စာချုပ်စာတမ်း၊ ငွေပေးငွေယူ၊ တိုက်ခန်း အရောင်းအဝယ် ဆိုင်ရာများနှင့် ပတ်သက်၍ တရား ရင်ဆိုင်နေရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို အခြား နစ်နာသူ မြေပိုင်ရှင်များနှင့် အခန်းပိုင်ရှင်များကလည်း ထပ်မံ၍ တရားစွဲဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Father Land ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်မြင့်သည် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် သင်္ဃန်းကျွန်း မြို့နယ် များတွင် တိုက်ခန်း ဆောက်လုပ်မှုများနှင့်ပတ်သက်ပြီး ငွေကြေးဆိုင်ရာ အငြင်းပွားမှုများ ဆက်တိုက် ဖြစ်ပွားနေခြင်း ဖြစ်သည်။
လတ်တလော အခြေအနေတွင် ဦးကျော်မြင့်သည် လမ်းမတော် မြို့နယ်ရှိ နှစ်ခန်းတွဲ နှစ်ထပ် ၊ လေးခန်းပါ တိုက်အိမ်ဟောင်း ဝယ် ယူမှုနှင့် ပတ်သက်ပြီး ကာယကံရှင်များက တရားစွဲဆိုမည်ဖြစ်ကြောင်း အစိုးရ သတင်းစာများ၌ ကြေညာချက် ထည့်သွင်း၍ သတိပေး ခံထားရကြောင်း သိရသည်။
ဦးကျော်မြင့်သည် ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် လမ်းမတော်မြို့နယ် ၊ ဘုန်ကြီးလမ်း ၊ ၆ရပ်ကွက်ရှိ မြေကွက်အမှတ် V-၁၇/၁၈ ၊ မြေဧက ၀ ဒသာမ ၀၄၅ ဧကရှိ နှစ်ခန်းတွဲ နှစ်ထပ်၊ လေးခန်းပါ တိုက်အိမ်ဟောင်း အား ဦးလှမိုးထွန်း (ခ) ရန်အောင် ပါ(၄) ဦးထံမှ အရစ်ကျ ငွေပေးချေမှုစနစ်ဖြင့် ဝယ်ယူခဲ့ရာ သတ်မှတ်အချိန်ကာလအတွင်း အဆောက်အအုံ ပြီးစီးရန် ဆောက်လုပ် ပေး နိုင်မှု မရှိခြင်း၊ သက်ဆိုင်ရာ မြေပိုင်ရှင်များထံမှ ချေးယူထားသည့်ငွေများကို ပြန်လည်ပေးအပ်မှုမရှိခြင်း များကြောင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် နစ်နာသူများဘက်က ထိုသို့ သတိပေး ကြေညာချက် ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။
ဦးလှမိုးထွန်း(ခ) ဦးရန်အောင်နှင့် နီးစပ်သူ တဦးက“သူတို့ရဲ့ဖော်မြူလာက လူတွေကို အကုန်ခေါ်ထားတယ်။ အကုန်လုံး လာခဲ့ကြ။ ဘယ်လောက် ရှိတယ်ဆိုတာ စာရင်း ကောက်တဲ့သဘောပါ။ ညှိနှိုင်းတာ မညှိနှိုင်းတာက ပါးစပ်နဲ့ပဲ လုပ်နေတာ။ ကျမတို့ကတော့ တရားစွဲသွားမှာပဲ။ သူလိမ်ထားတာက သိန်း ၁ သောင်း ခြောက်ထောင် ကျော်တယ်”ဟု ပြောဆိုသည်။
ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ် ပြည်တော်သာ တန်ဖိုးနည်းအိမ်ရာကို ကြိုပွိုင့်စနစ်ဖြင့် ၂၀၁၂ ခုနှစ်တွင် ဦးကျော်မြင့်က ရောင်းချထား ခဲ့ပြီး သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြီးစီးရန် ဆောက်လုပ်မပေးနိုင်ခဲ့သဖြင့် ကြိုပွိုင့် ဝယ်ယူထားသူများက ယင်း ကိစ္စကို ၁၂ ရက်အတွင်း ဖြေရှင်းပေးရန် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းက သတိပေး အကြောင်းကြားမှု ဖြစ်ပွားခဲ့သည်။
“လက်ရှိ သူတို့အနေအထားနဲ့က ဘာမှဆက်လုပ်နိုင်မှာ မဟုတ်တော့ဘူးလေ။ ကျနော်တို့ အနေနဲ့လည်း သူတို့ကို ငွေထပ်သွင်းဖို့ဆိုတာလည်း သူတို့ကို ယုံကြည်ချက် မရှိတော့ဘူူးလေ။ အဲဒီ အတွက်ကြောင့် ကျနော်တို့ကတော့ ငွေပဲ ပြန်လိုချင်တယ်။ ကျနော် တို့နဲ့အတူ ဝယ်ထားတဲ့ သူတွေကလည်း ငွေပဲ ပြန်တောင်းချင်တယ်။ ငွေပြန်တောင်းတာကိုပဲ သူတို့ဘက်က ဝေ့လည်ကြောင်ပတ် လုပ်နေတယ်”ဟု Father Land ကုမ္ပဏီမှ ပြည်တော်သာ တန်ဖိုးနည်း အိမ်ရာအား ကြိုပွိုင့်စနစ်ဖြင့်ဝယ်ယူထားသူ ဦးသိန်းကျော်က ဧရာဝတီသို့ ပြောသည်။
ဦးကျော်မြင့် ယခင် ရင်ဆိုင်နေရသည့်အမှု တခုမှာ ကျောက်တံတားမြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ ပန်းဆိုးတန်း အလယ် ဘလောက် ရှိ အမှတ် ၁၈၁/၁၈၇၊ မြေအကျယ် ပေ ၁ဝဝ × ပေ ၆ဝ ပေါ်၌ MEI Business Tower ဆောက်လုပ်ရန် မြေပိုင်ရှင် ဖြစ် သူနှင့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီကြား ခေတ်မီ ၄ ခန်းတွဲ ၁၂ ထပ်ခွဲတိုက်အား ၂ နှစ်အတွင်း အပြီး ဆောက်လုပ်မည် ဟု ကတိပြုထားခဲ့သည့်အမှု ဖြစ်သည်။
ထိုအမှုတွင် ဦးကျော်မြင့်သည် မြေရှင် သဘောတူညီသည့် ပုံစံအတိုင်း မဟုတ်ဘဲ ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲ၍ မြေရှင် လက်မှတ် အတုများဖြင့် စည်ပင်မှ ခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ ၁၂ ထပ်တိုက်မှာ ၂ဝ၁၂ ခုနှစ်တွင် လူနေထိုင်ခွင့်ရမည် ဖြစ် သော်လည်း ၄ နှစ်ကျော် ကြာသည်အထိ ပြီးစီးရန် ဆောက်လုပ်ပေးခြင်း မရှိသဖြင့် မြေပိုင်ရှင်က ၂၀၁၄ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် ကျောက်တံတား ရဲစခန်း၌ (ပ)၃၆၂/၂ဝ၁၄၊ ပုဒ်မ-၄၂ဝ/၄၆၈ ဖြင့် အမှုဖွင့်တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ဦးကျော်မြင့်အား စွဲဆိုထားသည့် ပုဒ်မ ၄၂၀ နှင့် ၄၆၈ တို့သည် ပြစ်မှုဆိုင်ရာ ဥပဒေအရ အများဆုံး ထောင်ဒဏ် ၇ နှစ်အပြင် ထောင်ဒဏ်တမျိုးမျိုးနှင့် ငွေဒဏ်များ ချမှတ်နိုင်ကြောင်း သိရသည်။
ယင်းအမှုနှင့် ပတ်သက်၍ လိုက်ပါဆောင်ရွက်နေသူ တရားလို ရှေ့နေ ဒေါ်ဆွေဆွေငြိမ်းက“တရားစွဲ ကတည်းက ၄၂၀ ရယ် ၄၆၈ ပုဒ်မ ၂ခုနဲ့ တရားစွဲတယ်။ အခု ကျောက်တံတား မြို့နယ် တရားရုံးမှာ မစစ်ချင်တော့ ရုံးပြောင်း လျှောက်ထားတယ်။ ဒါကို အနောက်ပိုင်း ခရိုင် တရားရုံးက လက်ခံထားတယ်။ ၉ ရက်နေ့မှာ ရုံးပြောင်း စစ်ပေးဖို့ အမိန့် ချမယ်။ စဆွဲကတည်းကဆို အခုက ရုံးချိန်းက ၇ ချိန်း ရှိပြီ။ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး တိုက်မဆောက်တော့တဲ့အချိန်က စပြီး အခုချိန်ထိ ဦးကျော်မြင့်နဲ့ ဘာမှကို အဆက်အသွယ်မရဘူး”ဟု ဧရာဝတီ သို့ ပြောသည်။
လက်ရှိအချိန်တွင် ဦးကျော်မြင့် ရင်ဆိုင်နေရသည့် စာချုပ်စာတမ်း၊ ငွေပေးငွေယူ၊ တိုက်ခန်း အရောင်းအဝယ်နှင့် အစုရှယ်ယာကိစ္စ များနှင့်ပတ်သက်ပြီး ဦးကျော်မြင့်၏ ရှေ့နေ ဦးကြည်လင်းက သက်ဆိုင်သူအားလုံးနှင့် လူမှုရေးအရ ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ဧရာဝတီသို့ ပြောသည်။
“တရားစွဲမယ် ဆိုလည်း တရားစွဲနိုင်ပါတယ်။ လူမှုရေးအရ လာရောက် ညှိနှိုင်းမယ်ဆိုလည်း လာရောက်ညှိနှိုင်း နိုင်ပါတယ်။ အားလုံးက ကာယကံရှင်တွေရဲ့သဘောပါ”ဟု ဦးကြည်လင်းက ပြောဆိုသည်။
ယုံကြည်အပ်နံှခြင်းအား အလွဲသုံးစားပြုမှု၊ စာချုပ်စာတမ်း အလွဲသုံးစားပြုမှုတို့ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်မြင့်အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ကျောက်တံတား မြို့နယ် တရားရုံး၌ ထပ်မံ ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်းလည်း ဦးကြည်လင်းက ဖြည့်စွက် ပြောကြားသည်။