သောင်ရင်းမြစ်ကိုဖြတ်ပြီး လှေနဲ့ကူးလာတဲ့ ကိုအောင်တယောက် မြန်မာ ဘက်ကမ်းကို ရောက်တော့မှ ပင့်သက်ရှိုက်ခဲ့ရတဲ့ အဖြစ်ကို ယနေ့ထက် တိုင် မေ့မရသေးပါဘူး။ ထိုင်းနိုင်ငံဘက်မှာ ၃ နှစ် ကျော်လောက် တရားမဝင်သွား ရောက်လုပ်ခဲ့ပြီးမှ စုမိခဲ့တဲ့ ပိုက်ဆံတွေကို မြဝတီမြို့ပေါ်မှာပင် ကိုယ့်နိုင်ငံသား အချင်း ချင်း ခေါင်းပုံဖြတ်ခံလိုက်ရတဲ့အဖြစ်ပါ။
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ပေါ်မှာ ထိုင်း ဘတ်ငွေနဲ့ မြန်မာငွေလဲလှယ်ပေးတဲ့ သူတွေဟာ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား ဝန်းကျင်မှာ အများအပြားပါပဲ။ ငွေကြေး ရာဂဏန်းကနေ သိန်း ဂဏန်းအထိ လိုသလောက် လဲလှယ်လို့ရပေမယ့် မြဝတီမြို့မှာ အများခေါ်နေတဲ့ “ဗိုက်ဖောက်ခံရတယ်” ဆိုတဲ့ စကားအတိုင်း ကိုအောင်တယောက် ခံလိုက် ရပါတယ်။
“ဗိုက်ဖောက်ခံရတယ်” ဆိုတဲ့စကားက ထိုင်းဘက်မှာ ငွေရှာပြီး ပြန်လာတဲ့သူတွေကို ထိုင်းငွေက နေ မြန်မာငွေ လဲလှယ်ရာမှာ မသမာတဲ့ နည်းအမျိုး မျိုးနဲ့ ခေါင်းပုံဖြတ်တာကို ခေါ်တဲ့အခေါ်ပါ။
“သူတို့ပစ်မှတ်က ထိုင်းဘက်ကနေ အလုပ်လုပ် ပြီး ပြန်လာတဲ့သူတွေပဲ။ သွားနေကြ၊ လာနေကြ ကုန်သည်မျိုးတွေဆို သူတို့ကသိတယ်။ အဲဒီလိုလူမျိုး တွေကို ဘယ်တော့မှ မလုပ်ဘူး။ ထိုင်းဘက်နေ မြန်မာဘက်ကမ်းကို ပြန်ရောက်တာနဲ့ ထိုင်းမှာ အလုပ်လုပ်လာတဲ့သူတွေဆိုတော့ ထိုင်းငွေ အများ ကြီး ပါလာကြတာ။ အဲဒါကြောင့် သူတို့က ငွေလဲ မယ်ဆိုပြီး သူတို့ရဲ့ သီးသန့်စီစဉ်ထားတဲ့ အိမ်တွေကို ခေါ်သွားတယ်။ အဲဒီမှာ နည်းအမျိုးမျိုးနဲ့ သူတို့က ခေါင်းပုံဖြတ်တာ” လို့ မြဝတီမြို့ပေါ်မှာ ဆိုင်ကယ် ကယ်ရီသမား ကိုမျိုးက ပြောပြတယ်။
ကိုအောင်အနေဖြင့် ငွေလဲဖို့အတွက် ချစ်ကြည် ရေးတံတားကနေ ကားအကောင်းစားနဲ့ ရပ်ကွက်ထဲ ကို ခေါ်သွားတာကြောင့် ကျပ် ၁၀ သိန်းကျော် လောက် လဲရမယ့်သူ့အတွက် စိတ်ချရလောက်တယ် လို့ ယူဆခဲ့ပါတယ်။
ငွေလဲတဲ့ အိမ်ဆိုတာက အပြင်ဘက်ကနေကြည့် ရင် လူတယောက်မှ မရှိသလို တံခါးပိတ် သော့ခတ် ထားပေမယ့် ခြံအနောက်ဘက်ကနေ ပတ်ခေါ်သွား တဲ့အခါ အိမ်ထဲမှာ သူ့လို ငွေလာလဲတဲ့သူ ၄ ဦး လောက် ရှိနေတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့ မြန်မာငွေ ၁၂ သိန်း တန်ဖိုးရှိတဲ့ ထိုင်းငွေတွေကို ရေတွက်ယူသွားပြီး သူ့ကို အိမ်ထဲမှာ ၁ နာရီနီးပါး စောင့်လိုက်တဲ့အခါမှာ မြန်မာငွေ ၁၂ သိန်းထည့် ထားတယ်ဆိုတဲ့ အိတ်တလုံးနဲ့အတူ သူ့ကို ခေါ်ခဲ့တဲ့ ကားနဲ့ မြဝတီမြို့ထဲကို လူ ၃ ဦးက လိုက်ပို့ပေးတယ်။
သူ့ငွေတွေကို သူပြန်ရေတွက်ဖို့ အချိန်မရှိဘူး၊ ဒီနေရာက မလုံခြုံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ငွေထုပ်ကိုပဲ စစ်ပြီး ယူလာခဲ့တာ မြဝတီမြို့ထဲက လက်ဖက်ရည်ဆိုင်ရောက်မှ သေချာရေတွက်ရာမှာ ကျပ် ၈ သိန်းကျော်ပဲ ရှိနေတာကို တွေ့လိုက်ရ တယ်။
“ကျနော်က ချစ်ကြည်ရေးတံတားနားကို ဆိုင်ကယ် ကယ်ရီနဲ့ အမြန်ပြန်လိုက်တာ။ အိမ်ထဲမှာ ငွေကို သေသေချာချာ ရေတွက်ခွင့်မရခဲ့တော့ စိတ် ထဲမှာ ထင့်ခဲ့သေးတယ်။ ဟိုလည်းပြန်ရောက်ရော လူအုပ်ကြီးနဲ့ တွန်းလားထိုးလားနဲ့။ သူတို့နဲ့ မဆိုင် သလို ပြောနေကြတာ။ ကျနော် ဒေါသတော်တော် ထွက်သွားတယ်။ ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်လွတ်သွား တော့ ကျနော့်ကို လိုက်ပို့တဲ့ ဆိုင်ကယ်သမားလေးက အတင်းဆွဲခဲ့တယ်။ နောက်တော့မှ သူက အဲဒီလူတွေ ရဲ့ လုပ်ကွက်ကို ကျနော့်ကို အသေးစိတ်ပြောပြတာ။ ကျနော်ငွေ ၄ သိန်းလောက် ဆုံးခဲ့တာ ဘာမှမဟုတ် သေးဘူး။ တချို့ဆိုရင် ၁၀ သိန်းလောက်အထိ ဆုံး တတ်ကြတယ်လို့ နောက်မှသိရတယ်” လို့ ကိုအောင် က သူ့အတွေ့အကြုံကို ပြောပြတယ်။
ကိုအောင်အနေနဲ့ တခါခံလိုက်ဖူးပြီးကတည်း က နောက်တကြိမ် ထိုင်းနိုင်ငံ၊ မဲဆောက်မှာ သွား လုပ်တဲ့အခါတိုင်း သူနဲ့နီးစပ်တဲ့ သူတွေကို အဲဒီ အကြောင်း ပြောပြရာကနေ အခုဆိုရင် မဲဆောက်မြို့ မှာ ကိုယ့်လူမျိုးတွေ မနစ်နာရလေအောင် ငွေလဲပေး တဲ့ အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်နေတာ နှစ်အတန် ကြာခဲ့ပါပြီ။
သူ့လိုမျိုး ငွေကြေး အလိမ်ခံလိုက်ရပေမယ့် သူ့ရဲ့အဖြစ်ကို ထုတ်ပြောဖို့ ဝန်လေးနေတဲ့သူတဦးက တော့ မွန်ပြည်နယ် မုဒုံမြို့က ကိုမောင်မောင်ပါပဲ။
သူက ထိုင်းနိုင်ငံထဲက ရော်ဘာခြံမှာ အလုပ်လုပ်ပြီး ပြန်အလာ ရွာမပြန်သေးဘဲ မြဝတီမြို့ပေါ်မှာ ၂ ရက်တာ အနားယူမယ်ဆိုပြီးတော့ တည်းခိုခန်း တခုမှာ ဝန်စည်စလယ်တွေထား၊ အနှိပ်ခန်းကို သွား လိုက်တော့မှ သူ့မှာပါခဲ့တဲ့ ပိုက်ဆံတွေ တဝက်နီးပါး ကုန်ခဲ့ရတဲ့ အဖြစ်ပါ။
“ကောင်မလေးက ရန်ကုန်ကနေ လာလုပ်တာ လို့ ပြောတယ်။ သူနဲ့ ပထမ မြန်မာငွေနည်းနည်းပဲ ပါလာလို့ ၁ နာရီလောက်ပဲ နေမယ်၊ ထိုင်းငွေတွေ မလဲရသေးဘူးလို့ပြောတော့ သူ့မှာ အချိတ်အဆက်ရှိ တယ်၊ ဘယ်လောက်များများ လဲပေးမယ်၊ အခု ပိုက်ဆံကိုလည်း အဲဒီတော့မှ ရှင်းပေးလည်းရတယ်ဆို တာနဲ့ ကျနော် အဲဒီအနှိပ်ခန်းမှာပဲ အိပ်လိုက်တယ်။ နံနက်ကျတော့ သူ့ရဲ့ချိတ်ဆီမှာ ငွေသွားလဲတယ်။ ထားပါတော့ဗျာ။ ငွေက အပြည့်မပါခဲ့ဘူး။ အဲဒါနဲ့ အဲဒီအနှိပ်ခန်းကို ပြန်သွားပြီး အဲဒီကောင်မလေးကို သွားပြောတော့ သူနဲ့မဆိုင်သလိုနဲ့ နောက်ဆုံး အနှိပ် ခန်းကလူတွေ ဝိုင်းရန်ပြုလို့ ကြောက်ကြောက်နဲ့ ပြန် ခဲ့ရတယ်”လို့ သူက ဆိုပါတယ်။
အထူးသဖြင့် သောင်ရင်းမြစ်ကို ကူးပြီး ပြန်ဝင် လာတဲ့သူတွေကို ပစ်မှတ်ထားတတ်ကြကြောင်း၊ တခါတလေတွင် ထိုင်းဘက်အခြမ်းမှာတင် သူတို့ လူတွေက ဘယ်သူဟာ ငွေကြေးများများပါလာတတ် တယ်ဆိုတာကို မြန်မာဘက်အခြမ်းက သူတို့ လူများ ထံ သတင်းပို့ပေးတတ်ကြကြောင်း မြဝတီမြို့က တည်းခိုခန်းပိုင်ရှင် တဦးကလည်း ပြောပြတယ်။ဆုံးရှုံး နစ်နာခဲ့ကြသူများကလည်း အပျော်အပါး လိုက်စားလိုသူတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲလိုသူများ အများဆုံး ဖြစ်ခဲ့ကြကြောင်း အဆိုပါ တည်းခိုခန်း ပိုင်ရှင်က ပြောပါသေးတယ်။
“သူတို့တွေနဲ့ ဆိုင်ကယ်ကယ်ရီသမားတချို့နဲ့က တဖွဲ့တည်း။ အဲဒီ မှန်တဲ့ ဆိုင်ကယ်ကယ်ရီသမားတွေ က သူတို့ကျက်စားတဲ့နားကို မသွားတော့ဘူး။ သူတို့ တွေက မြဝတီမြို့စွန်က အလယ်ကျွန်းဘက်အထိ ပေါက်ရောက်ကြတဲ့သူတွေ။ သူတို့ပစ်မှတ်ဖြစ်တဲ့သူ တွေဟာ နည်းနည်း လည်လည်ဝယ်ဝယ်ရှိတဲ့သူဆိုရင် ငွေလဲမှာ မသမာမှုလုပ်တယ်။ လည်တဲ့သူမျိုးဆိုရင် အမျိုးမျိုးစည်းရုံးပြီး အပျော်အပါးနဲ့ ပါသမျှ ကုန် အောင် လုပ်တယ်။ လိုက်ပို့ပေးတဲ့သူတွေက ကော် မရှင်ရတယ်” လို့ ဆိုတယ်။
မြဝတီမြို့ အလယ်ကျွန်းဆိုတာ သောင်ရင်းမြစ် လယ် ထိုင်းဘက်ကမ်းနဲ့ ကပ်နေပြီး ဥပဒေစိုးမိုးမှု မရှိဆုံးနေရာပါ။ မူးယစ်ဆေးဝါး မျိုးစုံရနိုင်တဲ့အပြင် မကြာခဏ လက်သည်မပေါ်တဲ့ လူသတ်မှု ဖြစ်လေ့ ဖြစ်ထရှိတဲ့ နေရာပါ။
မြဝတီမြို့က အေးချမ်းစွာ နေလိုကြသူများက အလယ်ကျွန်းဘက်ကို ဘယ်တော့မှ သွားလေ့မရှိ သလို အဲဒီဘက်မှာ ကျက်စားကြသူတွေနဲ့လည်း ခပ်ကင်းကင်းနေကြပါတယ်။ အလယ်ကျွန်းဘက် ကို လူစိမ်းတယောက် ဝင်သွားလိုက်တာနဲ့ ရှိနေတဲ့ သူတွေရဲ့ မျက်လုံးက ရန်လိုတဲ့မျက်လုံး ဆိုတာကို အထင်းသား မြင်တွေ့ရပါတယ်။
ဒါ့အပြင် အဲဒီလူစိမ်းဘယ်သွားတာလဲ၊ ဘာ လုပ်မှာလဲဆိုပြီး အနောက်ဘက်ကနေ ဆိုင်ကယ်နဲ့ မယောင်မလည် လိုက်လာခဲ့ပြီး အပြင်ဘက်မထွက် ခင် ခေါ်ယူမေးမြန်းတာမျိုး ပြုလုပ်တတ်ကြပါတယ်။ မသင်္ကာရင် အဲဒီနေရာမှာတင် ရန်ပြုတော့မယ့် အနေအထားမျိုးနဲ့ တုတ်၊ အုတ်ခဲ ကိုင်ဆောင်ပြီး မလှမ်းမကမ်းကနေ စောင့်ကြည့်နေတတ်ကြပါတယ်။
“ဒီနေရာကို ဘယ်ရဲတယောက်မှတောင် မဝင် ရဲတဲ့နေရာဆိုတော့ ကျနော်တို့လို အေးအေးနေတတ် ကြသူတွေ ဘယ်လို လုပ်သွားရဲပါ့မလဲ။ ဒီနေရာမှာက လူလည်းမျိုးစုံတယ်။ ပြစ်မှုတခုခု ကျူးလွန်လာတဲ့သူ တွေ မှန်သမျှ ဒီနေရာမှာ ခိုအောင်းကြတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူတဦးက ပြောပြတယ်။
မြဝတီမြို့ရဲ့ အဓိကစီးပွားရေးက ကုန်သွယ်ရေး ဆိုပေမယ့် ကုန်သွယ်နေကြတဲ့ ပစ္စည်းတွေကလည်း မျိုးစုံသလို ကုန်သွယ်တဲ့ နည်းလမ်းတွေကလည်း မျိုးစုံတယ်။ တရားဝင်နည်းလမ်းနဲ့ စားသောက်ကုန် ကအစ စက်ပစ္စည်းများအထိ ကုန်သွယ်ကြသလို တရားမဝင် နည်းလမ်းမျိုးစုံနဲ့လည်း မူးယစ်ဆေးတွေ အထိ ကုန်သွယ်ကြတယ်။
“မဲဆောက်မှာ ဖြစ်ဖြစ်၊ မြဝတီမှာ ဖြစ်ဖြစ် ဘာ လိုချင်လဲ။ လိုချင်တာအားလုံး ရနိုင်တယ်။ ဒါပေမယ့် ကိုယ့်မှာရှိတာတွေကို ထုတ်မပြဖို့ လိုမယ်။ ထုတ်ပြ လိုက်လို့ကတော့ အမဲကောင် တွေ့လိုက်ရသလို အဖွဲ့လိုက် အကုန်ဝိုင်းဖျက်ကြတော့တာပဲ။ အဲဒီလို မဖြစ်စေချင်ရင် အစကတည်းက အပျော်မမက်နဲ့”လို့ ဆိုင်ကယ်သမားက သတိပေးပါတယ်။
ကိစ္စတခုခုဖြစ်လို့ သက်ဆိုင်ရာကိုသွားအကြောင်း ကြားရင်လည်း တကယ်တမ်း ဖြေရှင်းပေးနိုင်တဲ့ အနေအထားမျိုး လုံးဝမရှိဘူး။
“ဒီမြို့မှာက လူအဝင်အထွက် အရမ်းများတဲ့ အပြင် တခုခုလုပ်ပြီးတော့ ရှောင်ပြေးသွားကြတာများ တော့ ဘယ်သူဆိုတာ လိုက်ဖို့ အရမ်းခက်တယ်။ နောက်ပြီးတော့ သောင်ရင်းမြစ်ကို ကူးလိုက်တာနဲ့ ထိုင်းဘက် ရောက်သွားတာ၊ ဟိုဘက်မှာ တပတ် လောက် သွားနေလိုက်တာနဲ့ အဲဒီလူအကြောင်း ကျနော်တို့ စုံစမ်းဖို့က ခက်သွားရောဗျ” လို့ မြဝတီ ဈေးအနီး လုံခြုံရေးကျနေတဲ့ ရဲဝန်ထမ်းတဦးက ပြောတယ်။
ကောင်းကောင်းမွန်မွန်နဲ့ လုပ်စားတတ်ကြတဲ့ ငွေလဲသူများလည်း ရှိပါတယ်။ အထူးသဖြင့် မြဝတီ ချစ်ကြည်ရေးတံတားအနီးက ဟိုတယ် မန်နေဂျာက ပြောပါတယ်။
“လူအမျိုးမျိုး၊ စရိုက်အမျိုးမျိုးပေါ့ဗျာ။ ဒါပေမယ့် ဒီဒေသကတော့ မအူမလည်ဆိုရင်တော့ ခံ သွားကြရမှာပဲဗျ။ မှန်မှန်ကန်ကန် လုပ်စားကြတဲ့ သူတွေ၊ မြဝတီမှာ စီးပွားရေး ဇောက်ချလုပ်ကိုင်နေ ကြတဲ့သူတွေကြတော့ ကိုယ့်နာမည်အပျက်မခံပါဘူး။ သိပ်အမြတ်မစားရရင် နေပါစေ။ နာမည်ပျက်တဲ့အထိ ဘယ်သူမှမလုပ်ကြဘူး” လို့ ဆိုပါတယ်။