ယခုဘဏ္ဍာနှစ်(၂၀၁၃-၂၀၁၄) အတွက် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သည့် ကုမ္ပဏီကြီးများ စာရင်းကို ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်တွင်း အခွန်များ ဦးစီးဌာနက ယမန်နေ့က ထုတ်ပြန်ရာ နာမည်ကြီးကုမ္ပဏီများကြား ကွာဟချက်ကြီးမားလျက် ရှိသည်ကို တွေ့ရှိရသည်။
ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်သည့် ဝင်ငွေခွန် အများဆုံး ထမ်းဆောင်သူ လုပ်ငန်းရှင် ၁၀၀၀ စာရင်းတွင် အခွန်ထမ်းဆောင် သည့် ပမာဏ နှုန်းထားများကို ငွေကျပ်သန်း ကိန်းဂဏန်းများဖြင့် ဖော်ပြထားရာ ဦးအောင်ကိုဝင်း ပိုင်ဆိုင်သည့် ကမ္ဘောဇဘဏ်မှာ ငွေကျပ်သန်း ၁၇,၀၀၀ အထက်ဖြင့် ယခုနှစ်အတွက် အများဆုံး အခွန်ထမ်းဆောင်သူအဖြစ် ဖော်ပြထားသည်။
ကမ္ဘာဇဘဏ်နောက်မှ ကပ်လျက်လိုက်ပါလာသော ဝင်ငွေခွန် ငွေကျပ်သန်း ၄၀၀၀ အထက် ထမ်းဆောင်သူများ စာရင်းတွင် ဦးအိုက်ထွန်း ပိုင်သည့် ရွှေတောင် ကုမ္ပဏီ၊ ဦးထွန်းမြင့်နိုင် (ခ) စတီဗင်လော ပိုင်သည့် Asia World ကုမ္ပဏီနှင့် ဦးဇော်ဇော် ပိုင်သည့် Max (Myanmar) ကုမ္ပဏီ တို့ ဖြစ်သည်။
လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေပြီး ယခင် မြန်မာ့စစ်တပ်ပိုင် ဖွဲ့စည်းတည်ထောင်ထားသော မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် (Myanmar Economic Holding Ltd)ကုမ္ပဏီနှင့် Myawaddy Trading ကုမ္ပဏီများ၏ ဝင်ငွေခွန် ပေးဆောင်မှု ပမာဏမှာ ကျပ် သန်း ၇၀၀ အောက်တွင် ရှိပြီး အခြားနာမည်ကြီး ကုမ္ပဏီကြီးများဖြစ်သည့် ရွှေသန်လွင်(Shwe Than Lwin Media) ကုမ္ပဏီ၊ ထူး ကုမ္ပဏီ(Htoo Trading) တို့က ဝင်ငွေခွန် ပမာဏ ကျပ်သန်း ၈၀၀ အောက်သာ ပေးဆောင် ထားသည်ကို တွေ့ရသည်။
ထိုသို့ နာမည်ကြီး ကုမ္ပဏီကြီးများက ဝင်ငွေခွန် ထမ်းဆောင်သည့် ပမာဏနှုန်းထား ကွာဟမှုနှင့် ပတ်သက်ပြီး Famer Auto Car Showroom ပိုင်ရှင် ဒေါက်တာ စိုးထွန်းက“တခုတော့ ရှိပါတယ်။ သူတို့က ကုမ္ပဏီခွဲတွေ အများကြီး ထောင်လိုက်တာမျိုးပေါ့။ ဒါကြောင့်လည်း ဖြစ်နိုင်တယ်။ ဦးပိုင် ကုမ္ပဏီက အမေရိကန် ဆန်ရှင် ထိထားတာ၊ ဒီတော့ နာမည် အမျိုးမျိုးနဲ့ ထောင်တယ်။ နာမည် တွေ က အများကြီးပဲ။ ဒီတော့ ဝင်ငွေတွေကို ခွဲပြီး ဆောင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။
မိမိလုပ်ငန်းများ၏ အသားတင် အမြတ်ငွေအပေါ် စည်းကြပ်သည့် ဝင်ငွေခွန် မဟုတ်ဘဲ စားသုံးသူဆီမှ ဖြတ်ယူသော ကုန်သွယ် လုပ်ငန်းခွန် ပေးဆောင်မှု အများဆုံး စာရင်းတွင် Myawaddy Trading ကုမ္ပဏီနှင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ကုမ္ပဏီတို့သည် ထိပ်ဆုံးတွင် ပါဝင်လျက်ရှိသော ကုမ္ပဏီကြီးများ ဖြစ်သည်။
ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်မှု ကွာဟချက် အခြေအနေနှင့်ပတ်သက်ပြီး ပြည်တွင်း အခွန်များ ဦးစီးဌာန ကုမ္ပဏီ များဆိုင်ရာ အခွန်ရုံး ဒုညွှန်ကြားရေးမှူး ဦးသင်းထွဋ်ဟန်က “ကုန်သွယ်လုပ်ငန်းခွန်က စားသုံးသူကနေ ပေးဆောင်ရတဲ့ အခွန်ပဲ။ ဝင်ငွေခွန်ကတော့ မိမိရတဲ့ ဝင်ငွေ အမှန်ထဲကနေ စရိတ်တွေကို နုတ်ပြီးတော့မှ အသားတင် အမြတ်ကို ပြန်လည် စည်းကြပ်တဲ့ ဟာပေါ့။ ကုန်သွယ် လုပ်ငန်းခွန်က လုပ်ငန်းရှင်က ပေးရတာ မဟုတ်ဘူး။ စားသုံးသူက ပေးရတာ”ဟု ပြောဆိုသည်။
ယခုနှစ် အတွက် ဝင်ငွေခွန် အများဆုံး ပေးဆောင်သူ ကုမ္ပဏီကြီးများ ထိပ်ပိုင်း ၁၀၀ စာရင်းတွင် ဘဏ်လုပ်ငန်း အများအပြား ပါဝင် လျက် ရှိသည်ကို တွေ့ရသည်။
ဝင်ငွေခွန် ပေးဆောင်မှု စာရင်းတွင် ကမ္ဘောဇဘဏ်မှ ကျပ်သန်းပေါင်း ၁၇,၀၀၀ ကျော်ဖြင့် ထိပ်ဆုံးတွင် ရှိကာ၊ Global Treasure ဘဏ်နှင့် သမဝါယမ ဘဏ်(CB ဘဏ်)မှ ကျပ်သန်း ၄ ထောင်အောက်၊ မြန်မာ့ ရှေ့ဆောင်(Myanma Apex) ဘဏ်မှ ကျပ်သန်း ၃ ထောင်အောက်၊ ဧရာဝတီဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်၊ အသေးစားနှင့် အလတ်စား စက်မှုဖွံ့ဖြိုးရေးဘဏ်နှင့် ကျေးလက် ဖွံ့ဖြိုးရေး ဘဏ်(Rural Development Bank)များသည် ဝင်ငွေခွန် ပမာဏနှုန်းထား ကျပ်သန်း ၂ ထောင်အောက် ပေးဆောင်ထားသည်ကို တွေ့ရသည်။
အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်(AGD ဘဏ်)မှာ ဝင်ငွေခွန်ထမ်းဆောင်မှု ပမာဏ ကျပ်သန်း ၃၀၀ အောက်ဖြင့် ဝင်ငွေခွန် အများဆုံးစာရင်း ၁၀၀ တွင် နောက်ဆုံးမှ ပါဝင်လျက် ရှိနေသည်။