အာဆီယံနိုင်ငံများကြားတွင် ဆိပ်ကမ်းများ မတူညီမှု အသီးသီးရှိနေသည့်အတွက် ဆိပ်ကမ်းတခုချင်းစီ၏ သတင်းအချက်အလက်များကို အပြန်အလှန် ပူးပေါင်း ဖလှယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ နိုင်ငံတကာဆက်ဆံရေးနှင့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယ အထွေထွေ မန်နေဂျာ ဒေါက်တာ မျိုးငြိမ်းအေးက “ဆိပ်ကမ်းအနေအထားတွေ မတူညီတဲ့အတွက် ဒီဘက်က ဘယ်လောက်အထိ ဆိုက်နိုင်တယ်။ ဟိုဘက်ကလည်း ဘယ်လောက်အထိ လက်ခံနိုင်တယ်ဆိုတဲ့ အချက်တွေ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု ပြောသည်။
ယင်းသို့ ပူးပေါင်းဆောင်ရွက်ရာတွင် ကုန်းတွင်းပိတ် လာအိုနိုင်ငံမှ လွဲ၍ တခြားနိုင်ငံ ၉ နိုင်ငံက အချက်အလက်များ ဖြန့်ဝေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများ၏ ဆိပ်ကမ်း အသီးသီး ရှိသည့်အထဲတွင် ရန်ကုန်ဆိပ်ကမ်း၏ လက်ရှိ အခြေအနေမှာ နိုင်ငံတကာ သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ရန် အခက်အခဲ ဖြစ်လျက်ရှိကြောင်း မြန်မာဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။
မြန်မာဆိပ်ကမ်းအာဏာပိုင်မှ အထွေထွေ မန်နေဂျာ ဦးနီအောင်က “အာဆီယံနိုင်ငံချင်း ပူးပေါင်းနိုင်ဖို့ မြန်မာနိုင်ငံ အနေအထားက မြစ်တွင်းဆိပ်၊ တချို့ အာဆီယံကမ်းတွေက ပင်လယ်ဆိပ် ဖြစ်တယ်။ ဒါကြောင့် ဒေသတွင်းနိုင်ငံနဲ့ ပူးပေါင်းနိုင်ဖို့ လုပ်မယ်” ဟု ဆိုသည်။
ရန်ကုန်ဆိပ်ကမ်းသည် မြစ်တွင်းဆိပ်ကမ်း ဖြစ်ခြင်းကြောင့် သင်္ဘောကြီးများ ဝင်ရောက်ရန် ရေစူးအနက် အကန့်အသတ် ရှိနေသည့်အတွက် အခက်အခဲ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း၊ လက်ရှိ ရန်ကုန်မြစ်၏ ရေစူးအနက်မှာ ၉ မီတာသာရှိပြီး တန်ချိန် ၁၅၀၀၀ အထိ တင်ဆောင်နိုင်သော သင်္ဘောများသာ ဆိုက်ကပ်နိုင်ကြောင်း သိရသည်။
မြန်မာဆိပ်ကမ်း အာဏာပိုင်က သင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်ရန် ရန်ကုန်မြစ်အတွင်း ရေစူးအနက် ပိုရှိလာစေရေး ဆောင်ရွက်ခြင်းများ ရှိသော်လည်း ရန်ကုန်ဆိပ်ကမ်းသည် မြစ်အတွင်း ဆိပ်ကမ်းဖြစ်သောကြောင့် အကန့်အသတ် ရှိနေကြောင်း သိရသည်။
ရန်ကုန်မြစ်ကို ပြုပြင်ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ လက်ရှိတွင် ကိုရီးယား၊ ဂျပန်၊ တရုတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု ယူထားသည့် အခြေအနေဖြစ်သော်လည်း လက်တွေ့ လုပ်ဆောင်မှု အပိုင်းများအတွက် သဘောတူညီမှု ယူထားခြင်း မရှိသေးကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၏ အခြေအနေအရ နှစ်ပေါင်းများစွာ ရန်ကုန်ဆိပ်ကမ်း တခုတည်းကိုသာ အားပြုခဲ့ပြီး အဓိကအားဖြင့် ကုန်သေတ္တာတင် သင်္ဘောကြီးများက အသုံးပြုနေခြင်းဖြစ်ပြီး ကုန်သေတ္တာတင်သင်္ဘော ဝင်ရောက်မှုမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်လာနေပြီး ဆက်လက်၍လည်း မြင့်တက်သွားရန်သာ ရှိနေသည့် အနေအထား ဖြစ်သည်။
၂၀၁၃-၁၄ ခုနှစ် ရန်ကုန်ဆိပ်ကမ်းတွင် ကုန်သေတ္တာနှင့် ရိုးရိုးကုန် သယ်ယူပို့ဆောင်မှုသည် တန်ချိန် ၂၄ သန်းကျော် ရှိခဲ့သည့်အနက် ၃၅ ရာခိုင်နှုန်းမှာ ကုန်သေတ္တာ သယ်ယူပို့ဆောင်ခြင်းဖြစ်ပြီး နိုင်ငံအလိုက် သင်္ဘောဆိုက်ကပ်မှုမှာ ၂၃၀၀ ကျော်ရှိကြောင်း မြန်မာဆိပ်ကမ်း အာဏာပိုင်၏ စာရင်းများအရ သိရသည်။
လက်ရှိ ရန်ကုန်တွင် ဆိပ်ကမ်းကပ်နိုင်သည့် ဆိပ်ခံတံတား အစင်းရေ ၂၀ နှင့် သီလဝါတွင် ဆိပ်ခံတံတား အစင်းရေ ၆ စင်း စုစုပေါင်း ၂၆ စင်း ရှိကြောင်း သိရပြီး တိုးချဲ့ ဆောင်ရွက်ထားသည့် သီလဝါ အထူးစီးပွားရေးဇုန်ရှိ ဆိပ်ကမ်းတွင် ရေစူးအနက် ၉ မီတာ ရှိပြီး တန်ချိန် ၂၀၀၀ ဝန်းကျင်ရှိ သင်္ဘောများ ဆိုက်ကပ်နိုင်ကြောင်း၊ ယင်းဆိပ်ကမ်းတွင် စက်သုံးဆီတင် တံတားဆောက်လုပ်ခြင်း၊ ကောက်ပဲသီးနှံ ဆိပ်ကမ်း၊ ဂျင်နရယ် ကာဂို ဆိပ်ကမ်းနှင့် ကွန်တိန်နာ ဆိပ်ကမ်းများ တည်ဆောက်လျက်ရှိကြောင်း သိရသည်။