စီးပွားရေး

အစိုးရ ငွေတိုက်လက်မှတ်နှင့် စာချုပ်များ လေလံစနစ်ဖြင့် ရောင်းချမည်

This article has been converted from Zawgyi One to Unicode

မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေလျက် ရှိသော အစိုးရ ငွေတိုက် လက်မှတ် များနှင့် ငွေတိုက် စာချုပ်များကို လာမည့် ဇန်နဝါရီလမှ စတင်၍ လေလံ စနစ်ဖြင့် ရောင်းချ တော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေသော အစိုးရ ငွေတိုက် စာချုပ်များကို မြန်မာ့ ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ် ရောင်းဝယ်ရေး ကုမ္ပဏီ (MSEC)နှင့် မြန်မာ့ စီးပွားရေး ဘဏ်တို့မှ တဆင့် ဈေးကွက် အတွင်းသို့ ဖြန့်ဖြူး ရောင်းချ နေရာမှ ယခု အခါ လေလံ စနစ်ဖြင့် ပြောင်းလဲ ရောင်းချရန် ပြင် ဆင်ခြင်း ဖြစ်ကြောင်း သိရှိ ရသည်။

မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဆက်အောင် က “ဇန်နဝါရီ လထဲ စမှာပါ။ အစိုးရ ငွေတိုက် လက်မှတ်၊ ငွေတိုက် စာချုပ် တွေကို လေလံနဲ့ ဈေးကွက် ထဲကို ရောင်းမယ်။ ဒီမှာရှိတဲ့ bond တွေ အကုန်လုံးကို နိုင်ငံတကာ စံနှုန်းမီအောင် လုပ်မယ်။ Electronic System ဖြစ်အောင် ပြောင်းရမယ်။ ဒါတွေ အများကြီး လုပ်ထားပြီးပါပြီ” ဟု ဒီဇင်ဘာ ၂၀ရက်နေ့၊ ရန်ကုန်မြို့ရှိ အသေးစား နှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေး ဗဟိုဌာနတွင် ပြုလုပ်သော ဟောပြောပွဲတွင် ပြောဆို သည်။

အစိုးရငွေတိုက်လက်မှတ်များကို လက်ရှိရောင်းချနေသည့် ပုံစံမှာ အတိုးနှုန်း ၄ ရာခိုင်နှုန်းဖြင့် ၃ လ၊ ၆ လ၊ ၉ လ အသီးသီး ဖြင့် ရေတိုသတ်မှတ် ရောင်းချနေပြီး ငွေတိုက်စာချုပ်များကို ၂ နှစ်သက်တမ်း စာချူပ်အတွက် အတိုးနှုန်း ၈ ဒသမ ၇၅ ရာခိုင် နှုန်း၊ ၃ နှစ်နှင့် ၅ နှစ် သက်တမ်းစာချုပ်များအတွက်  အတိုးနှုန်း ၉ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး သတ်မှတ် ရောင်းချနေခြင်းဖြစ်သည်။

MSEC ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက “ နိုင်ငံတကာမှာ ဘွန်း (ငွေတိုက်စာချုပ်) ကို လေလံပစ်တာ။ ဘွန်းကို ဘယ်ဘဏ် ဘယ်ငွေရေးကြေး ရေး အဖွဲ့အစည်းက ဘယ်လောက် ဝယ်ချင်သလဲ၊ ဘယ်လောက် အတိုးနှုန်း ပေးမလဲ၊ အစိုးရက ဒီလောက် ထုတ် မယ် ဆိုတာ ကြေညာတာ။ အဲဒီမှာ ငွေရေးကြေးရေး အဖွဲ့အစည်းတွေက ဝယ်တာပေါ့၊ ဝယ်ပြီးတော့ သူတို့ရဲ့ ဖောက်သည်တွေဆီကို ပြန်ရောင်းတာမျိုးပေါ့” ဟု ပြောဆိုသည်။

အစိုးရ ငွေတိုက်စာချုပ်များနှင့် ငွေတိုက်လက်မှတ်များ၏ အတိုးနှုန်းသည် ဈေးကွက်ဝယ်လိုအားများပြားသည်အထိ ဆွဲဆောင် နိုင်ခြင်း မရှိသည့်အတွက် ဝယ်ယူစုဆောင်းမှု အားနည်းနေကြောင်း သိရှိရသည်။

အစိုးရက ငွေတိုက်လက်မှတ်၊ ငွေတိုက်စာချုပ်များ ထုတ်လုပ်ရောင်းချခြင်းသည် တနည်းအားဖြင့် အစိုးရက ဘဏ်များ၊ ငွေကြေး အဖွဲ့အစည်းများထံမှ အတိုးနှုန်းပေး၍ ငွေချေးယူခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ငွေတိုက်စာချုပ်များကို အဓိကအား ဖြင့် ပုဂ္ဂလိကဘဏ်များက အများဆုံး ဝယ်ယူနေကြသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့် ရောင်းချရေးအတွက် ပုဂ္ဂလိက ဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများကို ဒီဇင်ဘာ ၂၂ရက်နေ့တွင် အစည်းအဝေး ခေါ်ယူ၍ အကြံ တောင်းခံခဲ့ ကြောင်း ပုဂ္ဂလိကဘဏ် အသိုင်းအဝိုင်းမှ သိရှိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အစိုးရငွေတိုက်စာချုပ်နှင့်လက်မှတ်များကို လေလံစနစ်ဖြင့် ရောင်းချမည်ဟု ဆိုသော်လည်း ရောင်းချမည့်နည်းစနစ် အပါအဝင် အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်အထိ အတိအကျ ထုတ်ပြန်ခြင်း မရှိ သေးပေ။

Loading