မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်ဆန်တင်ပို့မှုကို အသင်းအဖွဲ့များအပေါ်တွင် အခြေခံထားသည့် အများပိုင်ကုမ္ပဏီ ၉ ခုဖြင့် စတင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့မှု ရရှိရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးရေးနှင့် ပိုးမွှားကွပ်ကဲရေး အာဏပိုင်အဖွဲ့အစည်း (AQSIQ) နှင့် ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုကဲ့သို့ ကုမ္ပဏီ ၉ ခုဖြင့် စတင် တင်ပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေါက်တာ စိုးထွန်းက “ဒီ ၉ ခုကပဲ ချုပ်ကိုင်ပြီးပို့မှာ မဟုတ်ပါဘူး။ ဒီ ၉ ခုကနေ နာမည်ခံပြီး အောက်မှာ ကုမ္ပဏီငယ်တွေ၊ အသေးစားလုပ်ငန်းတွေ ပါဖို့ စီစဉ်ထားပါတယ်။ အားလုံးပါဝင်နိုင်ဖို့ အသင်းအဖွဲ့တွေကို အခြေခံထားတဲ့ အများပိုင်ကုမ္ပဏီ ၉ ခုပါ” ဟု ပြောသည်။
မြန်မာဘက်မှ တရုတ်နိုင်ငံဘက်သို့ ဆန်တရားဝင်တင်ပို့ရန် ကနဦးတင်ပြခဲ့သော ကုမ္ပဏီများမှာ စုစုပေါင်း အရေအတွက် ၁၀၀ နီးပါးအထိ ရှိခဲ့ကြောင်း၊ သို့သော် တရုတ်နိုင်ငံ AQSIQ အဖွဲ့အစည်းဘက်မှ အစဦးဆုံး တင်ပို့မှုတွင် စစ်ဆေးမှုများပိုမို အဆင်ပြေရန် ကုမ္ပဏီအနည်းငယ်ခန့်နှင့်သာ စရန် ညှိနှိုင်းခဲ့သဖြင့် ယခုကဲ့သို့ ၉ ခုဖြစ်သွားရသည်ဟု တရုတ်နိုင်ငံသို့ ယခုလအတွင်း သွားရောက်ညှိနှိုင်းမှုတွင် ပါဝင်ခဲ့သည့် စိုက်ပျိုးရေးပညာရှင် ဒေါက်တာ မျိုးအောင်ကျော်က ပြောသည်။
၎င်းက “ကျနော်တို့ AQSIQ နဲ့ တွေ့တဲ့အခါ ဒီဘက်ကတင်ပို့မယ့် ကုမ္ပဏီတွေ မှတ်ပုံတင်ရမယ့် အပိုင်းပေါ့။ စစချင်း ဒီဘက်က တင်တာက ကုမ္ပဏီ ၁၀၀ လောက် ရှိတယ်။ သူတို့ဘက်က ဒါကိုများတယ်ပေါ့။ စစချင်းလုပ်ငန်းတွေ စစ်ဆေးမှုတွေ အဆင်ပြေဖို့ဆိုရင် ၁၀ ခုလောက်နဲ့စပါ ပြောလာပါတယ်။ ကျနော်တို့ဘက်မှာလည်း ၁၀ စုနှစ်များစွာ အရည်အသွေး နိမ့်ကျခဲ့တော့ သူတို့နဲ့ လိုက်လျောညီထွေဖြစ်ဖို့ အခက်အခဲတွေ ရှိပါတယ်” ဟု ပြောသည်။
လက်ရှိတင်ပို့ခွင့်အတွက် လုပ်ဆောင်သွားမည့် ကုမ္ပဏီ ၉ ခုမှာ မြန်မာ့လယ်ယာစီးပွား အများပိုင်ကော်ပိုရေးရှင်း MAPCO၊ မြန်မာနိုင်ငံဆန်စက်အသင်းမှ ဖွဲ့စည်းထားသော Myanmar Rice Mail ကုမ္ပဏီ၊ မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်းမှ ဖွဲ့စည်းထားသော FRP ကုမ္ပဏီ၊ ကုန်သည် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တည်ထောင်ထားသော Golden Land East Asia ကုမ္ပဏီ၊ မန္တလေး ဆန်လုပ်ငန်းရှင်များ ထောင်ထားသော MRDC ကုမ္ပဏီ၊ ဘုရင်နောင်လုပ်ငန်းရှင်များ ဖွဲ့စည်းထားသေ ာကုမ္ပဏီ၊ ဧရာဝတီတိုင်းမှ လုပ်ငန်းအခြေပြု ဧရာပုသိမ်ကုမ္ပဏီ၊ မူဆယ် ဆန်လုပ်ငန်းရှင်များ ထောင်ထားသော SPRDC ကုမ္ပဏီနှင့် ရခိုင် ဆန်စပါးကုမ္ပဏီတို့ ဖြစ်သည်။
ယခုကဲ့သို့ ကုမ္ပဏီများ မှတ်ပုံတင်ခြင်း လုပ်ငန်းအား ဦးစွာလုပ်ဆောင်နေစဉ် တခြား အရည်အသွေး စစ်ဆေးရေးပိုင်း ဆိုင်ရာများ လုပ်ဆောင်ရန် ကျန်ရှိနေသေးသဖြင့် အမှန်တကယ် တရားဝင် ဆန်တင်ပို့နိုင်မည့် အချိန်မှာ လာမည့် ဧပြီလလောက်မှ စတင်နိုင်မည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။
၎င်းက “ကျနော်တို့ဘက်က ကုမ္ပဏီစာရင်းကို ရွေးချယ်ပေးဖို့ရှိတယ်ပေါ့။ သေချာတာကတော့ ဖေဖော်ဝါရီ လကုန်ဆိုရင် အားလုံး အပြီးသတ်လောက်ပြီ။ မတ်လဆိုရင် သူတို့ဘက်က ကိုယ်စားလှယ်အဖွဲ့လာပြီး တရုတ်-မြန်မာ ၂ နိုင်ငံ ဆန်ဝယ်သူရောင်းသူ တွေ့မယ့် Networking Seminar လုပ်ဖို့ စီစဉ်ထားတယ်။ သူတို့်ဆီမှာလည်း အခုချိန်က ဆန်ပေါ်နေတာနဲ့ဆိုတော့ ဒီဘက်က တကယ်ပို့နိုင်မှာက ဧပြီနဲ့ မေလလောက်မှာပါ” ဟု ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ်အတွက် ပြည်ပပို့ ထားသည့် ဆန်တန်ချိန်ပေါင်းမှာ ၉ သိန်းကျော်သွားပြီ ဖြစ်ကြောင်း ဆန်ကွဲတင်ပို့မှုနှင့် ပေါင်းပါက တန်ချိန်စုစုပေါင်း ၁ ဒသမ ၁သန်း ရှိသွားပြီဖြစ်ကြောင်း၊ ယင်းအထဲတွင် တရုတ်နိုင်ငံသို့ တင်ပို့မှုက အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။