နိုင်ငံခြားသား ခရီးသွားများ အတွက်ရည်၍ ခေတ်ဟောင်း ရေနွေးငွေ့ စက်ခေါင်းသုံး မီးရထား အထူးခရီးစဉ်ကို ပုဂံမှ ကျောက် ပန်းတောင်း အထိ ဒီဇင်ဘာ ၁၆ ရက်က စတင်ပြီး အပတ်စဉ် အင်္ဂါနေ့တိုင်း ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။
ရထားစီးခကို လူတဦး အတွက် လက်မှတ် တစောင်နှုန်း ၁၉၉ ဒေါ်လာ သတ်မှတ်ထားသည်ဟု တာဝန်ရှိသူ တဦးက ပြောသည်။
“ပြည်တွင်းလည်း ဒီဈေးပဲ။ ဒီစက်ခေါင်းနှိုးဖို့ တော်တော်လေး အရင်းအနှီး စိုက်ထားရတာ၊ နိုင်ငံတော်ကိုလည်း တခေါက်ပြေးဆွဲခ ၁၀ သိန်း ပေးရမယ်။ ရထားနဲ့ ပတ်သက်လို့ Crazy ဖြစ်တဲ့(အလွန် စိတ်ဝင်စားတဲ့) နိုင်ငံခြားသားတွေကို ရည်ရွယ်တယ်”ဟု အဆိုပါ ခရီးစဉ်ကို တာဝန်ယူ လုပ်ကိုင်နေသော မင်္ဂလာရှုခင်း ကုမ္ပဏီ ဒါရိုက်တာ ဦးဇော်ဝိတ်က ပြောသည်။
ယင်း အစီအစဉ်ကို ခရီးသွား ကုမ္ပဏီများနှင့် မြန်မာ့မီးရထား၏ စီးပွားရေး ဌာနတို့က ပူးပေါင်း အကောင်ထည် ဖော်ခြင်းဖြစ်ကြောင်း၊ မင်္ဂလာရှုခင်း ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်ပြီး ၃ နှစ် သက်တမ်းဖြင့် လုပ်ကိုင်ခွင့် ပေးထားကြောင်း သိရသည်။
မီးရထား ခရီးစဉ် ဈေးနှုန်းနှင့် ပတ်သက်ပြီး ပုဂံ ဧည့်လမ်းညွှန်များအသင်း အထွေထွေ အတွင်းရေးမှူးနှင့် အင်္ဂလိပ်ဘာသာ ဧည့်လမ်း ညွှန် ဖြစ်သူ ဦးမြင့်ကျော်သူက“ရထားက ပုဂံကနေ ကျောက်ပန်းတောင်း အထိ ခရီးစဉ်က သိပ်မရှိဘူး။ လမ်းမှာရှိတဲ့ ရွာကိုဝင်မယ်။ ဒါကို ၁၉၉ ဒေါ်လာ ဘယ်လို တွက်ယူထားလဲ မသိဘူး”ဟု ပြောသည်။
မီးရထား ခရီးစဉ် အစအဆုံး ၃၆ မိုင် ရှိ၍ အသွားအပြန် ၇၂ မိုင် ရှိကြောင်း၊ ခရီးစဉ်ကြာချိန် အသွားအပြန် ၆ နာရီ ကြာမြင့်၍ ရထား အရှိန်နှုန်း တနာရီမိုင် ၂၀ နှုန်းဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ မီးရထားတွင် တွဲဆိုင်း ၃ ဆိုင်း တပ်ဆင်ထားပြီး ခရီးသည် ဦးရေ ၁၂၀ အထိ စီးနိုင်ကြောင်း၊ အထက်တန်းတွဲများသာ ထည့်သွင်းထားကြောင်းလည်း သိရသည်။
အဆိုပါ ရထားခရီးစဉ်တွင် ကျေးလက် ပြည်သူများ၏ ဘဝကိုပါ လေ့လာနိုင်ရန် စီစဉ်ထားပြီး ပုဂံဘူတာမှ ၁၃ မိုင်အကွာရှိ တောင် ဇင်း ဘူတာတွင် တနာရီခန့် ရပ်နားပေးမည် ဖြစ်သည်ဟု မင်္ဂလာရှုခင်း ကုမ္ပဏီက ပြောပြသည်။
ရထားစီး ခရီးသည်များ အတွက် ဆီကြိတ် လုပ်ငန်း၊ ထန်းလျက် လုပ်ငန်းနှင့် ပန်းပဲဖို လုပ်ငန်းများကိုပါ လေ့လာရန် စီစဉ်ထားကြောင်း၊ ခရီးစဉ် တလျှောက် အကျွေးအမွေး အစီအစဉ်ပါ ထည့်သွင်းထားပြီး ညနေ ၅ နာရီတွင် ပုဂံဘူတာသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းလည်း သိရသည်။
ရထား စီးခကို ပရိုးမိုးရှင်း ကာလ ၆ လအတွင်း တဦးလျှင် ၁၉၉ ဒေါ်လာ သတ်မှတ်ထားသော်လည်း ယင်းကာလ ပြီးဆုံးပါက တဦး လျှင် ၂၄၉ ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်ကြောင်း ဦးဇော်ဝိတ်က ပြောသည်။
ထို ဈေးနှုန်းသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးပြီးသော အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက အဆများစွာ ကွာခြားနေသောကြောင့် ဝေဖန် ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။
ရေနွေးငွေ့ စက်ခေါင်းသုံး မီးရထား ခရီးစဉ်ကို ပုဂံ-ကျောက်ပန်းတောင်း လမ်းပိုင်းတွင် ပထမဆုံး စတင်ခြင်း ဖြစ်ပြီး မော်လမြိုင်ဘက် – ရေး-သံဖြူဇရပ် လမ်းပိုင်းတွင်လည်း ကျောက်မီးသွေးသုံး မီးရထား ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း သိရသည်။