ခရီးရှည် ပြေးဆွဲနေသည့် ရန်ကုန်နှင့်ပဲခူးတိုင်း အတွင်းမှ မီနီဘတ်စ်များ၊ စီးတီးဘတ်စ် ယာဉ်များကို ၂၀၁၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး သဘာ၀ ဓာတ်ငွေ့(CNG) ခွဲတမ်း ထပ်တိုးပေးရန် စီစဉ်နေကြောင်း သိရသည်။
“အမှန်တကယ် လိုအပ်နေတဲ့ မီနီဘတ်စ်တွေကို လီတာ ၁၀၀ ထပ်တိုးပေးဖို့နဲ့ စီးတီးဘတ်စ်တွေကို လီတာ ၂၀၀ ကနေ လီတာ ၄၈၀ အထိ တိုးပေးဖို့ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့ မထသ ရဲ့ ထောက်ခံချက်ရရင် ခွင့်ပြုပေးဖို့ ဆောင်ရွက်နေတယ်” ဟု စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း အထွေထွေ မန်နေဂျာ ဦးလှဝင်းဌေးက ပြော သည်။
မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုကော်မတီ(မထသ) ၏ စာရင်းများအရ လက်ရှိတွင် CNG အသုံးပြု ပြေးဆွဲနေ သော အများပြည်သူသုံး မော်တော်ယာဉ် အစီးရေ ၅၇၀၄ စီး ရှိသော်လည်း ခရီးမိုင်ရှည် ပြေးဆွဲပြီး အမှန်တယ် လိုအပ်သည့် ယာဉ် လိုင်းများမှ ယာဉ်အစီးရေ ၃၅ စီး ကိုသာ တိုးပေးမည် ဖြစ်ကြောင်း သိရသည်။
ယာဉ်အိုယာဉ်ဟောင်း အပ်နှံမှုများ ဆောင်ရွက်ပေးပြီး နောက်ပိုင်း CNG မီနီဘတ်စ်များ အဖြစ် ပြောင်းလဲထားသည့် ယာဉ်စီးရေမှာ ပဲခူးတိုင်းတွင် ၅၉ စီး၊ ရန်ကုန်တိုင်းတွင် ၄၈ စီး၊ စုစုပေါင်း ၁၀၇ စီး ရှိကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း စာရင်းများတွင် ပါရှိသည်။
ပဲခူးတိုင်းအတွင်းရှိ ယာဉ်စည်းကမ်း ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဦးစန်းဝေက“ပဲခူးမှာက အမှတ် ၆ နဲ့ အမှတ် ၅ လိုင်းဆိုပြီး ယာဉ်လိုင်း နှစ်လိုင်း ရှိတယ်။ အခု ရရှိထားတဲ့ လီတာနဲ့က ခရီးစဉ် အစအဆုံး ဆွဲမရဘူး။ ရန်ကုန်ကနေ ပဲခူးအထိပဲ ဆွဲလို့ ရတယ်။ ကျိုက်ထိုအထိ သွားတဲ့ ခရီးစဉ်က ယာဉ်တွေဆို မဆွဲနိုင်တော့ဘူး။ ဂက်စ်က ရန်ကုန်ရောက်မှ ဖြည့်ရတာကြောင့်ပါ”ဟု ပြောဆို သည်။
အမှတ် ၅ ယာဉ်လိုင်းသည် ရန်ကုန်-ပဲခူး-ညောင်တုန်းသို့ ပြေးဆွဲသည့် ယာဉ်လိုင်းဖြစ်ပြီး အမှတ် ၆ လိုင်းသည် ရန်ကုန်-ပဲခူး-ကျိုက် ထို လမ်းပိုင်းသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများ ဖြစ်သည်။
ဘတ်စ်ကားများကို CNG ထုတ်ပေးရာတွင် ယာဉ်အိုယာဉ်ဟောင်း အပ်နှံချိန်က ယာဉ်ဟောင်း အပ်နှံသည့် လီတာအတိုင်း ပြန်လည် ထုတ်ပေးခြင်း နှင့် တချို့ ယာဉ်ပိုင်ရှင်များက အသစ်ပြန်လည် တင်သွင်းသည့် ခရီးသည်တင် ယာဉ်လိုင်းတွင် မူလအပ်နှံခဲ့သည့် ယာဉ်၏ လီတာအတိုင်း ပြန်လည်တပ်ဆင် ထုတ်ယူကြသောကြောင့် ပြဿနာများစွာ ရှိလာခဲ့ကြောင်း သိရသည်။
“ကားတွေမှာ အပ်နှံထားတဲ့ကားနဲ့ ပြောင်းလဲတပ်ဆင်တဲ့ ကားရဲ့စက်စွမ်းအား အမျိုးအစား မတူညီတာကြောင့် ပြဿနာ ဖြစ်နေ တာ။ ဥပမာ – မူလအပ်လိုက်တာ လီတာ ၂၀၀ ပဲရှိတဲ့ ချက်ပလက်ကား နေရာမှာ ယာဉ်ကြီးတွေ သွင်းလိုက်တော့ စွမ်းအား မတူ တော့ ဘဲ ပြဿနာ ရှိလာတယ်။ အခက်အခဲဖြစ်ပြီး ရပ်ထားတဲ့ ကားအရေအတွက် အစီး ၄၀ ရှိတယ်”ဟု မထသ ဗဟို(ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
မထသ ဗဟို (ရန်ကုန်) က ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့် ပူးပေါင်းပြီး ထုတ်ပေးသည့် လီတာနှင့် မလုံလောက်ဘဲ ပြေးစွဲနေ သည့် မော်တော်ယာဉ်များကို ခရီးအရှည်မိုင်နှင့် တွက်ချက်ပြီး တိုးမြှင့်ခွင့်ပြုပေးရန် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းသို့ ဒီဇင်ဘာ၁၂ ရက်က တင်ပြခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
စွမ်းအင်ဝန်ကြီးဌာနမှ သဘာ၀ ဓာတ်ငွေ့ကို နေ့စဉ် ကုဗပေ သန်းပေါင်း ၂၀ ဖြန့်ဝေပေးသည့် အနက် ရန်ကုန်တိုင်း ဒေသကြီး အတွက် ကုဗပေသန်း ၄၀ နှင့် ရေနံချောင်း၊ ချောက်၊ မန္တလေး စသည့် နယ်ဆိုင်များသ့ို ကုဗပေ ၅ သန်း စုစုပေါင်း ၄၅ သန်း ရောင်းချပေး လျက်ရှိပြီး ယင်းပမာဏမှ ကားအစီးရေပေါင်း ၂၆၄၈၉ ကို ပေးဝေလျှက် ရှိကြောင်း မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ သိရ သည်။