၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၏ ၉ လတာ ကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့သည့် ပမာဏသည် တန်ချိန် ၇သိန်းကျော်သွားပြီဖြစ်ပြီး ယင်းတင်ပို့မှုသည် မြန်မာ့ဆန်နိုင်ငံခြားဆန်တင်ပို့မှု စုစုပေါင်းပမာဏ၏ ၃ပုံ ၂ပုံကျော် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရှိရသည်။
ပြည်ပဆန်တင်ပို့မှု စုစုပေါင်းသည် ၉လအတွင်း တန်ချိန် ၉သိန်းကျော်ရှိရာ ရေကြောင်းလမ်းဖြင့်တင်ပို့မှု(Normal Trade) မှတန်ချိန်၂သိန်းနီးပါးသာ တင်ပို့နိုင်ခဲ့ပြီး ကျန်သည့် တန်ချိန် ၇သိန်းကျော်မှာ တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး (Border Trade)ဖြင့် တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် မြန်မာနိုင်ငံက တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်အာဏာပိုင်များက မြန်မာ့ဆန်တင်ပို့မှုကို လက်ရှိအချိန်အထိ တရားမဝင်အဖြစ် သတ်မှတ်ထားကြောင်း၊ လတ်တလော တရုတ်-မြန်မာ ၂နိုင်ငံ ကုန်သွယ်မှုတွင် ဆန်တင်ပို့မှုက အမြင့်ဆုံးအခြေအနေ ဖြစ်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။
ဦချစ်ခိုင်က “ကျနော်တို့ ဘက်ကတော့ ဆန်စပါးတင်ပို့မှုက တရားဝင်ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်ဘက်ကတော့ ဒီတင်ပို့မှုတွေက တရား မဝင်ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ ဆန်တင်ပို့မှုကို တရားဝင်ဖြစ်ဖို့ တရုတ်အစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးနေပါတယ်။ ကျနော်တို့ စီးပွားရေးကိုယ်စားလှယ်အဖွဲ့တခု တရုတ်နိုင်ငံကို သွားမှာပါ” ဟုပြောသည်။
တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့နိုင်ခြင်းက ပို့ကုန်တိုးတက်ရေးကို တွန်းအားဖြစ်စေမည်ဟု မျှော်လင့် ထား ကြောင်း၊ ၂၀၁၄ နှစ် အစောပိုင်းတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမှ ဆန်တင်သွင်းခြင်းကို တရားဝင်တားမြစ်ခဲ့ပြီး တင်သွင်းသော ဆန်အများစု၏ ကြိတ်ခွဲမှုနှင့် အရည်အသွေးကို အာမခံချက်ပေးနိုင်သည့် ကုန်သွယ်ရေးသဘောတူညီချက်တခု လက်မှတ် ရေးထိုး ရန်လည်း တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
တရုတ်နိုင်ငံသည် မြန်မာ့ဆန် အများဆုံးဝယ်ယူသော ဖောက်သည်ဖြစ်ပြီး တင်ပို့သော ဆန်အများစုမှာ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် စိုက်ပျိုး ထုတ်လုပ်ခြင်း ဖြစ်ပြီး ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များမှ တဆင့် နယ်စပ်ကို ဖြတ်ကျော် တင်ပို့နေသည်။
အစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ မူဆယ်မြို့မှ တဆင့် တရုတ်နိုင်ငံ ရွှေလီသို့ ဆန်တင်ပို့ရာတွင် ကုန်လမ်းမှ ဆန်တင်ပို့မှုသည် အများဆုံးဖြစ်ပြီး တန်ချိန် ၇သိန်း အထိရှိကြောင်း၊ တရုတ်နိုင်ငံသို့ ရေကြောင်းလမ်းမှ ဆန်တင်ပို့မှုသည် တန် ချိန် ၁၁၀၀၀ သာရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက လာမည့်နှစ်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ ၏ နံပါတ် ၁ ဆန်ဝယ်ယူသူအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး လတ်တလော တရုတ်နိုင်ငံမှ စစ်ဆေးရေးနှင့် အသိအမှတ် ပြု လက်မှတ်ထုတ်ပေးရေး အဖွဲ့တခု မြန်မာနိုင်ငံတွင်ရုံးခန်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း၊ အဆိုပါ အဖွဲ့သည် မြန်မာအစိုးရထံမှ ကုမ္ပဏီလိုင်စင် ရရှိရေး အတွက် စောင့်ဆိုင်းနေပြီး ယင်းကုမ္ပဏီက တရုတ်နိုင်ငံသို့ ဆန်တင်ပို့ခြင်း မပြုမီ မြန်မာ့ဆန်များ၏ အရည်အသွေးကို စောင့်ကြည့် စစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုသည်။
တရုတ်နိုင်ငံ အပါအဝင် ပြည်ပသို့ မြန်မာ့ဆန် တင်ပို့မှုသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း တန်ချိန် ၁ ဒသမ ၅ သန်း ရှိနိုင်ပြီး လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင်မူ ဆန်တန်ချိန် ၂ သန်းရှိနိုင်ကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။
တရုတ်သို့ဆန်တင်ပို့ရာတွင် တရုတ်စစ်ဆေးရေးအဖွဲ့အစည်း CCIC က အရည်အသွေး စစ်ဆေးပြီး မှတ်ပုံတင် လက်မှတ်ထုတ်ပေးကြောင်း၊ အခြားအဖွဲ့များ၏ လက်မှတ်များဖြင့် ဆန်တင်ပို့၍ မရသဖြင့် CCIC ကို မြန်မာနိုင်ငံတွင ်လာရောက် ရုံးခန်းဖွင့်ရေး၊ကုမ္မဏီမှတ်ပုံတင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၊CCIC အနေဖြင့် ရန်ကုန် တွင် ရုံးခန်းကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွင့်လှစ်နိုင်ရေးအတွက် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန နှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်းလည်း မြန်မာဆန်စပါး အသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောဆိုသည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF)က အိန္ဒိယ ဆန်စပါး ကုန်သည်များ နှင့် သဘော တူညီချက်တခု ရယူနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှ ပြည်နယ် ၂ခု သို့ စပါး တတန်လျှင် ဒေါ်လာ ၄၀၀ နှုန်းဖြင့် နှစ် စဉ် စပါးတန်ချိန် ၂၄၀၀၀၀ တင်ပို့ရောင်းချပေးရန် သဘောတူညီထားကြောင်း၊ အိန္ဒိယ နယ်စပ်အထိတင်ပို့ ပေးရသည့် ကုန်ကျစရိတ် အား လုံးကို မြန်မာကုန်သည်များက ကျခံပေးရမည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ စပါးထွက်နှုန်းသည် အရှေ့တောင်အာရှတွင် အနိမ့်ဆုံးစာရင်းထဲတွင်ပါဝင်နေပြီး ထွက်နှုန်းမှာ ၁ ဟက် တာ လျှင် ၂ ဒသမ ၅ မက်ထရစ်တန်သာရှိကြောင်း၊ ဆန်စက်အများစုသည် ခေတ်မမီတော့သည့် စက်ပစ္စည်းများကို အသုံးပြုနေသည့် အတွက် ကြိတ်ခွဲရာတွင် အကျိုးအကျေများပြားကာ ဥရောပ သမဂ္ဂနှင့် ဂျပန်နိုင်ငံတို့ကဲ့သို့ အဆင့်မြင့် နိုင်ငံခြား ဈေး ကွက်များသို့ တင်ပို့ရန် မသင့်တော်ဘဲရှိနေကြောင်း၊ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွင်းတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားဆန်တင်ပို့မှု စုစုပေါင်း တန်ချိန် ၁ သန်းရှိခဲ့ကြောင်း သိရှိရသည်။