ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ ကျဆင်းလာသော်လည်း နိုင်ငံတကာ စက်သုံးဆီဈေးနှုန်း ကျဆင်းမှုအတိုင်း ချိန်ညှိရောင်းချနိုင်ရန် အခက်အခဲများ ရှိနေသေးကြောင်း စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များက ပြောဆိုသည်။
ပြည်တွင်းရှိ စက်သုံးဆီ ဈေးနှုန်းများအား တဖြည်းဖြည်း လျှော့ချခဲ့ရာ ယခုအချိန် ပေါက်ဈေးနှုန်း ဖြစ်သည့် အောက်တိန်း (Octane) နှင့် ဒီဇယ် ဈေးနှုန်းများကို ယခင် ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁ လီတာလျှင် ၂၀၀ ကျပ်ကျော်အထိ လျော့ကျသွားကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သိရသည်။
ထိုသို့ ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ လျော့ကျလာသော်လည်း နိုင်ငံတကာ စက်သုံးဆီ ဈေးနှုန်းအတိုင်း ကျဆင်းမှု မရှိခြင်းမှာ ပြည်တွင်း စက်သုံးဆီ တင်သွင်းသူများက ၎င်းတို့ တင်သွင်းကြသည့် စက်သုံးဆီများ သင်္ဘောတင်ချိန်နှင့် နိုင်ငံတကာဈေးနှုန်း အပြောင်းအလဲပေါ်တွင် ကြည့်၍ ဈေးလျှော့ရောင်းရန် ခက်ခဲသည့် အခြေအနေများ ရှိနေသည်ဟု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့်က ပြောသည်။
“ဆီသွင်းတဲ့အခါ သင်္ဘောတင်ပြီးပြီဆိုမှ ဈေးနှုန်းက သတ်မှတ်တာ။ ဈေးနှုန်းသတ်မှတ်ပြီး ၁၀ ရက် လောက်နေမှ ဆီက ဒီကို ရောက်လာရော။ တစည်ကို ဒေါ်လာ ၁၀၀ နဲ့ ဝယ်လာတာက သယ်လာတဲ့ ရက်အတွင်းမှာ နိုင်ငံတကာမှာ ဈေးနှုန်း ၉၀ ဖြစ်သွားတယ် ဆိုပါဆို့။ ဒါပေမယ့် ရောက်လာတဲ့ဆီက ၁၀၀ နဲ့ ဝယ်လာတဲ့ဆီ ဖြစ်နေတာမို့ ဘယ်သူမှ ချမရောင်းနိုင်ဘူး။ အားလုံးက ၁၀၀ နဲ့ပဲ တွက်ပြီး ရောင်းတယ်။ အမြတ်ကို နည်းနည်း လျှော့ရောင်းတယ်။ နောက်ဆုံး အရင်းပဲပေါ့။ အဲဒီအောက်ကို ချဖို့ရာကျတော့ ဘယ်သူက ရောင်းနိုင်မလဲ။ နောက်ထပ်ဆီက ထပ်မရောက်သေးဘူး။ အဲဒီလိုနဲ့ ထိန်းရောင်းနေကြတယ်” ဟု ဒေါက်တာ ဝင်းမြင့်က ဆိုသည်။
စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းကို မည်သူမဆို လွတ်လပ်စွာ ဝယ်ယူတင်သွင်းခွင့် ပြုခဲ့သည့် ၂၀၁၀ ခုနှစ် နောက်ပိုင်းမှ ယခုအချိန်အထိ ကုမ္ပဏီပေါင်း ၇၀ နီးပါးက ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချ နေကြကြောင်း သိရသည်။
စက်သုံးဆီ တင်သွင်းသူများအနက် လက်ကားဖြန့်ဖြူးရန် တင်သွင်းသူများ ရှိသကဲ့သို့ လက်လီဖြန့်ဖြူး ရောင်းချရန်အတွက် တင်သွင်းသော ကုမ္ပဏီများလည်း ရှိကြောင်း၊ အဆိုပါ ကုမ္ပဏီများမှာ ၁ လ၊ ၂ လစာ အပြည့် ဝယ်ယူတင်သွင်းလေ့ရှိရာ နိုင်ငံတကာ၌ စက်သုံးဆီဈေးနှုန်း ကျဆင်းမှု အပြောင်းအလဲမြန်သည့် အခြေအနေတွင် ပြည်တွင်း၌ လျော့ဈေးနှုန်းဖြင့် ရောင်းရသည့် အခြေအနေမှာ အခက်ခဲ ဖြစ်နေရကြာင်း စက်သုံးဆီ ရောင်းချနေသူများက ပြောသည်။
“ကျနော်တို့က လက်ကား ရောင်းတာ။ အဲဒီအတွက် တလထဲကို ကျနော်တို့က အကြိမ်ကြိမ် သွင်းတယ်။ လက်လီဆိုင်တွေ ကတော့ ၁ လစာ လိုအပ်ချက်ကို တခါတည်း သွင်းလိုက်တာ။ တလလုံးမှာ ၄၀ ရာခိုင်နှုန်းလောက် ကျသွားရင် ရှုံးသွားပြီ။ နည်းနည်းလေး ဈေးကို ထိန်းရောင်းရင်းနဲ့ပဲ နိုင်ငံခြားဈေးနဲ့ တအား ကွာတာမျိုးတွေ ဖြစ်လာတာပါ” ဟု လက်ရှိ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးနေသော လုပ်ငန်းရှင်တဦးက ပြောသည်။
ပြည်ပမှ ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းနေသည့် ပမာဏမှာ တလလျှင် ဒီဇယ် တန်ချိန် ၁ သိန်းခွဲမှ ၂ သိန်း အထိရှိပြီး ဓာတ်ဆီတန်ချိန်မှာ တလလျှင် တန်ချိန် ၅ သောင်းနှင့် ၇ သောင်း အကြား တင်သွင်းနေကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများ အသင်းမှ သိရသည်။
ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းများ ကျဆင်းနေချိန်တွင် ဒေါ်လာလဲလှယ်နှုန်း တန်ဖိုး မြင့်တက်လျက် ရှိပြီး ပြည်တွင်း ငွေလှဲလှယ်နှုန်းသည်လည်း မြင့်တက်လျက် ရှိနေသည်။ ပြည်တွင်း၌ ငွေလဲလှယ်နှုန်း မမြင့်တက်ပါက လက်ရှိ လျှော့ချသော စက်သုံးဆီ ဈေးနှုန်းထက် ပိုမိုလျော့ကျနိုင်ကြောင်း စက်သုံးဆီ လုပ်ငန်းရှင်တဦးက ပြောသည်။
“ဈေးနှုန်းတွေကို ၁၁ လပိုင်း လောက်ကစပြီး များများ လျှော့လိုက်တာပေါ့။ ဆီဈေး ပြန်ကျနေတဲ့အချိန် ဒေါ်လာဈေးက တထောင်ကျော် သွားတယ်။ ဒေါ်လာဈေးကျရင် ဒီထက် ပိုကျနိုင်တာပေါ့။ တချို့ကတော့ မပြောင်းနိုင်သေးဘူး။ အရင်ဈေးကြီးကြီးနဲ့ ဝယ်ထားသူတွေပေါ့” ဟု ပြောသည်။
ပြည်တွင်း၌ ဒေါ်လာနှင့် ကျပ်ငွေ လှဲလှယ်နှုန်းသည် စက်တင်ဘာလလယ်မှ စတင် မြင့်တက်ခဲ့ပြီး ယခုအချိန်တွင် ငွေလဲလှယ်နှုန်းမှာ တဒေါ်လာလျှင် ကျပ် တထောင်ကျော်မှ ပြန်လည် ကျဆင်းခြင်း မရှိသေးသည်ကို တွေ့ရသည်။