စီးပွားရေး

ပို့ကုန်၊ သွင်းကုန် ပစ္စည်းအများစု လိုင်စင် လျှောက်ထားမှု လျှော့ချသွားမည်

This article has been converted from Zawgyi One to Unicode

ယခု ဘဏ္ဍာနှစ်သစ်မှစ၍ လိုင်စင်လျှောက်ထားရန်လိုသော ပို့ကုန်သွင်းကုန် ပစ္စည်းများ စာရင်းကို ထုတ်ပြန် ကြေညာသွားမည် ဖြစ်ပြီး လက်ရှိ လိုင်စင် လျှောက်ထား လုပ်ဆောင်နေရသည့် ပို့ကုန်သွင်းကုန် ပစ္စည်း အမျိုးအမည်များ အတွင်းမှ အများစုကို လျှော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က “အများစုက လိုင်စင်လျှောက်ထားမှု လျော့ကျသွားမှာပါ။ ဒါပေမယ့် ပစ္စည်းအမျိုးအမည်တွေကိုတော့ အခုကြိုပြောလို့ မရသေးဘူး။ ဥပမာ ၂၀၁၃ ခုနှစ်တုန်းက ဝိုင်ကို တင်သွင်းခွင့် တရားဝင် ပေးမယ်ဆိုတော့ မြန်မာနိုင်ငံက ဝိုင်ချစ်သူအသင်း ဆိုတာတွေက ကန့်ကွက်တာရှိတယ်။ နိုင်ငံခြားက ဝင်လာရင် ပြည်တွင်းလုပ်ငန်းတွေ အခက်အခဲရှိနိုင်တယ်ပေါ့။ အခုကလည်း စောသေးပါတယ်။ ဖြစ်နိုင်ရင် ကုန်ပစ္စည်းတိုင်းကို လိုင်စင် မရှိတော့အောင် လုပ်ဆောင်သွားမှာ” ဟု ပြောသည်။

ယခု လိုင်စင်ဆိုင်ရာ ဖြေလျှော့ပေးမည့် အမျိုးအမည်များကို နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် ဆောင်ရွက်မည်ဖြစ်ပြီး အလားတူ မြန်မာနိုင်ငံ၏ ဥပဒေနှင့်လည်း ကိုက်ညီရန် ဆောင်ရွက်သွားမည်ဟု ဦးဝင်းမြင့် ကပြောသည်။

လိုင်စင်လျော့ချမှု ဖြစ်စဉ်နှင့် ပတ်သက်၍ သွင်းကုန်ပစ္စည်းများ တင်သွင်းရာတွင် အာဆီယံအတွင်းမှ တင်သွင်းမှုနှင့် တခြားနိုင်ငံများမှ တင်သွင်းမှုများကို တန်းတူသဘောမျိုး အခြေအနေ ဖြစ်၊ မဖြစ် သိရှိရန်လိုကြောင်း နိုင်ငံခြားမှ ဆေးဝါးတင်သွင်းသည့် Golden Hawks International မှ ဒါရိုက်တာ ဦးမောင်မောင်ထွေးက ပြောသည်။

၎င်းက “လိုင်စင်လျှောက်ထားဖို့ မလိုတော့ဘူးလို့ ဆိုရင်တော့ ပစ္စည်းဈေးနှုန်းတွေ လျှော့ကျလာမှာပေါ့။ အာဆီယံနိုင်ငံအတွင်းက တင်သွင်းမှ ရမှာလား၊ အာဆီယံနိုင်ငံတွေမှ မဟုတ်ရင်ရော ဒီလိုပဲလုပ်ပေးမှာလား” ဟု ပြောသည်။

ပို့ကုန်သွင်းကုန် လုပ်ငန်းများအတွက် လိုင်စင်လျှောက်ထားရာတွင် ၂၀၁၃-၂၀၁၄ ခုနှစ်အထိ စာရွက်စာတမ်း အထောက်အထားများစွာ လိုအပ်ခဲ့ပြီး၊ လိုင်စင်ဆိုင်ရာ ကိစ္စများကိုလည်း နေပြည်တော်အထိ သွားရောက် တင်ပြရခြင်းများ ရှိကြရာ ယင်းသို့ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ရခြင်းကြောင့် အချိန်ကြန့်ကြာခြင်းနှင့် ငွေကုန်ကျစရိတ်များ ရှိခဲ့သည်။

ယင်းအခြေအနေနှင့် ပတ်သက်၍ မော်တော်ယာဉ် တင်သွင်းထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက “အချိန်ကုန်၊ ငွေကုန် သက်သာ သွားမှာပေါ့၊ နိုင်ငံတကာမှာလည်း လုပ်ဆောင်နေတာပဲ၊ အခုက စာရွက်စာတမ်း အမြောက်အများ ကုန်တယ်၊ သွားတင်နဲ့ အချိန်ကုန်တယ်” ဟု ပြောသည်။

လိုင်စင်လျှောက်ထားရာတွင် အွန်လိုင်းမှတဆင့် ဆောင်ရွက်နိုင်ပြီး လိုင်စင်ထုတ်ယူသည့် အချိန်တွင်သာ လာရောက်ထုတ်ယူ ရမည်ဖြစ်သည်။

“အွန်လိုင်းက ရာနှုန်းပြည့်တော့ မဖြစ်သေးဘူး။ ကုမ္ပဏီမှာ အင်တာနက်ရှိရင် အွန်လိုင်းကြေး တသောင်းသုံးထောင် သွင်းပေါ့။ အခက်အခဲက ထုတ်ရင်တော့ ကိုယ်တိုင်ထုတ်ရမှာ၊ လက်မှတ်ထိုးဖို့အတွက်ပါ” ဟု ဦးဝင်းမြင့် ကပြောသည်။

ကုန်သွယ်မှုလုပ်ငန်းများ လျှင်မြန်ချောမွေ့စေရေးအတွက် ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားရာတွင် ပို့ကုန်ပစ္စည်း ၁၅၂ မျိုး လိုင်းပေါင်း ၉၈၃လိုင်း၊ သွင်းကုန်ပစ္စည်း ၁၆၆ မျိုး လိုင်းပေါင်း ၂၀၇၉ လိုင်း ကို လိုင်စင်လျှောက်ထားရန် မလိုဘဲ ကင်းလွတ်ခွင့်ပြုထားသည်။

Loading