ကျောက်စိမ်းနှင့် ပတ္တမြားမှသည် ကြေးနီနှင့် ကျောက်မီးသွေးအထိ တွင်းထွက်ပစ္စည်းများ ပေါများသည့် မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေးတံခါး ဖွင့်လိုက်သည့် အချိန်တွင် မိုင်းတွင်းကဏ္ဍ အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဦးတည်သွားရမည် ဖြစ်ပါသည်။ သို့သော်လည်း ကာလရှည်ကြာ ရှိခဲ့သည့် ပြည်တွင်းစစ်နှင့် ပွင့်လင်းမြင်သာမှု မရှိသည့် လုပ်ထုံးလုပ်နည်းများက အားလုံးနီးပါးကို အဟန့်အတား ဖြစ်နေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု များမှာလည်း ၄၉ နှစ်ကြာ မြင့်ခဲ့သော စစ်အုပ်ချုပ်ရေးက အတားအဆီးဖြစ်စေခဲ့ ပြီး ၂၀၁၁ ခုနှစ်တွင် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားခဲ့၍ ပြုပြင်ပြောင်းလဲရေးဝါဒီ အရပ်သားအမည်ခံ အစိုးရ အာဏာရရှိလာပြီး နောက်မှာမှ ရင်းနှီးမြှုပ်နှံသူများကို စတင်ဆွဲဆောင်လာခဲ့သည်။
လုံခြုံရေးနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက် အခဲများကို စိုးရိမ်နေရဆဲ ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ သတ္တုတူးဖော်ရေး လုပ်ငန်းကဏ္ဍတွင် လုပ်ကိုင်ရန် နိုင်ငံခြားကုမ္ပဏီ ၆၉ ခု မှတ်ပုံတင်ထားပြီးဖြစ်ကာ ၁၁ ခုက လုပ်ငန်းများ လုပ်ကိုင်နေပြီ ဖြစ်သည်။
၎င်းတို့ထဲမှ Asia Pacific Mining Ltd (APML) သည် တည်ငြိမ်မှုမရှိသေးသည့် ရှမ်းပြည်နယ်တွင် စတုရန်းမိုင် ၂၅၀ အကျယ်အဝန်းရှိသည့် နေရာတွင် ရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်ပြုချက်လိုင်စင် ရရှိထားပြီးဖြစ်သည်။ ခဲ၊ သွပ်နှင့် ငွေသတ္တုသိုက်များ ရှာဖွေတွေ့ရှိနိုင်ရန်လည်း ၎င်းကုမ္ပဏီက မျှော်လင့်ထားသည်။
ရှာဖွေရေးလုပ်ငန်း၏ ပထမလတွင် ငွေ၊ ခဲနှင့် သွပ်သတ္တုရိုင်း ဆာလ်ဖိုဒ်များ အမြောက်အမြား ရှာဖွေတွေ့ရှိခဲ့သည်ဟု APML က ဇန်နဝါရီလ ၅ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။ ဧပြီလမတိုင်မီ ရှာဖွေတူးဖော်မှုများ စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်ဟုလည်း ဆိုသည်။
APML လုပ်ပိုင်ခွင့်ရရှိသော နေရာသည် ဘော်တွင်းမိုင်း ပတ်ဝန်းကျင်တွင်ဖြစ်ပြီး အမှုဆောင် အရာရှိချုပ် Andrew Mooney ၏ အဆိုအရ ထိုနေရာသည် ၁၉၃၀ နှစ်များအတွင်းက ခဲနှင့် သွပ်များထွက်ရှိရာ ကမ္ဘာ့အကြီးဆုံး အရင်းအမြစ် ဖြစ်ခဲ့သည်။
အလားအလာကောင်းများ ရှိနေလင့်ကစား မြန်မာနိုင်ငံမှ စွန့်စားရမှုများသည် မကြာမီ ရောက်လာတော့မည့် ကုမ္ပဏီကြီးများ၏ ရင်းနှီးမြှုပ်နှံမှု၏ အတားအဆီး ဖြစ်ကောင်း ဖြစ်လာနိုင်သည်ဟု Andrew Mooney က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံဟာ ၁၉၆၀ နှစ်တွေကတည်းက ပျောက်ကွယ်နေခဲ့ပါတယ်။ အရှေ့တောင် အာရှမှာတော့ အင်ဒိုနီးရှားနိုင်ငံဟာ သတ္တုတူးဖော်ရေး လုပ်ငန်းမှာ အင်အားအကောင်းဆုံးပါပဲ။ မြန်မာနိုင်ငံက ဒါကို ကျော်တက်သွားနိုင်မယ့် အလားအလာတွေ ရှိနေတယ်လို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။
သတ္တုဈေးနှုန်းများ ကျဆင်းနေခြင်းက အတားအဆီး အနည်းငယ် ဖြစ်နိုင်ပါသည်။ ၂၀၁၁ ခုနှစ်မှ စ၍ ငွေဈေး ၃ ပုံ ၂ ပုံကျသွားခဲ့ပြီး သွပ်ဈေးလည်း ထိုအချိန်မှစ၍ ၂၀ ရာခိုင်နှုန်းနီးပါး ကျခဲ့သည်။
မြန်မာအစိုးရဘက်ကလည်း ၎င်း၏ သတ္တုကြွယ်ဝမှုနှင့် ပတ်သက်၍ ရှင်းလင်းတိကျသော ကိန်းဂဏန်းများ ထုတ်ပြန်ပေးနိုင်ခြင်း မရှိသလို ၁၉၈၉ ခုနှစ်မတိုင်မီ အဆိုပါကဏ္ဍ၏ တန်ဖိုးနှင့် ပတ်သက်၍လည်း အချက်အလက်များ ထုတ်ပေးနိုင် ခြင်း မရှိပါ။ စစ်အုပ်ချုပ်ရေး လက်အောက်တွင် တံခါးပိတ်နေခဲ့ခြင်းနှင့် နိုင်ငံတကာ၏ ဒဏ်ခတ် ပိတ်ဆို့မှုများက ရှာဖွေရေးလုပ်ငန်းများကို ထိခိုက် နစ်နာစေခဲ့သည်။
၁၉၈၉ ခုနှစ်မှစ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၆ ဘီလီယံ (တနှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၁၄ သန်း ခန့်) ရှိခဲ့သော သတ္တုတူးဖော်ရေး ကဏ္ဍသည် ကျောက်မီးသွေး နိုင်ငံခြားတင်ပို့မှု တခုတည်းကပင် လက်ရှိအချိန်တွင် ဈေးနှုန်းများ ကျဆင်းနေသော်လည်း တနှစ်လျှင် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကျော် ရရှိနေသည့် အင်ဒိုနီးရှားနိုင်ငံနှင့် နှိုင်းယှဉ်လျှင် အလွန်သေးငယ်နေပါသည်။
အနည်းငယ်သာ လုပ်ဆောင်ပြီးစီးခဲ့သည့် ကွင်းဆင်းတိုင်းတာမှုက ကြီးမားသော အရင်းအမြစ် ရှိနေကြောင်း ဖော်ပြနေပါသည်။ “သတ္တုသိုက်တွေရဲ့ အရွယ်အစားအရ ဆုံးဖြတ်မယ်ဆိုရင် တွင်းထွက်သိုက်တွေကြောင့် ကြီးပွားချမ်းသာနိုင်မယ့် နိုင်ငံတခု လို့မျှော်လင့်ရပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အတိုင်ပင်ခံ လုပ်ငန်းတခုဖြစ်သည့် Oxford Business Group က ၎င်းတို့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၂၀၁၄ ခုနှစ် အစီရင်ခံစာတွင် ပြောကြားခဲ့သည်။
ယခုအချိန်အထိ မြန်မာနိုင်ငံသည် စွန့်စားရမှု မြင့်မားသည့် ရင်းနှီးမြှုပ်နှံမှုများတွင် ကျွမ်းကျင်သော တွင်းထွက်ရှာဖွေရေး ကုမ္ပဏီငယ်လေးများ၏ နေရာ ဖြစ်သေးသည်။
အစိုးရ စစ်တပ်နှင့် လူနည်းစု တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အများအပြားကြားမှ ပဋိပက္ခ များကလည်း ၁၉၅၀ နှစ်များကတည်းက မြန်မာနိုင်ငံ တွင် ဖြစ်ပွားနေခဲ့ပြီး သတ္တုအရင်းအမြစ် အများစုက လည်း တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ် ထားသည့် ဒေသများတွင် ရှိနေသည်။ တိုင်းရင်းသား လက်နက်ကိုင်များက ငြိမ်းချမ်းရေး သဘောတူညီချက် များ၏ တစိတ်တပိုင်းအဖြစ် ၎င်းတို့ကို ခွဲဝေရယူရန် ဆန္ဒရှိနေကြသည်။
အောက်တိုဘာလအတွင်းက လုပ်ပိုင်ခွင့် ရရှိ ကြောင်း ကြေညာပေးခဲ့ပြီး ၃ ရက်အကြာတွင် APML လုပ်ပိုင်ခွင့်ရရှိထားသည့် နေရာအနီးတဝိုက်တွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်ဟုလည်း သိရသည်။
ယခုလ အစောပိုင်းကလည်း တရုတ်ကုမ္ပဏီနှင့် မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတခုတို့က ပိုင်ဆိုင်သော မြန်မာနိုင်ငံအလယ်ပိုင်း လက်ပံတောင်းမှ သတ္တုတွင်း တခုတိုးချဲ့ခြင်းကို ဆန့်ကျင်ဆန္ဒပြကြသော ကျေးလက် ပြည်သူများနှင့် ရဲအဖွဲ့တို့ ပဋိပက္ခဖြစ်ပွားရာမှ အမျိုး သမီးတဦး သေဆုံးခဲ့ပြီး ပြည်သူ ၁ ဒါဇင်ခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ရသည်။
ဥပဒေ အတားအဆီးများကလည်း ပြဿနာ တခုဖြစ်သည်။ သတ္တုတွင်း ဥပဒေသစ်တခုကို လွှတ် တော်တွင် ဆွေးနွေးနေခဲ့သည်မှာ ၁ နှစ်ကျော်ရှိခဲ့ပြီ ဖြစ်သည်။ ဥပဒေကြမ်း၏ မူလအခြေအနေတွင် ရင်းနှီးမြှုပ်နှံသူများကို စိတ်ဝင်စားလာအောင် လှုံ့ဆော်နိုင်ခြင်း မရှိပါ။
အဆိုပါဥပဒေကြမ်းက ကုမ္ပဏီများ တိုးတက်လာရေးနှင့် ရှာဖွေရေးမှတဆင့်တွေ့ရှိသည့် သတ္တုများကို ပိုင်ဆိုင်နိုင်ရေးအတွက် အာမခံချက်ပေးထား ခြင်းမရှိဟု Rio Tinto Group မှ အမှုဆောင်ဟောင်း တဦးဖြစ်ပြီး ယခုအခါ Myanmar Centre for Responsible Business ၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသည့် Vicky Bowman က ပြောသည်။
“ဥပဒေက လွှတ်တော်ထဲမှာပဲ ရှိပါသေးတယ်။ ကော်မတီအမျိုးမျိုး လက်ထဲကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိဥပဒေကြမ်းကို ကျင့်သုံးမယ်ဆိုရင် ဒီကဏ္ဍကို နိုင်ငံတကာအဆင့်နဲ့အမီ မြှင့်တင်ပေး နိုင်မယ့် အခွင့်အရေးတရပ်ကို ဖြုန်းတီးပစ်ခဲ့ပြီလို့ ပြည်သူတွေက သတိထားမိနေကြပြီလို့ ထင်ပါတယ်” ဟု Vicky Bowman က ရှင်းပြသည်။