ပို့ကုန်တင်ပို့မှု ပမာဏမှာ ဒီဇင်ဘာလအထိဆိုပါက ပြီးခဲ့သည့်နှင့် ကာလတူ တင်ပို့မှုပမာဏနှင့် နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ ၃ဘီလီယံကျော် တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ဒီဇင်ဘာလလယ်အထိ တင်ပို့မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကျော်သာ ရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ် ဒီဇင်ဘာ လလယ်အထိ တင်ပို့မှုသည် ဒေါ်လာ ၁၉ ဘီလီယံ ကျော်သွားပြီဖြစ်ရာ ၃ ဘီလီယံကျော် တိုးလာသည့် အခြေအနေ ဖြစ်သည်။
ယင်းအခြေအနေမှာ သတ္တုတွင်းထွက် ပစ္စည်းတင်ပို့မှုနှင့် စက်မှုကုန်ချောပစ္စည်း တင်ပို့မှုတို့ ပိုမိုတိုးတက်လာခြင်းဖြစ်ပြီး ရေထွက်ပစ္စည်း တင်ပို့မှုနှင့် သစ်တောထွက်ပစ္စည်း တင်ပို့မှုမှာ လျော့ကျလာကြောင်း သိရသည်။
ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က “တခြားပစ္စည်းတွေမှာလည်း တိုးတက်ပါတယ်။ ရေထွက်ပစ္စည်း တင်ပို့မှုမှာလည်း ဒေါ်လာသန်း ၉၀ လောက် လျော့တယ်။ ရေထွက်က အပြောင်းအလဲတွေ ရှိခဲ့တယ်။ တွက်ခြေမကိုက်တာပေါ့။ သစ်တောထွက်ပစ္စည်း လျော့ကျတာက သစ်အလုံးလိုက် တင်ပို့တာတွေ ရပ်လိုက်ပြီး သစ်အချောထည် တင်ပို့တာတို့ကြောင့်ပါ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုမှာ အမြဲ မမျှတဖြစ်နေပြီး သွင်းကုန်တင်သွင်းမှုကသာ ပမာဏ များပြားခြင်းကြောင့် နှစ်စဉ် ကုန်သွယ်ရေး လိုငွေ ပြလျှက်ရှိသည့် အခြေအနေဖြစ်သည်။ လက်ရှိတွင် ကုန်သွယ်ရေးလိုငွေမှာ ဒေါ်လာ ၃ဘီလီယံ ဝန်းကျင်တွင် ရှိနေဆဲဖြစ်သည်။
မြန်မာနိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ ဒေသတွင်း တခြားနိုင်ငံ အများစုထက် လျော့ကျနေသည့် အနေအထားဖြစ်ပြီး ပို့ကုန်တန်ဖိုး မြင့်တက်လာရန်အတွက် တိကျသေချာသော ပို့ကုန်မဟာ ဗျူဟာမျိုး ချမှတ်လုပ်ဆောင်ရန် လိုကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက “ပို့ကုန်နဲ့ ပတ်သက်ပြီး သေချာ မဟာဗျူဟာတွေ ချမှတ်ဖို့လိုတယ်။ တဖက်မှာလည်း ပို့ကုန်လုပ်တဲ့သူတွေအတွက် အခွင့်အလမ်း ဖန်တီးပေးရမယ်။ ပို့ကုန်လုပ်ချင်လာအောင် ပံ့ပိုးမှုတွေ ပေးရမယ်။ အဲဒီလိုမဟုတ်ဘဲ ဒီတိုင်းပဲ အားပေးပါတယ်၊ လက်ခုပ်တီးနေရုံနဲ့တော့ မရဘူးပေါ့” ဟု ပြောသည်။
ထို့အပြင် အစိုးရပိုင်းက နိုင်ငံတကာနှင့် ကုန်သွယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာများ၊ ကုန်သွယ်မှု သဘောတူညီမှုများကို ရအောင် လုပ်ဆောင်နိုင်ရန်လည်း လိုကြောင်း ၎င်းက ပြောသည်။
ဒေါက်တာ စိုးထွန်းက “ကျနော်မြင်တာတော့ ပြီးခဲ့တဲ့ ASEAN+3 မှာတောင် ဘာလုပ်ခဲ့လဲ။ တရုတ်ဘက်ကို ဆန်တင်ပို့နိုင်ဖို့ ပိုးမွှားအရည်အသွေးစစ်အဖွဲ့ AQSIQ နဲ့ပဲ ထိုးခဲ့တာပေါ့။ Trade Agreement နဲ့ ပတ်သက်ပြီး လုပ်ဆောင်မှု အားနည်းတယ်လို့ မြင်တယ်။ ထိုင်းတို့ဘာတို့ဆို ခဏခဏ ထိုးတယ်ပေါ့။ ဥရောပနိုင်ငံတွေ ခေါင်းဆောင်ပိုင်းက သွားတယ်ဆိုရင်လည်း ဆန်ပို့တာတို့ ကျန်တဲ့ ဟာပို့တာတို့ စတဲ့ အခွင့်အရေးရအောင် တောင်းဖို့လိုတယ်။ အဲဒီလို တောင်းမှပဲ ကျနော်တို့တိုင်းပြည်အတွက် Export ဆိုတာ တက်လာပြီး ကုန်သွယ်ရေး လိုငွေလည်း လျော့ကျသွားမယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ပြည်တွင်း သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြုပ်နှံမှုပစ္စည်း၊ လူသုံးကုန်ပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းများအား တင်သွင်းသည့် အဓိကကဏ္ဍ သုံးရပ်ရှိပြီး ယခုနှစ်တွင် ရင်းနှီးမြုပ်နှံမှုပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်း တင်သွင်းမှုများတွင် ပမာဏ အလွန်များလာကြောင်း သိရသည်။
ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က “အခုသွင်းကုန်တင်သွင်းမှု အခြေအနေ မြင့်နေတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာတော့ သူတို့အတွက် လိုတဲ့ စက်ကိရိယာတွေက မြန်မာနိုင်ငံထဲ တင်သွင်းလာတိုင်း သွင်းကုန်လိုင်စင် လျှောက်ရတယ်” ဟု ၎င်းက ပြောသည်။
သွင်းကုန်တင်ပို့မှု အခြေအနေသည် ပြီးခဲ့သည့် ၂၀၁၃ ဒီဇင်ဘာလလယ်နှင့် ၂၀၁၄ အလားတူကာလ နှိုင်းယှဉ်ပါက ဒေါ်လာ၂၉၈ သန်း ပိုမိုလာကြောင်း သိရသည်။
ယခုနှစ် သွင်းကုန်တင်ပို့မှု အခြေအနေမှာ ၂၀၁၄ ဒီဇင်ဘာ လလယ်အထိ ရင်းနှီးမြုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှုတွင် ၄ ဒသမ ၇ ဘီလီယံ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တင်သွင်းမှုတွင် ၃ ဒသမ ၉ ဘီလီယံ၊ လူသုံးကုန်ပစ္စည်း တင်သွင်းမှုတွင် ၂ ဒသမ ၆ ဘီလီယံ စုစုပေါင်း ၁၁ ဘီလီယံ တင်သွင်းပြီး ဖြစ်ကြောင်း စာရင်းများတွင် ဖော်ပြထားသည်။
၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းကုန်သွယ်မှု ပမာဏမှ ဒေါ်လာ၂၄ ဘီလီယံကျော် ရှိခဲ့ပြီး ယခုနှစ် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင်လည်း ၂၅ ဘီလီယံကျော် ရရှိရန် မျှော်မှန်းထားကြောင်းသိရသည်။