မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်လိုသည့် ပြည်ပခရီးသွား ဧည့်သည်များက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလများအတွင်း လုံခြုံရေး အခြေအနေများနှင့်ပတ်သက်ပြီး ကြိုတင် မေးမြန်းစုံစမ်းမှုများ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် က ပြောသည်။
“ဥရောပတိုက်မှာရှိတဲ့ ခရီးသွား ကုမ္ပဏီတွေက High Season လို့ ခေါ်တဲ့ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်ထားလဲ၊ အခြေအနေက တည်ငြိမ်မှု ရှိမှာလားစတဲ့ မေးခွန်းတွေကို မေးနေကြလို့ ဖြေပေးနေရပြီ”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောပြသည်။
လာမည့် ခရီးသွားနှစ် အတွက် စုံစမ်းမေးမြန်းမှုများ ရှိနေခြင်းနှင့် ပတ်သက်ပြီး Myanmar Voyages Tourism Co.,ltd ၏ မန်နေဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက“နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွက် စိတ်ပူစရာ မရှိဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့လည်း ရွေးကောက်ပွဲ ပြီးမှလို့ သဘောတူ ပြီးပြီလို့ ပြောထားတယ်။ အဲဒီလို မဟုတ်ရင်တော့ ဆန္ဒပြတာနဲ့ ဘာနဲ့ တမျိုးဖြစ်နေမှာ စိုးကြတာပေါ့”ဟု ပြောသည်။
လက်ရှိ ၂၀၁၄ – ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဧည့်သည် ဝင်ရောက်မှု ၃ သန်း အထိ ခန့်မှန်းထားသော်လည်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံတကာ လေဆိပ်ဝင်ပေါက်နှင့် နယ်စပ် ဝင်ပေါက်များမှ ဝင်ရောက်လာသည့် ဧည့် သည် စုစုပေါင်း အရေအတွက်သည် ပြီးခဲ့သည့် အောက်တိုဘာလ အထိ ၁.၅ သန်း ကျော်ရှိကြောင်း သိရသည်။
ခရီးသွား လုပ်ငန်းသည် ထိလွယ်ရှလွယ်သည့် လုပ်ငန်းအမျိုးအစားဖြစ်ရာ လာမည့် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ရှိနေခြင်းကြောင့် ဒေသတွင်း တနေရာရာ၌ မကောင်းသတင်း ရှိလာပါက ခရီးသွားဧည့်သည် ဝင်ရောက်မှုသည် ပြန်လည်လျော့ကျနိုင် သည့် အခြေအနေ ရှိလာနိုင်ကြောင်း ဦးဖြိုးဝေရာဇာက ပြောဆိုသည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များ လာရောက်လည်ပတ်ကြသည့် နေရာများသည် Culture Tourism ယဉ်ကျေးမှု ဆိုင်ရာ နေရာများဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး ဒေသများသို့ လည်ပတ်မှု အများဆုံးရှှိနေပြီး အခြားသော ခရီး သွားများကို ဆွဲဆောင်မှု နေရာများအဖြစ် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် မြိတ်ကျွန်းစု ဒေသများသို့ လေ့လာလည်ပတ်နိုင်ရန် ထည့်သွင်း စီစဉ်ဆောင်ရွက်လျက် ရှိနေသည်ဟုလည်း ဆိုသည် ။
ခရီးသွား လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ ရရှိမှုသည် ၂၀၁၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၅၃၄ သန်း ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဒေါ်လာ ၉၂၆ သန်း ရရှိခဲ့ရာ ယခင်နှစ်များထက် ၇၃ ရာခိုင်နှုန်း တိုးတက်လာသည်ဟု ဆိုကြသည်။
ယခုဘဏ္ဍာနှစ် အတွက် ခရီးသွား လုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာ ၁ ဘီလီယံ ကျော်ရရှိရန် ခန့်မှန်းထားသည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွား ဧည့်သည်များတွင် အရှေ့တောင် အာရှနိုင်ငံများမှ ဝင်ရောက်မှုသည် ၇၃ ဒသမ ၅၁ ရာခိုင်နှုန်း ရှိပြီး ဥရောပ နိုင်ငံများမှ ဝင်ရောက်မှုသည် ၁၄ ဒသမ ၅၉ ရာခိုင်နှုန်း၊ မြောက်အမေရိကမှ ၆ ဒသမ ၄၃ ရာခိုင်နှုန်း ရှိနေပြီး နိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံသားများ၊ ဂျပန်နိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများ အများဆုံး ဝင်ရောက် လျက် ရှိသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် စာရင်းများတွင် ဖော်ပြထားသည်။