ယခုအစိုးရ လက်ထက်တွင် ခွင့်ပြုခဲ့သော ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်များနှင့် တခြားစွမ်းအင် စီမံကိန်းများ အားလုံးကို ပြည်တွင်းစွမ်းအင် ဖူလုံရေးအတွက်သာ အဓိက ဦးစားပေးသွားမည်ဖြစ်ပြီး ပိုလျှံမှသာ ပြည်ပ ရောင်းချသွားမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောသည်။
နိုဝင်ဘာ ၂၁ ရက်နေ့က လှိုင်သာယာမြို့နယ်တွင် ပြုလုပ်ခဲ့သော အသေးစား၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက “စွမ်းအင် ထွက်သမျှကို ပြည်တွင်းသုံးကိုသာ ပြည့်အောင် ဖြည့်တင်းမယ်ဆိုတဲ့ မူနဲ့သွားနေပါတယ်။ ဒါကြောင့် နိုင်ငံမှာ သဘာဝဓာတ်ငွေ့ ရေနံနဲ့ ထွက်သမျှ ထုတ်လုပ်မှုမှန်သမျှ အားလုံးသည် ပြည်တွင်းဖြည့်ဆည်းမှုကိုသာ အဓိကထားမယ်။ ပြည်တွင်းမှာ ပိုလျှံရင်တောင်မှ Raw (ကုန်ကြမ်း) အတိုင်း အပြင်ကို ထုတ်ရောင်းမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
စွမ်းအင်ဝန်ကြီးဌာန၏ တာဝန်တွင် ပြည်တွင်းတွင် လုပ်ကိုင်လျှက်ရှိသော အသေးစားနှင့် အလတ်စား လုပ်ငန်းများကို အထောက်အပံ့ဖြစ်ရေး လုပ်ဆောင်ရန် အချက်ပါရှိသော်လည်း လက်ရှိတွင် လုပ်ကိုင်မပေးနိုင်သေးကြောင်း သိရသည်။
ဦးဇေယျာအောင်က “အသေးစား အလတ်စားတွေကို အစိတ်အပိုင်းတခု အနေနဲ့ ထောက်ပံ့မှုပေးရမယ် ဆိုပေမယ့် လက်ရှိ အချိန်အထိ အင်မတန်သေးငယ်တဲ့ အစိတ်အပိုင်း တခုလောက်ပဲ ဖြည့်တင်းနိုင်တာပါတယ်။ ဆိုလိုတာတော့ စက်မှုလုပ်ငန်းသုံး သဘာဝဓာတ်ငွေ့ ဖြည့်တင်းပေးရမှာတို့၊ ကျန်တဲ့အစိတ်အပိုင်းသုံး ဓာတ်ငွေ့ ဖြည့်တင်းပေးရမှာတို့ ဒါတွေဟာ အစိတ်အပိုင်းသေးသေးပဲ ပါပါတယ်” ဟု ပြောသည်။
ယခုအချိန်တွင် နိုင်ငံပိုင် စက်ရုံ အလုပ်ရုံကြီးများကိုသာ စွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနေသော အခြေအနေဖြစ်ကြောင်း သိရသည်။
အစိုးရအနေဖြင့် ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ကို ယခင်အစိုးရ လက်ထက်တွင် ပြည်ပသို့ စာချုပ်ချုပ်ဆို ရောင်းချထားပြီး ယခုအချိန်တွင် ပြည်တွင်းစက်ရုံ အလုပ်ရုံများ လိုအပ်ချက်ကို ရောင်းချနိုင်ခြင်း မရှိသည့် အနေအထားဖြစ်သည်။
ပြည်တွင်း လုပ်ငန်းရှင်များက ရောင်းချရန် အစိုးရတာဝန်ရှိသူများသို့ တင်ပြ တောင်းဆိုမှုများ ရှိသော်လည်း လက်ရှိအချိန်အထိ ရောင်းချနိုင်ခြင်း မရှိပေ။
ယင်းအခြေအနေကို လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က “အရင်ကတည်းက တောင်းခဲ့တာ၊ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းကပေါ့။ ထိုင်းက အခုစစ်အစိုးရတော့ မသိဘူး။ (ထိုင်းဝန်ကြီးချုပ်ဟောင်း) ယင်းလတ် လက်ထက်ကတော့ ဂတ်စ်ကို လိုချင်ရင် ကြိုပြောပါပေါ့။ ပြန်ပေးမယ်လို့ ပြောတယ်။ ဘန်ကောက်ရဲ့ ၆၀ ရာခိုင်နှုန်းက မြန်မာပြည်က ယူသုံးနေတာပဲ။ အန်ကယ်တို့က ဒီအတွက် ဝယ်မယ်ဆိုရင် ပိုက်ဆံနဲ့ပေးမယ်ပေါ့။ ဒေါ်လာနဲ့ဆိုလည်း ဒေါ်လာပေးမှာပဲ” ဟု ပြောသည်။
စက်မှုဇုန်များမှာ စတည်ထောင်သည့် အချိန်မှစ၍ လျှပ်စစ်မီး အပြည့်အ၀ မရရှိခဲ့ကြောင်း၊ ယခုအချိန်တွင် ပိုမို ရရှိလာသော်လည်း လျှက်စစ်မီး မရသည့်အခါ ဒီဇယ်နှင့် လည်ပတ်ကျရာ တယူနစ်နှုန်း ၃၀၀ ကျပ် နီးပါးကျသည့် အခြေအနေဖြစ်ကြောင်း၊ ဂတ်စ်နှင့် ဇုန်များတွင် လျှပ်စစ်ပေးထုတ်လုပ်ပါက တယူနစ်လျှင် ၁၀၀ ဝန်းကျင်သာ ကုန်ကျစရိတ် ရှိမည်ဖြစ်ပြီး စက်ရုံများ အချိန်ပြည့် လည်ပတ်နိုင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။
အစိုးရသစ် လက်ထက်တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာလနှင့် ၂၀၁၄ မတ်လတို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက် ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက် စုစုပေါင်း ၃၆ ကွက်ကို ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့်ပေးခဲ့သည်။ သို့သော် အဆိုပါ လုပ်ကွက်များအတွင်း ကမ်းလွန် လုပ်ကွက်များလည်း ပါဝင်ပြီး ဂတ်စ် ထုတ်လုပ်နိုင်သည့် အနေအထား ရောက်ရန်မှာ ပုံမှန်ထုတ်လုပ်မှု ဖြစ်စဉ်အရ နှစ်အနည်းငယ် စောင့်ရဦးမည်ဖြစ်ကြောင်း သိရသည်။