အမေရိကန်၏ လက်ရှိ စီးပွားရေး ပိတ်ဆို့အရေးယူထားမှုများက ပြည်တွင်းသို့ ဝင်ရောက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် အခက်အခဲ ဖြစ်နိုင်သေးကြောင်း ကိုလံဘီယာ တက္ကသိုလ်မှ စီးပွားရေး ဂုဏ်ထူးဆောင် ပါမောက္ခ Ronald Findlay က ပြောသည်။
မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တွင် နိုဝင်ဘာလ ၃၀ရက်က ပြုလုပ်သည့် စီးပွားရေး တက္ကသိုလ် နှစ် ၅၀ပြည့် ရွှေရတု အထိမ်းအမှတ် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲ၌ မီဒီယာများနှင့် တွေ့စဉ် ၎င်းက အထက် ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက“အခက်အခဲ ဖြစ်လာနိုင်တာကတော့ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာပါပဲ။ နာမည်ပျက်စာရင်း ထုတ်ပြန်ထားတာလည်း ရှိတဲ့အတွက် ဘယ်သူနဲ့ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံတယ် ဆိုတာကိုတော့ အမေရိကန်အစိုးရက စစ်ဆေးပါလိမ့်မယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လူပုဂ္ဂိုလ်တဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းစု တခုချင်းစီအလိုက် အမေရိကန်၏ ဒဏ်ခတ် အရေးယူမှု ခံထားရဆဲ ဖြစ်သူများ ကျန်ရှိနေသေးသည်။
တရုတ် နှင့် ဂျပန် နိုင်ငံများက မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသော အချိန်တွင် မေရိကန်အနေဖြင့် ထိုသို့ အရေးယူ ပိတ်ဆို့မှုများ ရှိနေသည့် အခြေအနေသည် ၎င်းတို့အတွက် စီးပွားရေးအရ ဆုံးရှုံးနောက်ကျလိမ့်မည် ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံ နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှ ပါမောက္ခ Ronald Findlay က ပြောဆိုသွားသည်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံသို့ အမေရိကန် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ တခုမျှမရှိသေးကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောဆိုထားသည်။
“အဓိကအကြောင်းအရင်း ၂ချက်ရှိပါတယ် ဒါကတော့ အမေရိကန် ဆန်ရှင်က အကုန်မလွှတ်သေးတဲ့အခါ အချို့အပိုင်းတွေမှာ အခက်အခဲပေါ်ပါတယ်။ ဒီတော့ သူတို့က စင်ကာပူမှာ ကုမ္ပဏီဖွဲ့စည်း တည်ထောင်ပြီးတော့ မြန်မာပြည်ကို စင်ကာပူကုမ္ပဏီ နဲ့ ဝင်ရပါတယ်”ဟုလည်း ဦးအောင်နိုင်ဦးက ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံးတွင် ယနေ့ ပြုလုပ် သော မီဒီယာများ နှင့် တွေ့ဆုံပွဲ၌ ပြောကြားသည်။
အာဆီယံ ဘက်စုံရင်နှီးမြှုပ်နှံမှု သဘောတူညီချက်အရ ဒေသတွင်း နိုင်ငံအချင်းချင်း လာရောက်လုပ်ကိုင်ပါက ခွင့်ပြုပေးရကြောင်း၊ အခြားနိုင်ငံတွင် ဖွဲ့စည်းမှတ်ပုံတင်ထားလျှင် လုပ်ခွင့်ပေးရကြောင်း၊ အာဆီယံတွင် မှတ်ပုံတင်ထားပြီး ဝင်လာသည့် ကုမ္ပဏီသည် အာဆီယံက ပေးထားသော အခွင့်အလမ်းများကို ခံစားခွင့်ရှိကြောင်းလည်း ၎င်းက ပြောသည်။
အမေရိကန် အမှတ်တံဆိပ်များ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရာတွင် ဒေသတွင်းနိုင်ငံများမှတဆင့် ဝင်ရောက်ကြပြီး စင်ကာပူ နိုင်ငံမှတဆင့် ဝင်ရောက်မှုများကြောင်း သိရသည်။
စင်ကာပူနိုင်ငံသည် ယခု အစိုးရသစ်လက်ထက် ပြီးခဲ့သည့် ၂နှစ်ဆက်တိုက်တွင် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု အများဆုံး စာရင်း ဝင်ခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်၍ အများဆုံး ဖြစ်နိုင်သည်ဟု ဦးအောင်နိုင်ဦးက ပြောခဲ့သည်။
ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ ကျော်ဖြစ်ပြီး ယခုဘဏ္ဍာနှစ်အတွက်ကို ဒေါ်လာ ၅ ဘီလီယံကျော် ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် ပမာဏမှာ ၁၉၈၉ ခုနှစ်မှ ယနေ့အချိန်အထိဆိုလျှင် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံကျော် ရှိနေပြီး လက်ရှိအစိုးရသစ်လက်ထက် ဝင်ရောက်မှုမှာ ယခုအချိန်အထိ ဒေါ်လာ ၆ ဘီလီယံ ကျော်သာရှိသည့် အနေအထားဖြစ်သည်။
စင်ကာပူနိုင်ငံရှိ Institute of Southeast Asian Studies မှ အကြီးတန်း သုတေသနအရာရှိ ဒေါက်တာ တင်မောင်မောင်သန်း က မြန်မာနိုင်ငံအတွင်း ယခုရှိနေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် နားလည်မှုသဘော လက်မှတ်ရေးထိုးထားခြင်းနှင့် အမှန် တကယ် ဝင်ရောက်မြှုပ်နှံထားမှု ပမာဏတို့ကို ကွဲပြားစွာ သိရှိရန်လိုကြောင်း ပြောဆိုသည်။
ယခုဝင်လျက်ရှိ ဝင်ရောက်ထားမှု ဖြစ်သော အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံမှာ ခွင့်ပြုထားသော လုပ်ငန်းများနှင့် ဝင်ရောက်မှုကို တွက်ချက်ထားသော ပမာဏသာဖြစ်ပြီး အမှန်တကယ် လက်ရှိ ရှိနေသော ပမာဏမှာ ဒေါ်လာ ၃၆ ဘီလီယံကျော်သာ ဖြစ်သည်။