ပြည်တွင်း ဘဏ္ဍာရေး ဝန်ဆောင်မှုတွင် ချေးငွေစုစုပေါင်း၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ကျေးလက်ဒေသက ရရှိနေပြီး ချေးငွေအများစုမှာ မြို့ပြနေ လူထုက ရရှိနေကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (OECD) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကျေးလက်ဒေသသည် ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု တန်ဖိုး GDP ၏ ၃၀ ရာခိုင်နှုန်းရှိပြီး၊ အလုပ်အကိုင် ရရှိနေမှုတွင် ၃ ပုံ ၂ ပုံ ဖြစ်နေသော်လည်း၊ ချေးငွေ ရရှိသည့် ပမာဏမှာ နည်းပါးနေသဖြင့် ကျေးလက်ဒေသတွင် ဘဏ်လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့မှုကို အလျင်အမြန် လုပ်ဆောင်ရန် လိုအပ်ကြောင်း (OECD) ၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ ပြန်လည်သုံးသပ်ချက် အစီရင်ခံစာတွင် အကြံပြုထားသည်။
ကမ္ဘောဇဘဏ် အကြံပေး ဦးသန်းလွင်က “ဘဏ်လုပ်ငန်းတွေက နေရာတိုင်း မရောက်သေးဘူး။ အလွန်ဆုံးရှိ ၂၀ ရာခိုင်နှုန်းလောက်ပေါ့။ ဒါတွေ ကျယ်ပြန့်အောင် လုပ်ရဦးမှာ။ အစိုးရရော ပုဂ္ဂလိကရော အကုန်ပေါင်းပြီး လုပ်ရမှာတွေ အများကြီးပဲ။ ချေးငွေပိုင်းမှာ အစိုးရက ပြည်ပကနေ သက်သက်သာသာနဲ့ ယူပေးနိုင်ရင်တော့ ကောင်းတာပေါ့။ အခြေခံ အဆောက်အအုံကောင်းအောင် လုပ်ပေးရမယ်။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့ မြေးဈေးကျအောင် လုပ်ပေးပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ဘဏ်ပေါင်း ၃၀ နီးပါးရှိရာတွင် ဘဏ်ခွဲပေါင်း ၂၀၀ ကျော်ရှိသည့် ဘဏ်များမှာ ကမ္ဘောဇဘဏ်နှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်ပြီး တခြားဘဏ်များမှာ ဘဏ်ခွဲ ၁၀၀ အောက် နှင့် အကန့်အသတ်ဖြင့်သာ ဝန်ဆောင်မှု ပေးနိုင်နေသည့် ဘဏ်များသာ ရှိနေသည်။
လက်ရှိတွင် ကျေးလက်ဒေသများသို့ အဓိက ဝန်ဆောင်မှု အများဆုံး ပေးနေသည့်ဘဏ်မှာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ဖြစ်ပြီး အစိုးရ ချေးငွေများကို တောင်သူလယ်သမားများသို့ နှစ်စဉ်ချေးငွေများ ထုတ်ပေးလျက်ရှိသည်။
ချေးငွေပေးရာတွင် မိုးရာသီ ချေးငွေ၊ ဆောင်းရာသီ ချေးငွေနှင့် မိုးကြို ချေးငွေ ဟူ၍ တနှစ်လျင် သုံးကြိမ် ထုတ်ချေးပေးနေပြီး တနှစ်လျှင် ချေးငွေအတိုးနှုန်းမှာ လက်ရှိအချိန်တွင် ၅ ရာခိုင်နှုန်းသာ ယူကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၏ လက်ထောက် အထွေထွေမန်နေဂျာ ဒေါ်နီလာရွှေက ပြောသည်။
“ဒီနှစ်အတွက် မိုးချေးငွေက ထုတ်ချေးပြီး သွားပါပြီ။ ဆောင်းချေးငွေ အဖြစ် မနေ့က အထိ ၁၀၈ ဒသမ ၇၂ ဘီလီယံကျပ် ချေးထားတယ်။ ဒီနှစ်ဆောင်ချေးငွေကို ၂၁၅ ဘီလီယံကျပ် ချေးဖို့နဲ့ မိုးကြို ချေးငွေကို ၅၀ ဘီလီယံ ချေးဖို့ ရန်ပုံငွေ ရထားပါတယ်” ဟု ဒေါ်နီလာရွှေက ပြောသည်။
မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်က ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ချေးငွေ စုစုပေါင်း ဘီလီယံ ကျပ် ၁ ထောင်ကျော် ထုတ်ချေးပေးခဲ့ပြီး ယခုနှစ် ပိုမိုထုတ်ချေးမည်ဟု ၎င်းက ဆိုသည်။
အစိုးရ ချေးငွေကို မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကတဆင့် တောင်သူများသို့ ထုတ်ချေးပေးနေသည်မှာ စပါးစိုက် တောင်သူဖြစ်ပါက ၁ ဧကလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် ၁၀ ဧကစာကို အများဆုံး ထုတ်ချေးပေးကြောင်း၊ အခြားသီးနှံများ ဖြစ်သည့် ပဲ၊နှမ်း စသည်ဆိုလျှင် တဧကလျှင် ကျပ် ၂ သောင်းနှုန်းဖြင့် ထုတ်ချေးပေးနေကြောင်း သိရသည်။