ကို ဖြစ်နေတာ။ ချန်ဖို့ စုဖို့ကတော့ အဝေးကြီးပဲ”လို့ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၀ အရွယ် ဒေါ်အေးညွှန့်က ပြောပါတယ်။
၁၉၆၀-၇၀ ခုနှစ် ဝန်းကျင်မှာ လူလတ်တန်းစား မိသားစုတွေဟာ ပညာတတ်အောင် သင်ယူပြီးရင် အစိုးရဝန်ထမ်း လုပ်ပြီး အသက် မွေးဝမ်းကျောင်းလေ့ ရှိကြကြောင်း၊ အစိုးရ ဝန်ထမ်းဖြစ်တာနဲ့ မိသားစု စားဝတ်နေရေး ဖူလုံမှုနဲ့အတူ ဘဝလုံခြုံမှု ရှိတာကြောင့် အစိုးရ ဝန်ထမ်းဘဝကို ရွေးချယ်ကြတယ်လို့ ရန်ကုန်မြို့မှာနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“ပုဂ္ဂိုလ်ရေးအရ ဝန်ထမ်းလစာ တိုးတာ ဝမ်းသာတယ်။ ဒါပေမယ့် တိုင်းပြည်အတွက် ဝမ်းမသာနိုင်ဘူး။ တိုင်းပြည် တည်ဆောက်တာ အလွယ်နည်း မသုံးသင့်ဘူး။ အများပြည်သူ အကျိုးငှာ စဉ်းစားပြီးမှ လုပ်သင့်တယ်”လို့ ဦးကြီးမြင့်က ဆိုပါတယ်။
ဝန်ထမ်းလစာတွေ တိုးလာပေမယ့် တဖက်က ကုန်ဈေးနှုန်း လိုက်တက်ရင် ဘာအကျိုး ကျေးဇူးမှ မခံစားရတဲ့အပြင် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတိုင်းက ပြန်မကျတတ်တာမို့ စားသုံးသူ ပြည်သူတွေမှာ မိအေးနှစ်ခါနာ ဖြစ်ရပ် ကြုံရတယ်လို့လည်း ပြောဆိုကြပါတယ်။
ရန်ကုန်မြို့လယ် လမ်း ၄၀ မှာ နေထိုင်တဲ့ လုပ်သက် ၂၇ နှစ်ဖြင့် အငြိမ်းစားဝန်ထမ်းဖြစ်နေသူ တဦးက“တို့ သက်တမ်းတလျှောက် ၆ ခါလောက် ဝန်ထမ်းလစာတိုးတာ ကြုံဖူးတယ်။ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ ဝန်ထမ်းလစာတိုးမှု ၆ ကြိမ် ကြုံတယ် ။ ၁၉၈၈ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိ ဝန်ထမ်း လစာတိုး ၄ ကြိမ်လောက် ကြုံခဲ့တယ်။ လစာတိုးတိုင်း ဝန်ထမ်းတွေမှာ ဝမ်းမသာနိုင်တဲ့အပြင် ပိုပြီးတော့ စိတ်ဆင်းရဲ ရတယ်၊ ပိုပြီး ကျပ်တည်းသွားကြတယ်”လို့ ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် ဝန်ထမ်းလစာတိုးရင် ကုန်ဈေးနှုန်းတက်မှာကို အစိုးရဝန်ကြီးတွေ ကိုယ်တိုင်က စိုးရိမ် ပူပန်နေရတဲ့ အခြေ အနေမျိုး ရှိနေတယ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်ကလည်း လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။
အရင်အစိုးရ အဆက်ဆက်က ဝန်ထမ်းတွေ လစာတိုးခဲ့ပေမယ့် ပြည်သူတွေမှာ အဆင်မပြေဖြစ်ခဲ့ပုံကို ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန် က “ပေးကားပေး၏ မရ” လို့ နိုဝင်ဘာလ ၂၇ ရက်က ပြည်ထောင်စု လွှတ်တော်မှာ ပြောဆိုသွားပါတယ်။
ဝန်ထမ်းတွေ လစာတိုးပေးဖို့ ကိစ္စကို ဘဏ္ဍာရေး ဝန်ကြီးဌာနက ဘယ်လိုပုံစံ၊ ဘယ်လောက်အထိ တိုးပေးနိုင်ဖို့ စီစဉ်ဆုံးဖြတ်နေဆဲ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ဒီသတင်းစကားနဲ့တင် ကုန်ဈေးနှုန်းတွေက နေ့စဉ်နဲ့အမျှ တအိအိ တိုးမြင့်လာနေပြီ ဖြစ်ပါတယ်။
တကယ်လို့ ကုန်ဈေးနှုန်း ကျစေချင်တယ်ဆိုရင် အစိုးရတာဝန်ရှိသူတွေ အနေနဲ့ ကုန်ဈေးနှုန်း ကျဆင်းစေနိုင်မယ့် နည်းလမ်းမျိုးစုံ ရှာဖွေပြီး အဖြေရှာ ဆောင်ရွက်သင့်နေပြီလို့လည်း စားသုံးသူပြည်သူများက ပြောဆိုနေကြပါတယ်။
မြန်မာနိုင်ငံ ရှေ့နေကွန်ရက်မှ ဦးကြီးမြင့်က“ကုန်ဈေးနှုန်းကျဖို့ နိုင်ငံရေးကို ပြုပြင်ရမယ်၊ လူထုအစိုးရ တက်ရင် ကုန်ဈေးနှုန်း ကျမယ်။ လူထုအစိုးရ တက်ဖို့ အခြေခံဥပဒေ ပြင်ရမယ်။ အဲဒါကလည်း ပြည်သူတွေ ကူညီမှရမယ်။ လူထုကိုယ်စားပြုတဲ့ အစိုးရတက်မှ သာလျှင် ကုန်ဈေးနှုန်းကျဖို့ လုပ်နိုင်လိမ့်မယ်၊ လူထုအစိုးရတက်မှသာ လူထုအတွက် စဉ်းစားမှာ ဖြစ်တယ်”လို့ ပြောပါတယ်။
အစိုးရက တိုင်းပြည်ရဲ့ဝင်ငွေ မှန်မှန်ကန်ကန်ရအောင် အခွန်တွေသေချာ မကောက်နိုင်သေးတာ၊ သယံဇာတ ထုတ်ယူနေတဲ့ အခွန် တွေ မရတာ ၊ နယ်စပ်မှောင်ခို ကိစ္စတွေ၊ လျှပ်စစ်ဓာတ်အား လေလွင့်နေမှုကို မထိန်းချုပ်ဘဲနဲ့ မီတာခ တိုးကောက်နေတာတွေ၊ လောင်စာဆီဈေးနှုန်းကို မထိန်းချုပ်နိုင်သေးတာ၊ လုပ်အားခိုးနေတဲ့ ဝန်ထမ်းတွေ ရှိနေတာ၊ လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေသေးတာ ၊ ရန်ကုန်မှာ အိမ်ငှားခတွေ မတန်တဆ ဈေးတက်နေတာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လစာတိုး ယူတွေတာတွေက ကုန်ဈေးနှုန်း တက်စေဖို့ အကြောင်းရင်းခံတွေဖြစ်ကြောင်း၊ အဲဒီလို ကိစ္စတွေ ဖြေရှင်းလာနိုင်ရင်တော့ တဖက်က ပြည်သူတွေမှာ စရိတ်စက တွေ လျော့ကျလာနိုင်လို့ တဖက်တလမ်းက အထောက်အကူ ဖြစ်စေနိုင်တယ်လို့လည်း ၎င်းက ပြောဆိုသွားပါတယ်။
ဒါကြောင့် လက်ရှိ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ် ဆိုတဲ့ အစိုးရ သစ်အနေနဲ့ ပြည်သူလူထု လက်တွေ့ ရင်ဆိုင်နေရတဲ့ အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ကြီးမြင့်နေမှုကို ဦးစားပေး ဖြေရှင်းပေးသင့်ကြောင်းနဲ့ လစာတိုးတိုင်း ကုန်ဈေးနှုန်း မြင့်တက်နေတဲ့ သံသရာကိုလည်း ရပ်ဆိုင်းသွားအောင် ဆောင်ရွက်ပေးဖို့ လိုအပ်နေပြီဖြစ်ကြောင်း သိစေအပ်ပါတယ်။ ။