စီးပွားရေး

လူသေဆုံးမှုများသော ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်ရေး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဆောက်လုပ်ရေးဝန်ကြီးဌာနက မော်တော်ယာဉ် မတော်တဆမှုနှင့် လူသေဆုံးမှု များပြားသော ရန်ကုန်-မန္တလေး အမြန် လမ်း အဆင့်မြှင့်တင်ရေးအတွက် ပြည်တွင်းပြည်ပမှ နိုင်ငံခြားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း တရားဝင် ဖိတ်ခေါ်လိုက်သည်။

လက်ရှိ အမြန်လမ်းမကြီးသည် ၄ လမ်းသွားဖြစ်ပြီး လမ်းမ အကျယ်ကို ၈လမ်းသွားအထိ ၂ ဆတိုးချဲ့ရန်နှင့်လမ်းကို အထောက် အကူပေးမည့် အခြေခံ အဆောက် အဦများ အဆင့်မြှင့်ပြင်ဆင်ရန် စီမံကိန်းအတွက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် နေ့ မတိုင်မီ အဆိုပြုလွှာ များ တင်သွင်းကြရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင် ဖိတ်ခေါ်ခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်း အဆင့်မြှင့်တင်ရေး လုပ်ကိုင်ခွင့်ရရှိသွားသူများသည် BOT စနစ် အရ လမ်းတည်ဆောက်ပြီး နှစ် ၃၀ သို့ မဟုတ် ၄၀ အတွင်း လမ်းအသုံးပြုခများ ကောက်ခံခွင့်ရရှိမည်ဖြစ်ပြီး သတ်မှတ်ကာလကျော်လွန်သွားပါက သက်ဆိုင်ရာ တိုင်း အစိုးရများ ထံသို့ လွှဲပြောင်းပေးအပ်ရမည်ဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ တင်ဒါ မခေါ်ယူခင် အဆိုပြုလွှာတွေနဲ့ ကုမ္ပဏီတွေရဲ့ နောက်ခံအကြောင်းတွေကို စစ်ဆေးသွားမှာ ဖြစ်ပါ တယ်။ ကုမ္ပဏီတွေ က လမ်းဖောက်ရုံတခုထဲမဟုတ်ပါဘူး။ ရေရှည် ပြုပြင်ထိန်းသိမ်းမှုနဲ့ ဘေးကင်းလုံခြုံရေးတွေ အတွက် လည်း တာဝန်ယူဆောင်ရွက်ပေးရပါမယ်။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ အညီဖြစ်ရပါမယ်။ နောက်ဆုံးအဆင့် တင်ဒါ အောင်မြင်သွားသူတွေက နိုင်ငံခြား ကုမ္ပဏီ ဒါမှမဟုတ် ပြည်တွင်းနဲ့ နိုင်ငံခြား ဖက်စပ်ကုမ္ပဏီတွေ ဖြစ်နိုင်ပါတယ်” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန အမြန်လမ်းစီမံကိန်းမှ အင်ဂျင်နီယာမှူးကြီး ဦးကြည်ဇော်မြင့် ကပြောသည်။

မိုင်ပေါင်း ၃၆၆ မိုင် (၅၈၉ ကီလိုမီတာ) ရှည်လျားသည့် အမြန်လမ်းကို အဆင့်မြှင့်တင်ရန် တင်ဒါအောင်မြင်သူများသည် လက်ရှိ ၄လမ်းသွားလမ်းကို တိုးချဲ့ရန်၊ လမ်းအကာအရံ များပြုလုပ်ပေးရန်၊ အနီးပတ်ဝန်းကျင် ကျေးရွာများ အသုံးပြုနိုင် သည့် လမ်း ဖောက်လုပ်ပေးရန်၊ တိုးဂိတ်များမှ ယာဉ်ကျောစောင့်ကြည့်နိုင်ရေးနှင့် အရှိန်လွန်မောင်းနှင်သည့် ယာဉ်မောင်း များကို ရဲအဖွဲ့က သိရှိနိုင်ရေးအတွက် CCTV ကင်မရာများတပ်ဆင်ပေးခြင်းများ လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း သိရှိ ရသည်။

အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ခြင်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းလမ်းစီမံကိန်းများတွင် နိုင်ငံခြားကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံရန် ပထမဆုံး ဖိတ်ခေါ်ခြင်းလည်း ဖြစ်ပြီး ယခင်က အဓိကလမ်းမများ ဖောက် လုပ်ရန် သို့မဟုတ် အဆင့်မြှင့် ပြုပြင်ရန် ပြည်တွင်းကုမ္ပဏီ အမြောက်အများကို လုပ်ကိုင်ခွင့်ချထားပေးခဲ့ကြောင်း၊ လက်ရှိ နိုင်ငံခြားကုမ္ပဏီများသို့ လုပ်ပိုင်ခွင့်ပေးမည့် နှစ် ၃၀ လုပ်ပိုင်ခွင့်တွင် လမ်းအသုံးပြုခ များကောက်ခံနိုင်သလို ရေရှည်ပြုပြင် ထိန်းသိမ်းရေးပြုလုပ်ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

အမေရိကန် USAID က အနာဂတ်လမ်းစီမံကိန်း များအတွက် ရည်ရွယ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများကို နည်းပညာ အကူအညီပေးခြင်းနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ သင်တန်းပေးခြင်းများ ယခုနှစ် အစောပိုင်းတွင် စတင် ပြုလုပ် ခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် စစ်အစိုးရလက်ထက်တွင် အချိန်တိုအတွင်း အလျှင် အမြန်ဖောက် လုပ်ခဲ့ သည့် အတွက် နိုင်ငံတကာ ဘေးကင်းလုံခြုံရေးဆိုင်ရာ စံချိန်စံညွှန်းများထက် များနိမ့်ကျခဲ့ ရသည်။

နေပြည်တော်ကို ဖြတ်သန်း၍ ရန်ကုန်နှင့် မန္တလေးကို ဆက်သွယ်ပေးထားသည့် အမြန်လမ်းဖောက်လုပ်ရာတွင် အဓမ္မ လုပ်အား ခိုင်းစေမှုများ၊ မှန်းဆထားသည်ထက် ငွေကြေးပိုမိုကုန်ကျခြင်း နှင့် အကျင့်ပျက်ခြစားမှုများ ရှိသည်ဟု စွပ်စွဲမှုများ လည်း ထွက်ပေါ်ခဲ့သည်။

၂၀၁၄ နှစ်အတွင်း အမြန်လမ်းပေါ်တွင် ထိခိုက်မတော်တဆမှု ၄၀၈ ကြိမ်ဖြစ်ပွားခဲ့ရာ လူ ၁၄၇ ဦး သေဆုံး၍ ၇၉၇ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အဆင့်မြှင့်ပြင်ဆင်မှုများ ပြုလုပ်ရာတွင် ဆိုးရွားသော မတော်တဆမှုများ ရှောင်ရှားနိုင်ရန် ဆောက် လုပ်ရေး ဝန်ကြီးဌာနက မျှော်လင့်ထားသည်။

“ဘေးကင်းလုံခြုံမှုက ကျနော်တို့ အမြင့်ဆုံး ဦးစားပေးရမယ့် အရာပါ” ဟု ဦးကြည်ဇော်မြင့်က ဧရာဝတီသို့ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading