မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရာတွင် ခွင့်ပြုထားသော လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် အမှန် တကယ် လက်ရှိလုပ်ဆောင်နေသော ပမာဏသည် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံခန့် ကွာဟနေကြောင်း သိရသည်။
ထိုသို့ ကွာဟနေခြင်းသည် ယခင် စစ်အစိုးရ လက်ထက်အတွင်း လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ပြန်လည် ရုပ်သိမ်းသွားခဲ့ခြင်းများကြောင့် ဖြစ်ကြောင်း ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန က ပြောသည်။
၁၉၈၈ ခုနှစ်မှ ယနေ့အချိန်အထိ နှစ်ပေါင်း ၂၅ နှစ်ကျော်အတွင်း ခွင့်ပြုသော လုပ်ငန်းများရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဒေါ်လာ ၄၆ ဘီလီယံ ကျော်ဖြစ်ပြီး အမှန်တကယ် လက်ရှိ လုပ်ဆောင်နေသော လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဒေါ်လာ ၃၆ ဘီလီယံ ကျော်သာဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အချက်အလက်များတွင် တွေ့ရသည်။
ယင်းသို့ ၁၀ ဘီလီယံ ဝန်းကျင်ကွာဟနေသည့် အခြေအနေကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက“အချို့က ခွင့်ပြုပေမယ့် လုပ်ငန်းတွေရပ်ပြီး ပြန်သွားတာ ရှိတယ်။ လုပ်ငန်းတွေ ဖျက်သိမ်းသွားတာ ရှိတယ်။ အကြောင်း အမျိုးမျိုးကြောင့်ပေါ့။ ဒါကြောင့် ၁၀ ဘီလီယံလောက် ကွာနေတာပါ။ လက်ရှိအစိုးရ သက်တမ်းအတွင်း ခွင့်ပြုပြီးသား လုပ်ငန်းတွေ ပြန်ရုပ်သိမ်းသွားတယ်ဆိုတာ မရှိပါဘူး။ အရင် တပ်မတော်အစိုးရ လက်ထက်တုန်းကတော့ ပြန်ရပ်သွားတာတွေ ရှိတာ ပါ”ဟု ပြောသည်။
ယခုအစိုးရသစ် သက်တမ်းအတွင်း ဥရောပ သမဂ္ဂ(EU)က စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းခဲ့ပြီး အမေရိကန်နိုင်ငံကလည်း စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို ဖြေလျှော့ ပေးထားသည်။
ထိုအခြေအနေများနှင့်အတူ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် ကဏ္ဍတွင် ယခင်စစ်အစိုးရခေတ်နှင့် ကွဲပြား လာ လျက် ရှိကြောင်း သိရသည်။
စစ်အစိုးရခေတ် တလျှောက်လုံးတွင် ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အားလုံး၏ ၈၅ ရာခိုင်နှုန်းကျော်သည် သဘာ၀ သယံဇာတ အရင်းအမြစ်များ ထုတ်လုပ်မှုအပိုင်းတွင် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ ဆက်သွယ်ရေးကဏ္ဍ နှင့် အခြားကဏ္ဍများတွင် တိုးများလာကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်ထားသည့် အချက်အလက်များ၌ ကုန်ထုတ်လုပ်မှု ကဏ္ဍသည် လက်ရှိ အချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အဆင့် ၃ နေရာသို့ တိုးတက် ရောက်ရှိလာကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍ၊ အိမ်ခြံမြေ ကဏ္ဍများတွင်လည်း တိုးတက်လာကြောင်း တွေ့ရသည်။
ယခု အစိုးရသက်တမ်းတွင် တံခါးဖွင့်စနစ် ကျင့်သုံးခဲ့မှုနှင့်အတူ စီးပွားရေးအရ ပြောင်းလဲမှုအဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ (FDI Law) ဥပဒေကို ပြဌာန်ခြင်း၊ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ(CIL Law) ကို ပြဌာန်းခြင်းများ လုပ်ဆောင်ခဲ့သည်။
သို့သော် FDI Law နှင့် CIL Law ၂ ခုတွင် လုပ်ကိုင်သူများဘက်မှ အခွင့်အရေးရရှိမှုသည် တခုနှင့်တခုမတူညီကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ယခုအချိန်တွင် အဆိုပါ ဥပဒေ ၂ခုကို ပြန်လည်ပေါင်းစည်း ရေးဆွဲနေဆဲသာ ဖြစ်ပြီး ထွက်ပေါ်လာခြင်း မရှိသေးပေ။
ယင်းဥပဒေ ထွက်ပေါ်မလာသေးသော လက်ရှိကာလတွင် ဝင်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို FDI Law အရ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုမိန့်များ ချပေးလျက် ရှိသည်။