ဘဏ္ဍာရေးနှင့် မြေရရှိနိုင်မှု နည်းပါးခြင်း၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှု အပါအဝင် အခြေခံအဆောက်အအုံ အားနည်းခြင်း၊ အကျင့်ပျက် ခြစားမှုနှင့် ကျွမ်းကျင်ဝန်ထမ်းအင်အား နည်းပါးမှုတို့သည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းတည်ထောင်ရန် ကြိုးစားနေသူတို့ ရင်ဆိုင်နေရသော အကြီးဆုံး အခက်အခဲများထဲတွင် ပါဝင်နေသည်။
ကမ္ဘာ့ဘဏ်က စီးပွားရေး လုပ်ငန်းများကို စစ်တမ်းကောက်ယူပြီး ထုတ်ပြန်ခဲ့သည့် အချက်အလက်များတွင် အဆိုပါ အခက်အခဲများကို မီးမောင်းထိုးပြနေသလို တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာစောင့်ကြည့်နေကြသူ အများစုက ပြောဆိုနေကြသည့် စိုးရိမ်ပူပန်မှုများကိုလည်း ပိုမိုထင်ရှားစေခဲ့၏။
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်းတွင် ကမ္ဘာ့ဘဏ်က ကုမ္ပဏီ ၆၃၂ ခုမှ ကိုယ်စားလှယ်များကို အကြောင်းအရာ ၁၅ ခုနှင့် ပတ်သက်သည့် မေးခွန်းများ မေးမြန်းခဲ့ပြီး တုံ့ပြန်မှုများ ရယူခဲ့သည်။ မေးမြန်းခဲ့သည့် အချက်များတွင် ဘဏ္ဍာရေး အခြေအနေမှသည် လူမှုရေး မတည်ငြိမ်မှု၊ အခွန်ကိစ္စ၊ နိုင်ငံရေး တည်ငြိမ်မှု၊ ဥပဒေရေးရာနှင့် ဗျူရိုကရေစီ ကြိုးနီစနစ်များအထိ ပါဝင်သည်။
“စီးပွားရေး ပတ်ဝန်းကျင် ၁၅ ခုထဲမှာ မြန်မာနိုင်ငံက ကုမ္ပဏီတွေဟာ သူတို့ရဲ့ နေ့စဉ်လုပ်ငန်း လည်ပတ်မှုတွေမှာ ဘဏ္ဍာငွေရရှိနိုင်မှုက အကြီးမားဆုံး အတားအဆီး ဖြစ်ဖွယ်ရှိပြီးတော့ အဲဒီနောက်မှာ မြေနေရာရရှိရေး၊ လျှပ်စစ်ဓာတ်အားနဲ့ ကျွမ်းကျင်အလုပ်သမား ရှားပါးတာတွေ ရှိနေပါတယ်” ဟု စစ်တမ်းကောက်ယူမှုတွင် သုံးသပ်ထားသည်။
ဘဏ္ဍာရေး အထောက်အပံ့ ရရှိနိုင်မှု ကင်းမဲ့ခြင်းက စီးပွားရေးလုပ်ငန်း အသစ်များအတွက် ဖွံ့ဖြိုးတိုးတက်ရေးတွင် အကြီးမားဆုံး စိန်ခေါ်မှုများ ထဲမှ တခုဖြစ်သည်။ မြန်မာနိုင်ငံသည် ဘဏ္ဍာရေး ဝန်ဆောင်မှုတွင် အာရှ-ပစိဖိတ် ဒေသတခုလုံးတွင် အားအနည်းဆုံး အဆင့်တွင် ပါဝင်နေသည်ဟု စစ်တမ်းက ဆိုသည်။
“လွှဲပြောင်းနိုင်တဲ့ငွေစာရင်း ဒါမှမဟုတ် စုငွေ စာရင်းရှိတဲ့ ကုမ္ပဏီ အချိုးက ၃၀ ရာခိုင်နှုန်းပဲ ရှိပါ တယ်။ ဒါက ဝင်ငွေနည်းတဲ့ နိုင်ငံတွေက ပျမ်းမျှ နှုန်းရဲ့ တဝက်ထက်နည်းပါတယ်။ ဘဏ်တွေကနေ တဆင့် ချေးငွေရရှိနိုင်မှုကလည်း ဆိုးဝါးနေဆဲဖြစ် ပါတယ်။ ဘဏ်ကနေ ချေးငွေရရှိတဲ့ ကုမ္ပဏီက ၇ ရာခိုင်နှုန်းပဲရှိပါတယ်။ ဒါက ဒေသတွင်း ဒါမှမဟုတ် ဝင်ငွေနည်းတဲ့ နိုင်ငံတွေကအဆင့်ရဲ့ ၅ ပုံ ၁ ပုံဖြစ် ပါတယ်။ ဘဏ်တွေရဲ့ ထောက်ပံ့မှုနဲ့ ရင်းနှီးမြှုပ်နှံ တာက ၂ ရာခိုင်နှုန်းထက် နည်းပါတယ်။ ဒေသတွင်း ပျမ်းမျှအဆင့်ရဲ့ ၁၀ ပုံ ၁ ပုံထက် နည်းနည်းလေးပဲ သာပါတယ်” ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
သို့သော်လည်း အကျင့်ပျက်ခြစားမှုတွင်မူ မြန်မာ နိုင်ငံက စစ်တမ်းကောက်ယူခဲ့သည့် အရှေ့အာရှနှင့် ပစိဖိတ်ဒေသမှ အခြားနိုင်ငံများထက် များစွာသာလွန် နေကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။
“မြန်မာ ကုမ္ပဏီ ၂ ခုမှာ ၁ ခုဟာ အခြေခံ အဆောက်အအုံတွေ အသုံးပြုခွင့်၊ ပါမစ်၊ လိုင်စင်နဲ့ အခွန်ကိစ္စတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းကိစ္စ ဆောင် ရွက်တဲ့ နေရာမှာ ၆ ကြိမ်မှာ အနည်းဆုံး ၁ ကြိမ် တော့ လာဘ်ငွေတောင်းခံခြင်းနဲ့ ကြုံတွေ့ရတယ်။ ပုဂ္ဂလိကကဏ္ဍမှာ တခြားဒေသတွင်း နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ဒီလိုဖြစ်ပွားမှု ၂ ဆနီးပါးရှိတာကို တွေ့ ရှိရပါတယ်” ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။
စစ်တမ်းကောက်ယူခဲ့သည့် ကုမ္ပဏီများ၏ ၅၆ ရာခိုင်နှုန်းက လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်း နိုင်ရန်အတွက် လက်ဆောင် သို့မဟုတ် ငွေကြေး ပေးရမည်ဟု ယူဆထားကြပြီး ၅၃ ရာခိုင်နှုန်းသော ကုမ္ပဏီများက သွင်းကုန်လိုင်စင်ရရှိရေး အတွက် အလားတူဆောင်ရွက်ရမည်ဟု ခံယူထားကြကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။
“ဒီစစ်တမ်းက လက်တွေ့ အခြေအနေမှာ ဘယ်လိုနားလည်ထားကြသလဲဆိုတာကို အနည်းနဲ့ အများဆိုသလို ဖော်ပြထားပါတယ်” ဟု မြန်မာ့စီးပွားရေး ကျွမ်းကျင်သူ ဩစတြေးလျ စီးပွားရေး ပညာရှင် Sean Turnell က ဧရာဝတီသို့ ပြောသည်။
“မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်းတခု စတင် ဖို့နဲ့ တာဝန်သိဖို့ အားလုံးမှာ ခက်ခဲတဲ့နေရာတခု ဖြစ် နေပါသေးတယ်။ အချို့နေရာတွေမှာလည်း အခြေခံ အချက်အများစု (စီးပွားရေးလုပ်ငန်းနဲ့ စီးပွားရေး စနစ်ကို အဆုံးအဖြတ်ပေးမယ့် လမ်း၊ တံတား အစ ရှိတဲ့ အခြေခံအဆောက်အအုံများ၊ လူသားအရင်း အမြစ်နဲ့ ၎င်းကိုပျိုးထောင်ပေးတဲ့ ကျောင်း၊ တက္ကသိုလ်တွေလို အခြေခံအဆောက်အအုံများ) ဟာ ပြုပြင် ပြောင်းလဲရေးအတွက် လုံလောက်မှု မရှိသေးတာကို စစ်တမ်းက မီးမောင်းထိုးပြခဲ့ပါတယ်” ဟု ဆစ်ဒနီ မြို့ရှိ Macquarie တက္ကသိုလ်မှ ပါမောက္ခတဦးလည်း ဖြစ်သူ Sean Turnell က ဆိုသည်။
“ဒီအခြေခံ အချက်တွေထဲမှာ ဘဏ္ဍာငွေရရှိ နိုင်ခွင့် အပါအဝင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့ အတွက် အဆင်ပြေချောမွေ့မှု သို့မဟုတ် သေချာမှု၊ စွမ်းအင်နဲ့ လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိမှု၊ ကျွမ်းကျင် ဝန်ထမ်းရရှိနိုင်မှု အစရှိတာတွေ ပါဝင်ပါတယ်။ ဒါတွေကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့အတွက် အချိန်ယူရဦးမှာကလည်း အခက်အခဲ တခုပါပဲ။ ဆယ်စုနှစ် ၅ ခုလောက် ဒီနေရာတွေကို လျစ်လျူရှု ထားခဲ့တဲ့အတွက် ပြန်လှည့်ဖို့ မလွယ်ကူပါဘူး။ ဒီ အခြေခံအချက်တွေကို ဖြေရှင်းဖို့ အရေးကြီးပါတယ်။ ဟန်ပြသက်သက်ပဲ မဖြစ်ရပါဘူး” ဟု သူကပြောသည်။
ရန်ကုန်အခြေစိုက် စင်ကာပူ စီးပွားရေး အတိုင်ပင်ခံ ကုမ္ပဏီတခုဖြစ်သည့် Consult-Myanmar က မြန်မာနိုင်ငံကို ကမ္ဘောဒီးယား၊ လာအို တို့နှင့် အတူ ဒေသတွင်းမှ ထိုင်းနှင့် မလေးရှားကဲ့သို့သော စီးပွားရေး ပိုမိုဖွံ့ဖြိုးနေသည့် နိုင်ငံများထက် ဥပဒေ စည်းကမ်းနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ အားနည်း မှုကို ပိုမိုတွေ့ရှိရသည့် ဈေးကွက်များအဖြစ် ဖော်ပြ ခဲ့သည်။
ကမ္ဘာ့ဘဏ်မှ လတ်တလော ထုတ်ပြန်ခဲ့သည့် အခြားလေ့လာမှုတခုဖြစ်သော “Doing Business 2015” တွင်လည်း အရှေ့တောင်အာရှ၏ နေရာ အများအပြားတွင် စီးပွားရေးပြဿနာများ ရှိနေသည်ကို အလွန်ရှင်းလင်းစွာ တွေ့မြင်နေရသည်ဟု ဖော်ပြထားသည်။
“စင်ကာပူနိုင်ငံက စီးပွားရေးလုပ်ငန်းလုပ်ကိုင် ဖို့အတွက် အလွယ်ကူဆုံးနိုင်ငံအဖြစ်နဲ့ ကမ္ဘာ့နံပါတ် ၁ နေရာမှာ ဆက်လက်ပြီး ရှိနေချိန်မှာ မဖွံ့ဖြိုးသေး တဲ့ စီးပွားရေးအဖြစ် သတ်မှတ်နိုင်တဲ့ ဒေသတွင်းက နေရာအများစုမှာတော့ အကျင့်ပျက်ခြစားမှု၊ အုပ်ချုပ် ရေးနဲ့ တရားဥပဒေစိုးမိုးရေး အားနည်းမှုတွေ ဆက် လက်တည်ရှိ ပျံ့နှံ့နေဆဲဖြစ်ပါတယ်” ဟု အဆိုပါ “Doing Business 2015” အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော်လည်း စင်ကာပူ စီပွားရေးလုပ်ငန်းရှင် Andrew Tan တည်ထောင်ထားသော Consult-Myanmar က မြန်မာ နိုင်ငံသည် ၎င်း၏ ငယ်ရွယ် သော နိုင်ငံသားအရေအတွက် များပြားမှု၊ လူလတ် တန်းစား ဖွံ့ဖြိုးလာနေမှုနှင့် ဗျူဟာမြောက်သည့် နေရာတွင်တည်ရှိမှုတို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ထား သည်။
Consult-Myanmar က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ လိုက်နာသင့်သည့် အခြေခံ စည်းမျဉ်းများကိုလည်း အကြံပြုထားရာတွင် ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်တွေ့ကျသော အချိန်အပိုင်း အခြားတခု ထားရှိရန်၊ ဒေသတွင်းမှ အလားအလာ ရှိသည့်သူများကို မြေတောင်မြှောက်ပေးရန်၊ လာဘ် ပေးလာဘ်ယူ တိုက်ဖျက်ရေး ဥပဒေများကိုချိုးဖောက် ခြင်း၏ အကျိုးဆက်များနှင့် ပတ်သက်၍ ပြည်တွင်း စီးပွားဖက်များကို ပညာပေးရန်၊ ခရိုနီစနစ် အကျင့် ပျက်ခြစားမှုနှင့် ဆက်နွှယ်နေသော စိန်ခေါ်မှုများ ကို နားလည်ရန် ဖြေရှင်းရန်၊ မှန်ကန်မှုမရှိသည့် လုပ်ဆောင်မှုများ၊ သဘောတူညီမှုများကို ဝေးဝေး ရှောင်ရှားရန်တို့ ပါဝင်သည်။
စီးပွားရေးစွန့်စားရမှု အကဲဖြတ်ရေး ကမ္ဘာ့အဆင့် အဖွဲ့အစည်း တခုဖြစ်သော Business Monitor International ၏ လတ်တလော လေ့လာအကဲဖြတ်မှု တခုတွင် “မြန်မာနိုင်ငံမှာ သတင်းအချက်အလက်နဲ့ စီးပွားရေးသတင်းတွေ အချိန်နဲ့ တပြေးညီရရှိနိုင်မှု ကင်းမဲ့နေသေးတာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို စီးပွားရေးရဲ့ စစ်မှန်တဲ့အလား အလာကောင်းတွေဆီက တားဆီးထားတဲ့ အဓိက အချက်ဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။
“အစိုးရရဲ့ စီးပွားရေး မူဝါဒတွေ ဦးတည်ချက် မသေချာတာကလည်း မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုအတွက် စွန့်စားရမှုတွေ ထပ် ပြီးတော့ ဖြစ်စေပါတယ်” ဟု အင်္ဂလန်အခြေစိုက် Business Monitor Internationa က ဆိုသည်။
ပြည်တွင်းနှင့် နိုင်ငံခြားကုမ္ပဏီများက ဝန်ထမ်းများကို လေ့ကျင့် သင်တန်းပေးရာတွင် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေကြသည်ဟု ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ငန်း စစ်တမ်းက တွေ့ရှိခဲ့သည်။
“ကုမ္ပဏီတွေထဲက ၁၅ ရာခိုင်နှုန်းကပဲ ဒီလို လုပ်ကြတယ်။ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ ပျမ်းမျှရဲ့ ၃ ပုံ ၁ ပုံ နီးပါးနဲ့ ဝင်ငွေနည်း စီးပွားရေး တွေမှာ ပျမ်းမျှရဲ့ တဝက်နီးပါး လုပ်ကြပါတယ်” ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
အောင်မြင်သော စီးပွားရေးလုပ်ငန်းများ တည် ထောင်ရန် အဟန့်အတားဖြစ်စေသော အခက်အခဲ များ ရှိနေသော်လည်း ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ ဆက်လက်လုပ်ဆောင်နေသည့် ပြုပြင်ပြောင်းလဲရေး ကြောင့် တိုးတက်မှုများနှင့် ပတ်သက်၍ အသိအမှတ် ပြုခဲ့ပါသည်။
“၂၀၁၁ ခုနှစ်ကစပြီးတော့ အစိုးရက ဆက် တိုက် လုပ်ဆောင်ခဲ့တဲ့ မူဝါဒပြုပြင် ပြောင်းလဲမှုတွေ နောက်ပိုင်းမှာ မြန်မာနိုင်ငံက ပုဂ္ဂလိက ကုမ္ပဏီတွေ ရဲ့ ရောင်းချရမှုက သိသိသာသာ တိုးတက်လာခဲ့တယ် လို့ သိရပါတယ်” ဟု စစ်တမ်းကဆိုသည်။
“စီးပွားရေးလုပ်ငန်း စစ်တမ်းရဲ့ တိုင်းတာမှုအရ နှစ်စဉ်ရောင်းချရမှု ၂၄ ရာခိုင်နှုန်း တိုးတက်လာတာ က မြန်မာနိုင်ငံကို အလျင်မြန်ဆုံး တိုးတက်လာနေတဲ့ ပုဂ္ဂလိက ကဏ္ဍတွေထဲကို ပို့ဆောင်ပေးခဲ့တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ အရေးကြီးတာက ခက်ခဲမှုတွေ ရှိနေပေမယ့် ဒီလို အရောင်းသိသိသာသာတိုးတက် လာခြင်းက အခြားသော ပြုပြင်ပြောင်းလဲရေးတွေ ရှိမှသာလျှင် ဆက်လက်တိုးတက်မှုတွေရလာနိုင်မယ် ဆိုတာကို ပြသနေခြင်းဖြစ်တယ် ဆိုတာပါပဲ”