အသေးစားနှင့်အလတ်စား လုပ်ငန်း(SME)များအတွက် နိုင်ငံတော်က ချပေးထားသော ချေးငွေပမာဏမှ အနည်းငယ်သာ ထုတ်ချေးပေးနိုင်သေးရာ ချေးငွေများကျန်ရှိနေသေးကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောသည်။
နိုင်ငံတော်အနေဖြင့် SME များအတွက် ချေးငွေ ကျပ် ၃၀ ဘီလီယံ ချပေးထားခဲ့ပြီး ယင်းအနက်မှ ၁၀ ဘီလီယံကို အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ်(SMIDB)မှတဆင့် လုပ်ငန်းရှင် ၆၂ ဦးသို့ ထုတ်ချေးခဲ့ကြောင်း၊ ကျန်ရှိသည့် ၂၀ ဘီလီယံ တွင် အနည်းငယ်သာ ထုတ်ချေးနိုင်သေးကြောင်း ဦးမောင်မြင့် က ဇန်နဝါရီ ၂၀ ရက်က ပြောဆိုခြင်း ဖြစ်သည်။
ဝန်ကြီး ဦးမောင်မြင့်က“နောက်ထပ် ဘီလီယံ ၂၀ ကျန်တယ်ပေါ့။ ဒါကို မျှမျှတတဖြစ်ဖို့ရာအတွက် ပြည်နယ်နဲ့တိုင်း ဒေသကြီးတွေကို ၁ ဘီလီယံစီ ပေးလိုက်တယ်။ နောက်တော့မှ SME တွေ ထူထူ ထပ်ထပ်ရှိနေတဲ့ ရန်ကုန်၊ မန္တလေးတို့ စစ်ကိုင်းတို့ ဧရာဝတီတို့ ဒါတွေကို ပိုတဲ့ဟာ ချေးပေးလိုက်တယ်။ ဒါကလုပ်နေတုန်းပါပဲ။ မနေ့က ရတဲ့ စာရင်းဇယားအရဆိုရင်တော့ ဘီလီယံ ၂၀ ချေးဖို့ဟာကို မနေ့ကအထိ ၃.၆ ဘီလီယံပဲ ချေးပေးရသေးတယ်”ဟု ပြောသည်။
ယင်းသို့ ဘီလီယံ ၂၀ အနက်မှ ၃.၆ ဘီလီယံသာ ထုတ်ချေးပေးနိုင်သည်မှာ ငွေ ချေးပေးရာတွင် အခက်အခဲများ နှင့် ကြန့်ကြာမှုများ ရှိနေသည့် အတွက်ဖြစ်ကြောင်း သိရသည်။
ဦးမောင်မြင့်က “ကျနော်တို့က မြန်မြန် ချေးချင်တယ်။ ဒါပေမယ့် လုပ်ရိုးလုပ်စဉ်တွေက သိပ်ပြီး ကြန့်ကြာနေပါတယ်။ နိုင်ငံတော်က ပေးတဲ့ ဘီလီယံ ၃၀ ဆိုတာလည်း မလုံလောက်ပါဘူး”ဟု ပြောသည်။
နိုင်ငံတော်တွင် လက်ရှိအချိန်ထိ မှတ်ပုံတင်ထားသော SME လုပ်ငန်းပေါင်းမှာ ၄၆၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး စက်မှုဝန်ကြီးဌာန မှန်း ဆ ထားချက်အရဆိုလျှင် ၅သောင်းကျော် ၆သောင်းဝန်းကျင် ရှိမည်ဟု ဆိုသည်။
ယင်းသို့ များပြားလှသော လုပ်ငန်းများအတွက် အစိုးရက ထုတ်ချေးနေသည့် ပမာဏမှာ သိသာစွာ နည်းပါးလွန်းသည့် အခြေအနေဖြစ်ရာ ပြည်ပ ချေးငွေ အကူအညီများနှင့်လည်း ချိတ်ဆက်လုပ်ဆောင်နေကြောင်း သိရသည်။
လက်ရှိတွင် ပြည်ပအကူအညီ ချေးငွေအနေဖြင့် စင်္ကာပူနိုင်ငံရှိ ငွေကြေးအဖွဲ့အစည်း တခုဖြစ်သော Diamond Asia အဖွဲ့အစည်းမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း၂၀ နှင့် ဗီယက်နမ်နိုင်ငံ VIBB ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးရန် ပြောဆိုထားကြောင်း စက်မှု ဝန်ကြီးက ပြောသည်။
“ဒေါ်လာသန်း ၂၀ ချေးဖို့အတွက် တော်တော်လေး ခရီးရောက်ပါပြီ။ ဒီတလလောက် အတောအတွင်းမှာပဲ ဒီငွေရဖို့ရှိပါတယ်။ ဒီငွေကိုလည်း SME တွေကို ချေးသွားမှာပါ။ နောက် ဗီယက်နမ်က VIBB လို့ခေါ်တဲ့ ဘဏ်နဲ့လည်း ဒေါ်လာသန်း ၃၀ ချေးဖို့ နားလည်မှု ရရှိပြီးပါပြီ”ဟုလည်း စက်မှုဝန်ကြီးက ပြောဆိုသည်။
ယခုအချိန်တွင် စက်မှုကဏ္ဍ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်း တိုင်းရင်းသား ရင်းနှီးမြှုပ်နှံမှု ၂ ခုစလုံး တိုး လာ ကြောင်း သိရသည်။
လက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၅၉၈ခု နှင့် တန်ဖိုးပမာဏ ဒေါ်လာသန်းပေါင်း ၄၂ ဘီလီယံ ရှိရာတွင် စက်မှု ကဏ္ဍရင်းနှီးမြှုပ်နှံမှုသည် လုပ်ငန်း အရေအတွက် ၃၆၀ နှင့် တန်ဖိုး ၃.၉၅ ဘီလီယံ ရှိကြောင်း ရာခိုင်နှုန်းအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအားလုံး၏ ၉.၂၅ ရာခိုင်နှုန်း ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနက ပြောသည်။
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဇေယျာအောင် က“အစိုးရသစ်လက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က စက်မှုလုပ် ငန်း မှာ လုပ်ငန်း ၅ ခု၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ လုပ်ငန်း ၇၈ ခု၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ၉၄ ခု၊ အခုဘဏ္ဍာနှစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ လကုန်အထိ ၁၁၄ ခုပေါ့။ တဖြည်းဖြည်း တိုးတက်ပြီး ရင်းနှီးမြှုပ်နှံလာတာတွေ့ရတယ်”ဟု ပြောသည်။
ပြည်တွင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွင် လုပ်ငန်းပေါင်း ၁၀၁၈ ခု ခွင့်ပြုထားပြီး တန်ဖိုး ကျပ်သန်းပေါင်း ၅၄ သန်းကျော်ရှိရာတွင် စက် မှု လုပ်ငန်းမှာ စုစုပေါင်း၏ ၂၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။