မြန်မာနိုင်ငံသည် စိုက်ပျိုးရေး ကဏ္ဍမှ ရရှိသော ဝင်ငွေပမာဏတွင် အိမ်နီးချင်း နိုင်ငံများ အကြား၌ အနိမ့်ဆုံး ရှိနေကြောင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန် ကြေညာ လိုက်သည်။
OECD ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍမှ ရရှိသော ဝင်ငွေအား တနိုင်ငံလုံးရှိ လူဦးရေအပေါ် မူတည်ပြီး တွက်ချက်ရာတွင် ပျမ်းမျှအားဖြင့် လူတဦးလျှင် တနှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၀ သာ ရရှိကြောင်း ပြောဆိုထားသည်။
OECD က မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်ချက် အတွဲ ၂ အဖြစ် ထုတ်ပြန်လိုက်သော အသေးစိတ် စိတ်ဖြာလေ့လာ သုံးသပ်မှုနှင့် အကြံပြုချက်များ အစီရင်ခံစာတွင် ထိုကဲ့သို့ ထည့်သွင်း ဖော်ပြထားခြင်း ဖြစ်သည်။
ထိုသို့ နိမ့်ကျနေသည့် အခြေအနေအပေါ် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က “အခုအချိန်က စိုက်ပျိုးရေးနဲ့ ပတ်သတ်ပြီး အများကြီးကို လိုအပ်နေတာပေါ့။ မနေ့က လည်ဆည် ဝန်ကြီးဌာနမှာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး ဦးဆောင်အဖွဲ့ အစည်းအဝေး လုပ်တယ်။ ဒီအစည်းအဝေးမှာ တောင်သူလယ်သမား ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေး နည်းဥပဒေကို ချပြတယ်ပေါ့။ အဲဒီအထဲမှာ ပါတာတွေကို လွှတ်တော်က အတည်ပြုပြီးလို့ အမြန် ဆောင်ရွက်နိုင်မယ် ဆိုရင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွေ ပြောင်းလဲလာနိုင်စရာ ရှိပါတယ်။ အခုဟာတော့ တော်တော်လေးကို နိမ့်ကျနေတဲ့ အနေအထားပါ” ဟု ပြောသည်။
လက်ရှိအချိန်၌ စိုက်ပျိုးရေး ကဏ္ဍသည် ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး GDP ၏ ၃၂ ရာခိုင်နှုန်း ရှိပြီး ပြည်ပပို့ကုန် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းသာ ရှိကြောင်းနှင့် အလုပ်အကိုင် ရရှိမှုတွင် ၆၀ ရာခိုင်နှုန်း အထိ ရှိပြီး မြင့်မားသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်စေရန် စီးပွားရေးကဏ္ဍကို တိုးမြင့်လုပ်ဆောင်ရန် လိုအပ်ကြောင်း အစီရင်ခံစာက ဆိုထားသည်။
စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု တိုးမြှင့်ရေးနှင့် တီထွင်စမ်းသပ်မှုများ မြှင့်တင်ရန်မှာ စိုက်ပျိုးရေး သုတေသနနှင့် ဖွံ့ဖြိုးမှု နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုကြီးမားစွာ ပြုလုပ်ရေးသည် အဓိက အခြေခံနေသည်ဟု အစီရင်ခံစာက အကြံပြု ထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်များအရ ဝ. ၅၂ ရာခိုင်နှုန်းသာ ရှိနေရာ ပြည်တွင်း လယ်ယာကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အားရစရာ အခြေအနေ လုံးဝမရှိသကဲ့သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၌ ဝင်ရောက်သည့် ပမာဏမှာလည်း ၁ ရာခိုင်နှုန်းပင် မရှိသည့် အခြေအနေ ဖြစ်နေသည်ကို တွေ့ရသည်။
“နိုင်ငံခြားက လာရောက် ရင်းနှီးမြှုပ်နှံဖို့ နေနေသာသာ၊ တိုင်းရင်းသားကတောင် မရင်းနှီး မမြှုပ်နှံဘူး ဖြစ်နေတာက လယ်ယာ ကဏ္ဍရဲ့ အားနည်းချက် တခုပဲပေါ့။ ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ ဆိုရင် ဆုံးရှုံးနိုင်ခြေများတဲ့ ကိစ္စကြောင့်ပေါ့” ဟု ဦးချစ်ခိုင်က ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍတို့တွင် ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုထားခြင်း မရှိဘဲ၊ အကန့်အသတ်များနှင့်သာ ခွင့်ပြုထားသည်။
ယခုလို အခြေအနေမျိုး၌ လယ်ယာကဏ္ဍတွင် နိုင်ငံတော်က ချေးငွေနှင့်ပတ်သတ်သည့် ပံ့ပိုးမှုများ အားကောင်းရန် လုပ်ဆောင်ပေးခြင်း၊ စက်မှုလယ်ယာ စက်ကိရိယာများ အရစ်ကျ စနစ်များဖြင့် လုပ်ဆောင်ပေးနိုင်ရေး၊ ပုဂ္ဂလိက ဘဏ်များမှ ချေးငွေပေးနိုင်ရေးတို့ လိုအပ်နေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။